နာမည်ဇောက်ထိုးများအကြောင်း

Astrology
နာမည်ဇောက်ထိုးများအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နာမည်ဇောက်ထိုးများအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နာမည်ဇောက်ထိုးများအကြောင်း

လူတစ်ဦးမှာ နာမည်တစ်မျိုး ၊ တချို့ဆိုရင် နှစ်မျိုး သုံးမျိုးအထိ မှည့်ခေါ်တတ်ကြပါတယ် ။ နာမည်တစ်မျိုးမှာ စရိုက်သဘာဝ တစ်မျိုးက ပါစမြဲ ၊ အဲဒီ စရိုက်သဘာဝအတိုင်း ဘဝမှာ တက်ကျနိမ့်မြင့် လောကဓံကို ခံစားကြရပါတယ် ။

နာမည်ရွေးချယ်ရာ လမ်းကြောင်းအမှန်ကို မှည့်ခေါ်ထားသူဖြစ်စေ ၊ နာမည်ရွေးချယ်မှု မှားယွင်းခဲ့သည်ဖြစ်စေ ၊ သူ့ရဲ့နာမည်အမျိုးအစားအလိုကမအသက်မွေးဝမ်းကျောင်းမှု ဝါသနာ ၊ ဗီဇ ၊ ပတ်ဝန်းကျင်အပြောင်းအလဲဆိုတာတွေ တွေ့ကြုံကြရပါတယ် ။

ငွေကြေးချမ်းသာသူရဲ့သားသမီးတွေပညာတတ်မိဘအသိုင်းအဝိုင်းကမွေးဖွားလာတဲ့ သားသမီးတွေဟာ ငွေကြေးချမ်းသာတာ ၊ အဆင့်မြင့်ပညာတွေတတ်တာ ၊ မထူးဆန်းပေမဲ့ မိုက်ရိုင်းကြမ်းတမ်းယုတ်မာ လာပြီဆိုရင်တော့ ထူးဆန်းလာပြီ ။ ပတ်ဝန်းကျင်ကောင်းမှာနေထိုင်ရပေမဲ့လို့ ပင်ကိုယ်စရိုက်သဘာဝ အစွမ်းပြတဲ့အချိန်မထိန်းသိမ်းနိုင်လောက်အောင် ဖြစ်လာရတာဟာ သူ့ကိုမှည့်ခေါ်ထားတဲ့ နာမည်ကြောင့်ဆိုတာကိုသဘောပေါက်စေချင်တယ် ။

ဆင်းရဲတဲ့မိသားစုတွေ လူလတ်တန်းစားမိသားစုတွေမှာလည်း အလားတူပါပဲ ။ မိဘထက်သာတဲ့ ထူးချွန်တဲ့ ၊ ချမ်းသာတဲ့ ၊ သားသမီးတွေရှိလာသလိုပဲ မိဘကိုအကျိုးမပေး ဒုက္ခပေးတဲ့သားသမီးဆိုတာလည်း ရှိစမြဲပါပဲ ။ တချို့ဆို မိဘဆင်းရဲပေမဲ့ ကိုယ့်အားကိုယ်ကိုးပြီး ဘဝတိုးတက်အောင်ကြိုးစားသွားကြသူတွေလည်း အများကြီးတွေ့ရပါလိမ့်မယ် ။ အဲဒါတွေ အားလုံးဟာ နာမည်ရွေးချယ်မှုလမ်းကြောင်းမှန်ခြင်းမှားခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်ပါပဲ ။

အဓိက အနေနဲ့ပြောရရင် နာမည်ဇောက်ထိုးမှည့်ခေါ်ထားကြတဲ့ နာမည်ရှင်များဟာ မိမိဘဝတက်လမ်းကိုမိမိဖျက်ဆီးခြင်း ၊ မိမိရှာဖွေရရှိတဲ့စည်းစိမ်ဥစ္စာကို အလဟဿ ဖြုန်းတီးပစ်ခြင်း ၊ မိမိမိသားစုအသိုက်အမြုံကို ပျက်စီးစေခြင်း ၊ နောက်ဆုံး မိမိကျန်းမာရေးကိုမိမိဖျက်ဆီးခြင်းဆိုတာတွေအထိ လုပ်ဆောင်တတ်ကြပါတယ် ။

ဗေဒင်ပညာမှာ နာမည်ဇောက်ထိုးသုံးမျိုး ရှိပါတယ် ။ အင်္ဂဝိဇ္ဇာအခေါ်အဝေါ်နဲ့ပြောရရင်”အမြစ်အညွှန့်ဇောက်ထိုး” ၊ “သာစည်ဇောက်ထိုး”နဲ့ “ပင်းယဇောက်ထိုး” ဆိုပြီး သတ်မှတ်ပါတယ် ။

