သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါအတွက် ကောင်းတဲ့ ပုန်းရည်ကြီး

Health Knowledge
သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါအတွက် ကောင်းတဲ့ ပုန်းရည်ကြီး

ပုန်းရည်ကြီးဟာ ရှေးယခင်ကနေ ခုချိန်ထိ အချိန်အတော်အကြာ တည်ရှိနေတဲ့ မြန်မာ့ရိုးရာ အစားအစာတမျိုးဖြစ်ပါတယ်။

ပုန်းရည်ကြီးဟာ အချဉ်ဖောက်ထားတဲ့ ပဲအနှစ်တမျိုးဖြစ်ပြီး လူကြီးကလေးအားလုံးနီးပါး ကြိုက်နှစ်သက်ကြပါတယ်။

ပုန်းရည်ကြီးကို ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေနဲ့ သုပ်စားကြသလို ဝက်သား၊ ငါးကြီးသား စတာတွေနဲ့ ရောပြီးလည်း ချက်စားကြပါတယ်။ဒါ့အပြင် ထမင်း၊ ခေါက်ဆွဲတို့နဲ့ ရောနယ်ကာ ပုန်းရည်ကြီးထမင်းသုပ်၊ ပုန်းရည်ကြီးထမင်းကြော်၊ ပုန်းရည်ကြီးခေါက်ဆွဲသုပ်အနေနဲ့ လုပ်စားကြတာမျိုးလည်းရှိပါတယ်။

ပုန်းရည်ကြီးကို အထက်အညာဒေသတွေဖြစ်တဲ့ ပုဂံ၊ ညောင်ဦး၊ စလေ ၊မြင်းခြံစတဲ့ ဒေသတွေက အများဆုံးထုတ်လုပ်ပြီး တနိုင်ငံလုံးကို တင်ပို့ရောင်းချပါတယ်။ခုနောက်ပိုင်း နိုင်ငံခြားထိပါ တင်ပို့ရောင်းချပါတယ်။ပုန်းရည်ကြီးကို အများအားဖြင့် ပဲပိစပ် ကနေထုတ်လုပ်ပါတယ်။တခြားပဲအမျိုးမျိုးတွေနဲ့လည်း ပုန်းရည်ကြီး ထုတ်လုပ်နိုင်ပါတယ်။ ပုန်းရည်ကြီး ထုတ်လုပ်နည်းအနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ပထမဆုံး ပဲပိစပ်တွေကို ရေနဲ့စင်ကြယ်အောင် အကြိမ်ကြိမ်ဆေးရပါတယ်။ထို့နောက် အိုးကြီးကြီးတလုံးထဲကို ရေစင်အောင်ဆေးထားတဲ့ ပဲပိစပ်တဆ ရေသုံးဆ ထည့်ကာ ပြုတ်ရပါတယ်။ ပဲတွေနူးအိလာတဲ့အခါမှာဆိုရင် ပဲတွေကိုဆယ်ယူပါတယ်။ အိုးထဲကျန်ခဲ့တဲ့အရည်တွေကိုတော့ စဉ့်အိုးထဲကိုလောင်းထည့်ပြီး အချဉ်ဖောက်ပါတယ်။

အချဉ်ဖောက်ဖို့အတွက် ပုံမှန်အားဖြင့် ၅ ရက်ကနေ ၇ ရက်လောက်အထိထားလေ့ရှိပြီး အချဉ် အရသာ ပိုကြိုက်ပါက ရက်ပိုကြာကြာ ထားနိုင်ပါတယ်။ဒီလိုအချဉ်ပေါက်လာတဲ့ ပဲရည်ကို ဒယ်အိုးထဲထည့်ပြီး မီးဖိုပေါ်တင်ကာ ပြန်ကျိုလိုက်တဲ့အခါမှာတော့ ပုန်းရည်ကြီးကို ရပါတယ်။

