ဂါဇာမှာ အစ္စရေးစစ်တပ်ကလူတွေကိုဘယ်လိုဖမ်းဆီးစစ်ကြောခဲ့သလဲ

International News

ဂါဇာမှာ အစ္စရေးစစ်တပ်ကလူတွေကိုဘယ်လိုဖမ်းဆီးစစ်ကြောခဲ့သလဲ

ဂါဇာ မြောက်ဖျားက ဘလားဟီးယားမှာ အမျိုးသားတွေ အဖမ်းခံခဲ့ရတာလို့ ယူဆရပါတယ်။

အစ္စရေးစစ်တပ်လက်က လွတ်လာသူတွေရဲ့ ပြောပြချက်

ဂါဇာ မြောက်ဖျားက ဘလားဟီးယားမှာ အမျိုးသားတွေ အဖမ်းခံခဲ့ရတာလို့ ယူဆရပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က အစ္စရေးကာကွယ်ရေးတပ်(IDF)က သူ့ကို အခြားသူတွေနဲ့အတူ ဂါဇာမြောက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ အသက် ၂၂ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသားတစ်ဦးက ပြန်ပြောပြပါတယ်။

သူတို့ဖြစ်ရပ်ကိုရိုက်ကူးထားတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံမှတ်တမ်းတွေ လူမှုကွန်ရက်မှာထွက်ပေါ်လာသလို ဒါကို ဘီဘီစီကလည်း အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။

ရုပ်သံဖိုင်ထဲမှာ အတွင်းခံဘောင်းဘီပဲ ကျန်တော့တဲ့ အမျိုးသားဒါဇင်ပေါင်းများစွာဟာ မြေပြင်မှာ ဒူးထောက်နေရပြီး အစ္စရေးစစ်သည်တွေက သူတို့ကို စောင့်ကြပ်နေတာကို တွေ့မြင်ရပါတယ်။

အဲဒီအမျိုးသားတွေဟာ ဂါဇာကမ်းမြောင်ဒေသမြောက်ဘက်ဖျားက ဘလားဟီးယားမြို့ မှာ အဖမ်းခံခဲ့ရတာလို့ ယူဆရပါတယ်။

“အစ္စရေးတပ်က ကျွန်တော်တို့ကို လမ်းလယ်ကြီးမှာ သုံးနာရီလောက်ထိုင်ခိုင်းထားတယ်။ ပြီးတော့ ထရပ်ကားတွေ ရောက်လာပြီး သူတို့က ကျွန်တော်တို့ကို လက်ထိပ်ခတ်၊ မျက်လုံးကိုစည်းပြီး ဘယ်နေရာမှန်းမသိတဲ့တစ်နေရာကို ခေါ်သွားတယ်” လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ လူငယ်အမျိုးသားက ဘီဘီစီကို တယ်လီဖုန်းကတဆင့်ပြောပြခဲ့ပါတယ်။

ပလက်ဖောင်းပေါ်မှာ အမျိုးသားတစ်စုကို ဖိနပ်ချွတ်၊ တန်းစီခိုင်းပုံရပြီး သူတို့ရဲ့ ဖိနပ်တွေဟာ လမ်းပေါ်မှာ ပြန့်ကြဲနေတာကို ရုပ်သံဖိုင်မှာ မြင်တွေ့ရပါတယ်။

အစ္စရေးစစ်သည်တွေနဲ့ သံချပ်ကာကားတွေက သူတို့ကို စောင့်ကြပ်နေပါတယ်။
အခြားဓာတ်ပုံတွေမှာတော့ အမျိုးသားတွေကို စစ်ဘက်သုံးထရပ်ကားတွေနဲ့ တင်ဆောင်သွားတာကို မြင်တွေ့ရပြီး lat nat ချအညံ့ခံတဲ့ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေဖြစ်တယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သတ်မှတ်ထားတဲ့နေရာကို ရောက်တဲ့အခါ သူတို့ကို ဟားမတ်စ် နဲ့ ပတ်သက်မှုကို မေးမြန်းစစ်ကြောဖို့အတွက် ကျပန်းရွေးချယ်ခဲ့ကြတယ်လို့ လူငယ်အမျိုးသားက ပြောပြပါတယ်။

မြေထိုးစက်နဲ့ ထိုးကော်ထားတဲ့ သဲကျင်းကြီးတစ်ခုထဲမှာ ဒူးထောက်နေရတဲ့ အမျိုးသားတစ်စုကို နောက်ထပ်ဓာတ်ပုံတစ်ပုံမှာ တွေ့ရမှာဖြစ်ပြီး သူတို့ မျက်လုံးတွေစည်းနှောင်ခံထားရပါတယ်။

