ဂျပန်က အဝတ်ဗလာပွဲတော် – နှစ်ပေါင်း တစ်ထောင်ကျော်အတွင်း အမျိုးသမီးတွေ ပထမဆုံးပါဝင်ခွင့်ရ

International News
ဂျပန်က အဝတ်ဗလာပွဲတော် – နှစ်ပေါင်း တစ်ထောင်ကျော်အတွင်း အမျိုးသမီးတွေ ပထမဆုံးပါဝင်ခွင့်ရ

နှစ်ပေါင်း ၁၂၅၀ ပွဲတော်သမိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ အမျိုးသမီးတွေ ပါဝင်လာ

ဘုရားကျောင်းဆီကိုရောက်ဖို့ ညာသံပေး တွန်းထိုး တိုးဝှေ့မှုတွေနဲ့ နံငယ်ပိုင်းပဲ ဝတ်ထားတဲ့ အဝတ်ဗလာအမျိုးသားတွေက လူပင်လယ်ကြီးဖြစ်နေပါတယ်။ ရှေ့တိုးကြစို့လို့ အဓိပ္ပါယ်ရတဲ့ ‘‘ဝါရှိုအိ ဝါရှိုအိ’’ လို့လည်း ကြွေးကြော်ကြလို့ပါ။

ဒါဟာ နှစ်ပေါင်း ၁၂၅၀ အတွင်းမှာ အပြောင်းအလဲမရှိလုနီးပါးမြင်ရတဲ့ ဂျပန်နိုင်ငံအလယ်ပိုင်းက ကိုနိုမိယဘုရားကျောင်းမှာ ပြုလုပ်နေကျ အဝတ်ဗလာပွဲတော်လို့သိကြတဲ့ ဟာဒါကာ မာဆူရီ ပွဲတော်မြင်ကွင်းဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ အပြောင်းအလဲတစ်ခုရှိနေပါတယ်။ တကယ့်ကိုကြီးမားတဲ့အပြောင်းအလဲပါ။

တွန်းထိုးနေတဲ့အမျိုးသားတွေရဲ့ ခပ်လှမ်းလှမ်းမှာတော့ အမျိုးသမီးတစ်စုဟာ ဒီပွဲတော်မှာ ပထမဆုံး ပါဝင်ဆင်နွှဲမယ့်အမျိုးသမီးတွေ ဖြစ်လာပါတော့မယ်။

ဒီမှာစုဝေးနေကြတဲ့ အမျိုးသမီးတွေက သူတို့ဟာ သမိုင်းအချိုးအကွေ့တစ်ခုကို ပြောင်းလဲကြမယ့်သူတွေလို့ သိကြပါတယ်။ အစဥ်အလာအရ အမျိုးသားတွေကြီးစိုးတဲ့နေရာမှာ အမျိုးသမီးတွေပါဝင်ခွင့်ရတဲ့နေရာဟာ ခက်ခဲလှပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့စစ်တမ်းအရ ကျားမ ကွာဟမှု ညွှန်းကိန်းအဆင့် ၁၄၆ ရှိတဲ့နေရာမှာ အဆင့် ၁၂၅ နေရာမှာရှိနေတဲ့ဂျပန်အတွက်တော့ ပိုပြီးတော့တောင် ခက်ခဲပါတယ်။

ဒါပေမဲ့ အမျိုးသမီးတွေက အဲဒီပွဲတော် အစဥ်အဆက်မှာ လုံးဝကင်းကွာနေခဲ့ကြတော့ မဟုတ်ပါဘူး။

‘‘နောက်ကွယ်ကပေါ့။ အမျိုးသားတွေ ပွဲတော်မှာ ဆင်နွှဲနိုင်အောင် အမျိုးသမီးတွေက နောက်ကွယ်ကနေ အတော်လေး ထောက်ပံ့ကူညီခဲ့ရတယ်’’ လို့ ကိုနိုမိယ ဘုရားကျောင်းပွဲတော်မှာ ဆွေစဥ်မျိုးဆက်အလုပ်လုပ်ခဲ့တဲ့မိသားစုထဲက အာဆုကို တာမာကိုရှီက ပြောပါတယ်။

ဂျပန့်လူမှုအသိုက်အဝန်းထဲမှာတော့ ဒီပွဲတော်ကို အမျိုးသားတွေချည်း ကျင်းပခွင့်ပေးတဲ့ပွဲတော်အဖြစ်ဆက်ရှိစေချင်တဲ့အမြင်အချို့လည်းရှိနေကြပါတယ်

