‘‘ပျို့နှင်းဆီခိုင် ’’ ဘရူနိုင်းတော်ဝင်မင်းသား မင်္ဂလာပွဲ ဆင်နွှဲပြီ

Celebrity International News
‘‘ပျို့နှင်းဆီခိုင် ’’ ဘရူနိုင်းတော်ဝင်မင်းသား မင်္ဂလာပွဲ ဆင်နွှဲပြီ

မင်္ဂလာပွဲ ဓာတ်ပုံ

ရုပ်ရည်နဲ့ စစ်ဘက်စွမ်းဆောင်ရည်ကြောင့် အွန်လိုင်းမှာ လူပြောသူပြောများခဲ့တဲ့ ဘရူနိုင်း တော်ဝင်မင်းသား အက်ဘ်ဒူ မက်တင်းဟာ တော်ဝင်သွေးမဟုတ်တဲ့သာမာန်အရပ်သူ သတို့သမီးနဲ့ ၁၀ ရက်ကြာ တော်ဝင်မင်္ဂလာပွဲ ဆင်နွှဲပြီဖြစ်ပါတယ်။

အင်တာနက်ပေါ်မှာ နာမည်ကြီးတဲ့ တော်ဝင်မင်းသားဟာ သတို့သမီး ယန် မူလီယာ အနီရှာ ရို(စ)နာနဲ့ ချစ်ကျွမ်းဝင် စေ့စပ်ပြီဖြစ်တဲ့အကြောင်း ဒီဇင်ဘာလတုန်းက ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

အခုကြေညာချက်ကြောင့် အာရှရဲ့ နှင်းဆီခိုင်လို့ ခေါ်ဝေါ် သုံးနှုန်းခဲ့ကြတဲ့ မင်းသားရဲ့ ပရိသတ်တွေလည်း အံ့သြသင့်ခဲ့ကြပါတယ်။

သတို့သမီးကတော့ ဘရူနိုင်းခေါင်းဆောင် ဆူလ်တန် ဟတ်ဆနန် ဘောလ်ခိုင်းကို အကြံပေးနေသူတစ်ဦးရဲ့မြေးဖြစ်ပါတယ်။

သူမဟာ ကိုယ်ပိုင် ဖက်ဆက်ရှင်နဲ့ခရီးသွားကုမ္ပဏီကို ပိုင်ဆိုင်ထားသူလို့ သတင်းတွေမှာဖော်ပြနေပါတယ်။

အစ္စတာနာ နရူ အီမန် နန်းတော်မှာကျင်းပတဲ့ မင်္ဂလာပွဲအတွက် အသက် ၃၂ နှစ်အရွယ် မင်းသား အက်ဘ်ဒူ မက်တင်းဟာ မင်းသားအဆောင်အဆောင်ဝတ်စုံ ဝတ်ဆင်ပြီး အသက် ၂၉ နှစ်အရွယ် သူ့ သတို့သမီးကတော့ အဖြူရောင်မင်္ဂလာဝတ်စုံရှည်နဲ့ ရတနာတွေ ဆင်မြန်းထားပါတယ်။

ဆော်ဒီ အာရေးဗျ၊ ဂျော်ဒန်နိုင်ငံတို့က တော်ဝင်မိသားစုဝင်တွေ၊ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာတို့ အပါအဝင် ဧည့်သည်တော် ၅၀၀၀ နီးပါး မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်တယ်လို့ သိရပါတယ်။

မင်္ဂလာမောင်နှံဟာ လက်ထပ်ပြီး ပထမဆုံးအကြိမ်အဖြစ် မြို့တော် ဘင်ဂါ ဆရီ ဘီဂါဝန်မှာပြုလုပ်တဲ့ လှည့်လှည်ပွဲမှာတော့ နောက်ခန်းဖွင့် ရိုးရွိုင့်စ်ကားတစ်စီးပေါ်ကနေ မင်္ဂလာပွဲ ချီးမြှင့်ကြတဲ့ လမ်းတစ်လျှောက်က လူထုကို နှုတ်ဆက်ခဲ့ကြပါတယ်။

စီတန်းလှည့်လှည်ပွဲမှာ မင်္ဂလာပွဲချီးမြှင့်သူတွေကို လက်ပြနှုတ်ဆက်နေတဲ့ တော်ဝင် ကြင်စဦးမောင်နှံ

ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ နိုလင်ဟာ မဟာမက်ကတော့ တော်ဝင်ကြင်စဦးမောင်နှံကို အခုလို မြင်ရတာဟာ ‘‘တစ်သက်မှာ တခါမြင်ရတဲ့အခိုက်အတန့်’’ ဆိုပြီး အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

မင်းသား မက်တင်းဟာ လူမှုကွန်ရက်မှာတော့ အတော်လေးရေပန်းစားသူဖြစ်ပြီး သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ဖော်လိုဝါ ၂.၅ သန်းကျော်နဲ့ တစ်တော့အကောင့်မှာ ထောင်နဲ့ချီရှိပါတယ်။

နှစ်သစ်ကူးကာလမှာ မင်းသားက သူနဲ့ သူ့ကြင်ယာလောင်းဖြစ်လာမယ့်သူတို့ရဲ့ဓာတ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့တဲ့အခါမှာတော့ သူ့ကို နှစ်သက်ကြတဲ့ပရိသတ်တွေကြား ပင့်သက်ချစရာဖြစ်ခဲ့ပါတယ်။