ဒီဓာတ်ပုံကိုတော့ ဘီဘီစီက ဘယ်မှာလဲလို့တော့အတည်မပြုရသေးပါဘူး။

အသက် ၂၂ နှစ်အရွယ် အမျိုးသားရဲ့ ပြောဆိုမှုနဲ့ ဒီဓာတ်ပုံတို့ကြား ဆက်စပ်နေပါတယ်။ သူအပါအဝင် သူ့အဖေ၊ အစ်ကို နဲ့ ဝမ်းကွဲညီအစ်ကို ၅ ဦး ခေါ်သွားခံရတဲ့နေရာက ‘သဲထူတယ်’လို့ သူက ပြောပါတယ်။

သူတို့ဟာ အဲ့ဒီနေရာမှာ အဝတ်အစားမလုံ့တလုံနဲ့နေခဲ့ရပြီး ညအချိန်မှာတော့ စောင်တစ်ထည်စီရတယ်လို့ သူက ပြန်ပြောပြပါတယ်။

စစ်ကြောမေးမြန်းပြီးနောက်မှာ သူ့ကို တစ်နေရာကို ခေါ်ဆောင်သွားပြီး အိမ်ပြန်ဖို့ ပြောတယ်လို့ အဲဒီလူငယ်အမျိုးသားက ပြောပြပါတယ်။

“ကျွန်တော့်အဖေနဲ့ အကြီးဆုံးတစ်ဝမ်းကွဲအစ်ကိုကလွဲလို့ ကျွန်တော်တို့အားလုံးကို ပြန်လွှတ်လိုက်ပါတယ်၊ ကျွန်တော့်အဖေက UNRWA( ကုလကယ်ဆယ်ရေးဌာန)မှာ လုပ်ပါတယ်၊ သူ့ကိုဘာလို့ဖမ်းသွားတယ်ဆိုတာ မသိပါဘူး” လို့ သူက ပြောပါတယ်။

“ကျောက်ခဲတွေ၊ မှန်ကွဲတွေအပြည့်ရှိနေတဲ့ လမ်းပေါ်မှာ အမှောင်ကြီးထဲ ကျွန်တော်တို့ ခြေဗလာနဲ့ လမ်းလျှောက်ခဲ့ရတယ်” လို့ သူက ဆက်ပြောပါတယ်။

ဘယ်ဂျီယံမှာ နေထိုင်တဲ့ နောက်ထပ် ပါလက်စတိုင်းသား မိုဟာမက်လက်ဘတ်ကလည်း အခြားမိသားစုဝင် ၁၀ ဦးနဲ့အတူ အဖမ်းခံခဲ့ရတဲ့ သူ့အစ်ကို ဘာတွေကြုံခဲ့ရတယ်ဆိုတာကို အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။

“ထရပ်ကားပေါ်မှာ အဝတ်အစားမလုံ့တလုံနဲ့ရှိနေတဲ့ အမျိုးသားတွေကြားက သူ့အစ်ကိုရဲ့ ပုံကို သူက စက်ဝိုင်းဝိုင်းပြပြီး ဒါ ကျွန်တော့် အစ်ကို” လို့ ရေးသားခဲ့ပါတယ်။

မိုဟာမတ်က ဘီဘီစီ နဲ့ စကားပြောဖို့ သဘောတူခဲ့ပါတယ်။

“သူတို့ လာမဖမ်းခင် နှစ်နာရီအလိုမှာ ကွန်ပျူတာအင်ဂျင်နီယာဖြစ်တဲ့ ကျွန်တော့်အစ်ကို အီဘရာဟင်နဲ့ WhatsApp ကနေ ဗီဒီယိုကောနဲ့ စကားပြောခဲ့ပါသေးတယ်” လို့ သူက ပြောပါတယ်။

သူ့အစ်ကိုမှာ သမီးနှစ်ဦးရှိတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့အိမ်နဲ့ ဘလားဟီးယားက တစ်ရွာလုံးကို အစ္စရေးတပ်တွေက ပိတ်ဆို့ထားခဲ့တယ်လို့ အစ်ကိုက ကျွန်တော့်ကို ပြောပြခဲ့ပါတယ်” လို့ သူကပြောပါတယ်။