ဘုရားကျောင်းမှာ ကောင်းကျိုးမင်္ဂလာအတွက် ဆုတောင်းတာမတိုင်ခင် အမျိုးသားတွေက နတ်ဆိုးတွေကို မောင်းထုတ်ဖို့ကြိုးပမ်းတယ်ဆိုတဲ့ ဒီပွဲတော်မှာ အမျိုးသမီးတွေကိုယ်တိုင် ထဲထဲဝင်ဝင်ပါဝင်ကြဖို့ဆိုတဲ့ စိတ်ကူးဟာ အရင်တုန်းကတော့ မရှိခဲ့ကြဖူးတဲ့ပုံစံပါ။

နာရုအိတို ဆုနိုဒါရဲ့အပြောအရဆိုရင် အမျိုးသမီးတွေပါဝင်ခွင့် တားမြစ်ထားတာမျိုးမရှိပါဘူး။ ပါဝင်ခွင့်ပေးဖို့ မတောင်းဆိုကြတာကြောင့်လို့ဆိုပါတယ်။

အခုတော့ အမျိုးသမီးတွေ ပါဝင်ခွင့်တောင်းဆိုလာကြတဲ့အခါ လျောလျောလျူလျူပဲ ခွင့်ပြုချက်ရပါတယ်။

‘‘အရေးအကြီးဆုံးကတော့ အားလုံးပျော်နိုင်တဲ့ ပွဲတော်တစ်ခုဖြစ်ဖို့ပဲလို့ ကျွန်တော်ယုံကြည်တယ်။ ဒါကိုလည်း ဘုရားက ကျေနပ်ပျော်ရွှင်မယ်လို့ထင်တယ်’’ လို့ သူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒါပေမဲ့ ပွဲတော်ကျင်းပတဲ့အရပ်မှာတော့ အားလုံးက ဒါကို အလုံးစုံလိုက်လျော သဘောတူလိုက်တာမျိုးတော့ မဟုတ်ပြန်ပါဘူး။

‘‘ကျွန်မတို့ ပါဝင်ဆင်နွှဲတာနဲ့ပတ်သက်ပြီး ပြောကြ ဆိုကြတဲ့အသံတွေ ထွက်လာတာပေါ့။ အမျိုးသားတွေဆင်နွှဲတဲ့ပွဲတော်မှာ အမျိုးသမီးတွေက ဘာဝင်လုပ်ကြမှာလဲဆိုပြီးတော့ ပြောကြတယ်။ အမျိုးသားတွေချည်းပဲ ဆင်နွှဲရတဲ့ပွဲဆိုတာမျိုးလည်း ပြောကြတယ်’’ လို့ အသက် ၅၆ နှစ်အရွယ် အဖွားတစ်ဦးဖြစ်တဲ့ တာမာခိုရှီက ရှင်းပြပါတယ်။

‘‘ဒါပေမဲ့ ကိုယ်လုပ်ချင်ကြတဲ့အလုပ်မှာ အားလုံးစည်းစည်းလုံးလုံးရှိခဲ့ကြတယ်လေ။ ဘုရားသခင်ကလည်း ကျွန်မတို့ တကယ့်ကို စိတ်ရင်းနဲ့လုပ်ဆောင်တာလားဆိုတာကိုလည်း ကြည့်မှာပဲ’’

အလှည့်ကျဖို့ စောင့်နေကြတဲ့အမျိုးသမီးတွေဟာ တကယ့်စိတ်ပါလက်ပါနဲ့ ပွဲတော်ဆင်နွှဲမယ့်ပုံလည်း ပေါ်ကြပါတယ်။ ဒါပေမဲ့ သူတို့ကတော့ အမျိုးသားတွေလို အဝတ်ဗလာမဟုတ်ဘဲ လုံလုံခြုံခြုံဝတ်ထားကြပါတယ်။

အမျိုးသားတွေနဲ့မတူတာကတော့ အမျိုးသမီး အများစုဟာ ဘုရားကျောင်းမှာပူဇော်မယ့် ရှင်းဂိ ဝါးပူဇော်တံကို ထမ်းသယ်နေကြချိန်မှာပဲ အဖြူရောင် ခါးဝတ်ထည်အတို ပေါ်ကနေ ခရမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ကြပါတယ်။

အမျိုးသားတွေလို ဘုရားကျောင်းကို စုပြုံ တွန်းထိုး တိုးဝှေ့ကြရာမှာလည်း ပါဝင်မှာမဟုတ်သလို ဘုရားကျောင်းက ရွေးချယ်လိုက်တဲ့ ရှင် အိုတိုကိုလို့ခေါ်တဲ့ ‘‘နတ်အမျိုးသား’’ကို လည်း လက်နဲ့တို့ထိတာမျိုး လုပ်ကြမှာမဟုတ်ပါဘူး။ ရိုးရာအရ အဲဒီအမျိုးသားကို ထိကိုင်တဲ့သူဟာ မကောင်းတာတွေကို လွင့်ပျယ်အောင်လုပ်နိုင်တယ်လို့ မှတ်ယူခဲ့ထားကြတာပါ။