‘‘၂၀၂၄ ဟာ အသည်းကွဲဇာတ်လမ်းနဲ့စတင်ပါပြီ’’ လို့ ဖော်လိုဝါတစ်ယောက်က ရေးသလို နောက်တစ်ယောက်ကတော့ ‘‘အပြည်ပြည်ဆိုင်ရာအသဲကွဲနေ့’’ လို့ အရွှန်းဖောက်ရေးပါတယ်။ ဒါပေမဲ့ စုလျားရစ်ပတ်တော့မယ်ဆိုတဲ့သတင်းကြောင့် မင်္ဂလာမောင်နှံဖြစ်လာမယ့်သူတွေအတွက် ပျော်ရွှင်အားပေးခဲ့ကြသူတွေလည်း အပြည့်နဲ့ပါ။

မင်းသားရဲ့တခြားပို့စ်တွေကတော့ တော်ဝင်တာဝန်ဝတ္တရားတွေထမ်းဆောင်တာ၊ တခြားလှုပ်ရှားမှုတွေ အကြောင်းတင်တာတွေကြောင့် အသည်းပုံစံ အီမိုဂျီတွေရခဲ့သလို ချီးကျူးတဲ့မှတ်ချက်စကားတွေလည်း ရခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ မင်္ဂလာပွဲကိုတော့ ရေနံကြွယ်ဝတဲ့ ဘရူနိုင်းနိုင်ငံငယ်လေးထဲက ပြည်တွင်းရုပ်သံ ဌာန ကနေ ထုတ်လွှင့်တာတွေရှိခဲ့ပါတယ်။

မင်းသား မက်တင်းဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဘုရင်တွေထဲက တစ်ပါးဖြစ်ပြီး နန်းသက်အရှည်ဆုံးလည်းဖြစ်တဲ့ ဆူလ်တန်ဘုရင်ရဲ့ ဒဿမမြောက် သားတော်ဖြစ်ပါတယ်။

မင်းသားဟာ ထီးနန်းကို ချက်ချင်းဆက်ခံမယ့်သူမဟုတ်သေးပေမဲ့ သူ့ရဲ့ပုံရိပ်ကတော့ အတော်လေးကို ထင်ထင်ပေါ်ပေါ်ရှိနေပါတယ်။

လူမှုကွန်ရက်မှာ မြင်ရတဲ့ရုပ်သံတွေမှာဆိုရင် မင်းသားတစ်ယောက် တော်ဝင်တာဝန်ဝတ္တရားတွေကို ထမ်းဆောင်တာ၊ ပိုလိုကစားတာနဲ့ စစ်တပ်ဝတ်စုံဝတ်ထားတဲ့ပုံရိပ်တွေနဲ့ အွန်လိုင်းမှာ ပြည့်လို့နေပါတယ်။

မင်္ဂလာပွဲကို ဇန်နဝါရီလ ၇ ရက်နေ့ကတည်းက စတင်တာဖြစ်ပေမဲ့ တနင်္ဂနွေနေ့မှာတော့ တကယ့် မင်္ဂလာပွဲကြီးကို ဆင်နွှဲတာဖြစ်ပါတယ်။

အစ္စလာမ္မစ်ထုံးစံ မင်္ဂလာအခမ်းအနားအရ မင်းသား မက်တင်းရဲ့ မင်္ဂလာပွဲဟာ ဗုဒ္ဓဟူးနေ့မှာ အပြည့်အဝ ပြီးစီးမှာ ဖြစ်ပါတယ်။ အဲဒီအခါကျရင်တော့ မင်္ဂလာပွဲပါတီကို မင်းသားနဲ့ သူ့ခမည်းတော်အပါအဝင် အမျိုးသားတွေချည်းတက်ရောက်ကြမှာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းကတော့ ဘာသာရေးပြုကျင့်ဖွယ်အရ ရွှေရောင်အမိုးခုံးနဲ့ ဗလီကြီးဆီကို သွားဖို့ ဆူလ်တန်ဘုရင်နဲ့ မင်းသားကို သယ်ဆောင်လာတဲ့ တော်ဝင် မော်တော်ယာဥ်တန်းဟာ မြို့တော်ရဲ့လမ်းတွေပေါ် သန်းချိန်မှာတော့ လူထုက လမ်းတွေပေါ်မှာ တန်းစီ စောင့်ကြည့်ခဲ့ကြတာကို ရုပ်သံတွေမှာ မြင်တွေ့ရပါတယ်။

မင်းသားမက်တင်းကတော့ စိန်ပုံစံခပ်နှိပ်ထားတဲ့ ခေါင်းပေါင်းနဲ့ ရိုးရာဝတ်စုံအဖြူကို ဝတ်ဆင်ထားတာတွေ့ ရပါတယ်။ အီမန်ဆရာတစ်ဦးက ကောင်းချီးပြုပြီးတဲ့အခါမှာတော့ မင်းသားဟာ ခမည်းတော်ကို ဦးညွတ် အရိုအသေပြုတာကိုလည်းတွေ့ခဲ့ရပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။