”နှစ်နာရီအကြာမှာ လူမှုကွန်ရက်မှာတင်ထားတဲ့ ဗီဒီယိုကို တွေ့လိုက်ရပါတယ်။ ကျွန်တော့် အစ်ကိုနဲ့ အိမ်နီးချင်းတချို့ကို ချက်ချင်းပဲ မှတ်မိခဲ့တယ်” လို့ မိုဟာမက် ကပြောပါတယ်။

ညီအစ်ကိုဝမ်းကွဲနှစ်ဦးကလွဲလို့ ကျန်တဲ့ဆွေမျိုးတွေကို ပြန်လွှတ်ပေးလိုက်ကြတယ်လို့ မိုဟာမက်က ပြောပါတယ်။

အဖမ်းခံထားရသူတွေကတော့ အသက် ၃၅ နှစ်အရွယ် ကျောင်းဆရာတစ်ဦး ဖြစ်တဲ့ အာမတ်လက်ဘတ် နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အိုင်မန်လက်ဘတ်တို့ ဖြစ်ကြပါတယ်။

အာမတ် မှာ ကလေးလေးဦး ရှိပြီး အိုင်မန် မှာတော့ သားသမီးသုံးဦး ရှိပါတယ်။

သူ့မိသားစုဟာ အပြစ်မဲ့အရပ်သားတွေဖြစ်ပြီး စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက်မှုမရှိဘူးလို့ မိုဟာမက်က ပြောပါတယ်။ အမျိုးသား ၄၀၀ လောက်အဖမ်းခံရပြီး ၂၅၀ ပြန်လွတ်လာတယ်လို့ အဖမ်းခံရသူတစ်ဦးရဲ့ ဆွေမျိုးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အစ္စရေး ဘယ်လို တုံ့ပြန်လဲ

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂရီ

ဗီဒီယိုနဲ့ပတ်သက်လို့ ဘီဘီစီက မေးမြန်းတဲ့အခါမှာ အစ္စရေးအစိုးရရဲ့ ပြောခွင့်ရှိသူက ထိန်းသိမ်းခံရတဲ့ အမျိုးသားတွေဟာ စစ်မှုထမ်းနိုင်တဲ့ အသက်အရွယ်ရှိကြပြီး လွန်ခဲ့တဲ့ရက်သတ္တပတ်ပေါင်းများစွာကတည်းက အရပ်သားတွေ စွန့်ခွာသွားပြီဖြစ်တဲ့ နေရာတွေမှာ သူတို့ကို တွေ့ခဲ့တာလို့ ဖြေပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) ကတော့ ဓာတ်ပုံတွေနဲ့ပတ်သက်လို့ တိုက်ရိုက်မှတ်ချက်မပေးဘဲ ပြောရေးဆိုခွင့်ရှိသူဒန်နီယယ် ဟာဂရီ က အစ္စရေးစစ်သည်တွေနဲ့ ရှင်းဘတ်(အစ္စရေးထောက်လှမ်းရေးဌာန)က အရာရှိတွေဟာ အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ရာပေါင်းများစွာကို ထိန်းသိမ်းပြီး စစ်ကြောမေးမြန်းခဲ့တယ်လို့ ကြာသပတေးနေ့မှာ ပြောပါတယ်။

သူတို့ထဲက အများစုက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သူတို့သဘောဆန္ဒနဲ့ လာရောက်အဖမ်းခံခဲ့တာဖြစ်ပြီး သူတို့ကို စစ်ကြောမေးမြန်းရာက ရရှိတဲ့ သတင်းအချက်အလက်တွေကို ဆက်လက်တိုက်ခိုက်ရာမှာ အသုံးပြုနေတယ် လို့ သူက ပြောပါတယ်။

ဂါဇာမြောက်ပိုင်းက ဟားမာတ်စ်အမာခံစခန်းနဲ့ ထောက်ခံသူများတဲ့ ဂျာဘာလီယာနဲ့ ရှီဂျိုင်ယာတို့က အမျိုးသားတွေကို ထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ အစ္စရေးအစိုးရရဲ့ ပြောခွင့်ရှိသူ အိုင်လွန် လဗီက ဘီဘီစီကို သောကြာနေ့မှာ ပြောပါတယ်။

“ဘယ်သူက ဟားမတ်စ် အကြမ်းဖက်သမားလဲ၊ ဘယ်သူက အကြမ်းဖက်သမားမဟုတ်ဘူးလဲဆိုတာကို ဖော်ထုတ်ဖို့ သူတို့ကို စစ်ကြောမေးမြန်းမှာဖြစ်တယ်”လို့ လဗီက ပြောပါတယ်။