အချဉ်ပေါက်တဲ့ ပဲရည်ကို ပြန်ကျိုတဲ့အခါမှာ ယောင်းမနဲ့ အဆက်မပြတ် မွှေပေးရပါတယ်။မွှေတဲ့အခါမှာလည်း ဒယ်အနှံ့ သမအောင် မွှေဖို့လိုပါတယ်။ မွှေရင်းမွှေရင်းနဲ့ သင့်တော်တဲ့အပျစ် အနေထားရောက်ပြီလို့ ခန့်မှန်းရတဲ့အခါမှာ ဒယ်အိုးကို မီးဖိုပေါ်က ချပါတယ်။ ပြီးရင် အသင့်ဆေးထားတဲ့မြူအိုး သို့မဟုတ် လေလုံတဲ့အိုး တခုခုထဲကို ခပ်ထည့်ပါတယ်

အချဉ်ဖောက်တဲ့ ကြာချိန်ပေါ်မူတည်ပြီး အချဉ်အရသာကဲသော ပုန်းရည်ကြီးနဲ့ အဆိမ့်အရသာကဲသော ပုန်းရည်ကြီးဆိုပြီး အရသာနှစ်မျိုးနှစ်စား ရှိနိုင်ပါတယ်။စားသုံးသူအတော်များများကတော့ အဆိမ့်အရသာကဲတဲ့ ပုန်းရည်ကြီးကို ပိုကြိုက်ကြပါတယ်။ ပုန်းရည်ကြီးဟာ အရသာလည်းရှိ၊ အမျိုးမျိုးလည်းလုပ်စားလို့ရတဲ့အပြင် ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

ပဲပိစပ်ကနေထုတ်လုပ်ထားတဲ့ ပုန်းရည်ကြီးဟာ အရသာလည်းရှိ၊ အမျိုးမျိုးလည်း လုပ်စားလို့ရတဲ့အပြင် ပရိုတင်းဓါတ်(Protein)၊ လက်စီတင်ဓါတ်(Lecithin)၊ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

ပုန်းရည်ကြီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ပုန်းရည်ကြီးမှာပါတဲ့ ပရိုတင်းဓါတ်ဟာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးဖို့အတွက် အထောက်အကူပေးပါတယ်။လက်စီတင်ဓါတ်ကတော့ ဦးနှောက်ရဲ့ မှတ်ဉာဏ်၊ စဉ်းစားဉာဏ်တွေကို ကောင်းစေပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်တွင်းက မကောင်းတဲ့အဆီဓါတ် (ကိုလက်စထရောဓါတ်) ကိုလည်း ကျစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။ပုန်းရည်ကြီးစားခြင်းဖြင့် ဝမ်းချုပ်ခြင်း၊ ဝမ်းမာခြင်း ကင်းဝေးပြီး ဝမ်းပျော့ပျော့သွားစေနိုင်တဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။

ပုန်းရည်ကြီးမှာပါတဲ့ဲ အန်တီ အောက်ဆီးဒန့်ဓာတ် တမျိုးဟာ ကင်ဆာဆဲလ်တွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပြီး ပုန်းရည်ကြီး မကြာခဏစားပေးခြင်းဖြင့် သားအိမ်ကင်ဆာ၊ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ ယောအတွင်းဦးဘိုလှိုင် ရေးသားပြုစုတဲ့ ဥတုဘောဇနကျမ်းမှာဆိုရင် ပုန်းရည်သည် ဝမ်းကိုပျော့စေတတ်၏။ နှုတ်ကိုမြိန်စေတတ်၏။ အစာကိုကြေစေတတ်၏။ လေသလိပ်တို့ကို ငြိမ်းစေတတ်၏။ ဆိုပြီး ပုန်းရည်ကြီးရဲ့ အကျိုးကျေးဇူးတွေကိုရေးသားဖော်ပြထားပါတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးလိုတာက စားလို့လည်းကောင်း၊ ကျန်းမာရေးအတွက်လည်း အကျိုးများတဲ့ ပုန်းရည်ကြီးကို မကြာမကြာဝယ်ပြီး အမျိုးမျိုးလုပ်စားကြပါလို့ အကြံပေးချင်ပါတယ်။

Credit-Dr. သီတာနွယ်( Ondoctor)

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။