အဲဒီအထဲက အားအပြင်းဆုံး နဲ့ ထိချက်အပြင်းဆုံးနားမည်အမျိုးအစားဟာ အမြစ်အညွန့်ဇောက်ထိုးနာမည် အမျိုးအစားဖြစ်ပါတယ် ။

ဥပမာအနေနဲ့….
တနင်္ဂနွေသားသမီးကို တနင်္လာအစ + စနေ အဆုံးမှည့်ခေါ်ထားတာမျိုး ။
တနင်္လာသားသမီးကို အင်္ဂါအစ + တနင်္ဂနွေအဆုံးမှည့်ခေါ်ထားတာမျိုး ။
အင်္ဂါသားသမီးကို ဗုဒ္ဓဟူးအစ + တနင်္လာ အဆုံးမှည့်ခေါ်ထားတာမျိုး ။
ဗုဒ္ဓဟူးသားသမီးကို ကြာသပတေးအစ + အင်္ဂါ အဆုံးမှည့်ခေါ်ထားတာမျိုး ။
ကြာသပတေးသားသမီးကို သောကြာအစ + ဗုဒ္ဓဟူးအဆုံးမှည့်ခေါ်ထားတာမျိုး ။
သောကြာသားသမီးကို စနေအစ + ကြာသပတေးအဆုံး မှည့်ခေါ်ထားတာမျိုး ။
စနေသားသမီးကို တနင်္ဂနွေအစ + သောကြာ အဆုံး မှည့်ခေါ်ထားတာမျိုး ။

အဲဒီနာမည်အားလုံးဟာ အမြစ်အညွှန့်ဇောက်ထိုး နာမည်ရှင်တွေဖြစ်ပါတယ် ။ အဲဒီလိုနာမည်မှည့်ခေါ်ခံလိုက်ရတဲ့သူဟာ မိမိဘဝကို မိမိပြန်ဖျက်ဖို့ တရားဝင်ခွင့်ပြုမိန့်ရလိုက်သလိုပါပဲ ။ မိဘ ဆရာနဲ့ဆွေမျိုးပတ်ဝန်းကျင်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အများကြီးလိုအပ်ပါတယ် ။ အသက်အရွယ်မရောက်မချင်း ၊ ပညာမစုံမချင်း ၊ စီးပွားဥစ္စာရှာဖွေတတ်တဲ့ အရွယ်ရောက်တဲ့အထိ ထိန်းသိမ်းထားနိုင်မှတော်ကာကျမှာပါ ။

မဟုတ်လို့ကတော့ ထင်ရာစိုင်းတတ်တဲ့ ဘဝကိုရောက်ရှိသွားနိုင်ပါတယ် ။ အသက်မပြည့်ခင် အိမ်ထောင်ပြုတာ ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်စွဲတာ ၊ ဆေးစွဲတာ ၊ အမှုအခင်းပြဿနာရှာတာတွေကိုကျူးလွန်မိတတ်ကြပြီး ဘဝအခြေအနေ ဆိုးရွားတတ်ကြပါတယ် ။

ဒါကြောင့် မိဘများအနေနဲ့ ဒီလိုနာမည်မျိုးကို သူတစ်ပါးကရွေးပေးခဲ့ရင်တောင် မမှည့်ခေါ်ကြပါနဲ့ ။ ဆရာပဲဖြစ်ဖြစ် ၊ အဖိုးအဖွားကပဲဖြစ်ဖြစ် ၊ ဘုန်းကြီးကရွေးပေးတာပဲဖြစ်ဖြစ် အားမနာပါနဲ့ မကြောက်ပါနဲ့ ။

အဲဒီနာမည်ဟာ ကိုယ့်ခလေးရဲ့ ဘဝရှေ့ရေးကို “အညွှန့်ကျိုး”စေတတ်ပါတယ် ။ ကိုယ်ကဘယ်လောက်ပဲချမ်းသာပါစေ ၊ ဘယ်လောက်ပဲပညာတတ်ပါစေ ၊ ကိုယ့်ကလေးကိုတော့ မျက်စိအောက်မှာ တစ်ချိန်လုံးစောင့်ကြည့်ဖို့ဆိုတာမဖြစ်နိုင်ပါ ။ ဒါကြောင့် အစကတည်းက ဒီလိုနာမည်အမျိုးအစားကို ရှောင်ပါလို့ တင်ပြလိုက်ပါတယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။