အရက်စက်ဆုံးပုံရိပ်တွေလို့ပြော

အစ္စရေးတပ်က လမ်းလယ်မှာ သုံးနာရီလောက်ထိုင်ခိုင်းထားတယ် လို့ လွတ်မြောက်လာသူတွေပြော

အစ္စရေးတပ်က လမ်းလယ်မှာ သုံးနာရီလောက်ထိုင်ခိုင်းထားတယ် လို့ လွတ်မြောက်လာသူတွေပြော

အစ္စရေးကျူးကျော်ရေးတပ်ဖွဲ့ ရဲ့ ကုလသမဂ္ဂ ခိုလှုံရေးစခန်းကနေ ခေါ်ဆောင်သွားပြီး အဝတ်အစားချွတ်ခံရတဲ့ပုံတွေက ရက်စက်တဲ့ပုံရိပ်တွေလို့ ဗြိတိန်ဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီးက လူမှုကွန်ရက်မှာ ရေးပါတယ်။

“ဒီပုံတွေဟာ သမိုင်းမှာ လူသားတွေရဲ့အမှောင်မိုက်ဆုံးကာလတချို့ကို ဖော်ပြနေပါတယ်” လို့ သံအမတ်ကြီး ဟူဆမ် ဇွမ်လော့က ပြောပါတယ်။

အယ်-အရာဘီ အယ်-ဂျာဒိ သတင်းစာရဲ့ ဂါဇာဗျူရိုအကြီးအကဲ ပါလက်စတိုင်းသားသတင်းသမား ဒီယာ အယ်ခါလို့ လည်း အဖမ်းခံခဲ့ရတယ်လို့ သတင်းစာတိုက်က ကြာသပတေးနေ့မှာ အတည်ပြုခဲ့ပါတယ်။

ဒီယာရဲ့ ညီအစ်ကိုတစ်ဝမ်းကွဲ မိုဟာမက် အယ်-ခါလို့ က ဂါဇာမှာ ဘီဘီစီ ရဲ့ အလွတ်တန်းသတင်းသမားတစ်ဦးဖြစ်ပါတယ်။ မိသားစုဝင် ၂၄ ဦး ထိန်းသိမ်းခံခဲ့ရတယ်လို့ သူက အတည်ပြုခဲ့ပါတယ်။

ပျံ့နှံ့ နေတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေမှာ သူတို့ထဲက ၁၂ ယောက်ကို တွေ့ခဲ့တယ် လို့ အသက် ၂၇ နှစ်အရွယ် မိုဟာမက်ကပြောခဲ့ပြီး သူ့တစ်ဝမ်းကွဲ ညီအစ်ကိုတစ်ဦးက ကျန်တဲ့သူတွေကို အတည်ပြုခဲ့ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

သောကြာနေ့မှာ ခုနစ်ဦးပဲ ပြန်လွတ်လာတယ် လို့ သူက ဆက်ပြောပါတယ်။

” ပြန်လွတ်လာတဲ့သူတွေကို ဂါဇာနဲ့ အစ္စရေးကြားက နယ်စပ်မှာ ပစ်ထားခဲ့ကြတာ”

”အစ္စရေးစစ်တပ်က သူတို့ကို ဇီကမ် နဲ့ ထိစပ်နေတဲ့ နယ်စပ်မှာ ထားခဲ့တာ”လို့ မိုဟာမက်က ပြောပါတယ်။

သူ့ရဲ့ အစ်ကိုနှစ်ဦးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မိုရှန်းနဲ့ အသက် ၂၉ နှစ်အရွယ် အလားတို့ ချုပ်နှောင်ခံထားရဆဲမို့ သူ စိတ်ပူနေပါတယ်။

‘’သစ်လွင်သောအာရပ်’’အမည်နဲ့ အင်္ဂလိပ်လို ပုံနှိပ်ဖော်ပြနေတဲ့ အာရပ်ဘာသာစကားသတင်းဌာနတစ်ခုက ဒီယာအယ်ခါလို့ ကို ရှက်စရာကောင်းလောက်တဲ့အခြေအနေမှာ ချုပ်နှောင်ထားတာကို ရှုတ်ချပြောဆိုခဲ့ပါတယ်။

အစ္စရေးစစ်သည်တွေက သတင်းသမားတွေကို ဆက်လက်စော်ကားနေတာနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်း၊ သတင်းသမားအခွင့်အရေးလှုပ်ရှားသူတွေ၊ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ရှုတ်ချဖို့လိုတယ်လို့ သတင်းဌာနက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။