အဲဒီလို မလုပ်ရလို့လည်း အမျိုးသမီးတွေ ပါဝင်လာခဲ့တဲ့ အခုပွဲတော်ရဲ့ ထူးခြားမှုက လျော့မသွားစေပါဘူး။

‘‘နောက်ဆုံးမှာတော့ ခေတ်တွေပြောင်းလဲသွားပြီလို့ ကျွန်မခံစားရတယ်’’လို့ ဖူမီခို ဖူဂျီက ဘီဘီစီကို ပြောပါတယ်။ ‘‘ဒါပေမဲ့ တစ်ဖက်မှာလည်း တာဝန်ယူမှု တာဝန်ခံမှု ပါလာတယ်လို့ ခံစားရတယ်’’

ပွဲတော်နဲ့ပတ်သက်ပြီး မူဝါဒပြောင်းလဲလိုက်တာဟာ သိသာထူးခြားတဲ့အပြောင်းအလဲလို့ အမျိုးသမီး အများစုက မြင်ကြပါတယ်

ဒါပေမဲ့ ဒီအမျိုးသမီးတွေဟာ ကျားမ တန်းတူညီမျှမှုမရှိတဲ့တံတိုင်းကို ပွဲတော်မှာ သူတို့ရဲ့ပါဝင်မှုနဲ့ ဖြိုဖျက်လိုက်ရုံတင်မကပါဘူး။ ရိုးရာအစဥ်အလာကိုလည်း ဆက်ပြီး ထိန်းသိမ်းရာရောက်ပါတယ်။

အလားတူ အဝတ်ဗလာပွဲတော်ကျင်းပတဲ့ ဂျပန်နိုင်ငံမြောက်ပိုင်းက ခုကုဆဲကီဘုရားကျောင်းကတော့ အခုနှစ်ဟာ ပွဲတော်နောက်ဆုံးကျင်းပတဲ့နှစ်လို့ပြောထားပါတယ်။ ပွဲတော်မှာ လူငယ်တွေ ပါဝင်မှု နည်းပါး လာတာကြောင့်လို့ဆိုပါတယ်။

ဂျပန်ဟာ ကမ္ဘာမှာ သက်ကြီးလူဦးရေမြန်မြန်တိုးပွားလာနေတဲ့နိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် ဂျပန်နိုင်ငံက လူ ၁၀ ဦးမှာ တစ်ဦးဟာ အသက် ၈၀ ဒါမှမဟုတ် အသက် ၈၀ ကျော်တဲ့အထိ ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပါတယ်။ ဒီအတောအတွင်းမှာပဲ နိုင်ငံတွင်း ကလေးမွေးဖွားနှုန်းကလည်း အမျိုးသမီးတစ်ဦးကို ကလေးတစ်ဦးသာသာပဲ ယူတဲ့အခြေအနေရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် တစ်နိုင်ငံလုံးမှာ ကလေး အယောက် ၈၀၀,၀၀၀ ပဲရှိခဲ့ပါတယ်။

အခုတော့ ပွဲတော်ကာလ ဘုရားကျောင်းဆီကို အမျိုးသမီးတွေ ခြေလှမ်းနိုင်တဲ့အချိန်ရောက်လာပါပြီ။

သူတို့တွေဟာ ကြိုးဖြူ ကြိုးနီရစ်ထားတဲ့ ဝါးလုံးရှည်ကြီးတွေကို နှစ်တန်းပြိုင်ထမ်းကြလို့ပါ။

ဘုရားကျောင်းဆီကို သွားတဲ့လမ်းကိုတော့ အာဆုကို တာမာကိုရှီက ဦးဆောင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အမျိုးသားတွေဆီကပဲ ဆယ်စုနှစ်တွေကြာအောင် ကြားခဲ့ရတဲ့ သံပြိုင် ညာသံကို သူတို့ အမျိုးသမီးတွေဆီကလည်း ထွက်လာအောင် ခရာလည်း တွတ်ပါတယ်။

‘‘ရုန်းကြစို့၊ တိုးကြစို့’’ လို့ အမျိုးသမီးတွေက ညာသံပေးကြွေးကြော်ပါတယ်။

အာဆုကို တာမာကိုရှီဟာ အဝတ်ဗလာပွဲတော်ကို ပထမဆုံး ဝင်ရောက်ဆင်နွှဲတဲ့ အမျိုးသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်

အမျိုးသမီးတွေဟာ သူတို့ သီတင်းပတ်နဲ့ချီကြာအောင်လေ့ကျင့်ခဲ့တဲ့အတိုင်း လှုပ်ရှားမှုကိုရော အရှိန်ကိုပါ အာရုံစိုက်ကြပါတယ်။ မှန်မှန်နဲ့မြန်မြန်သွားမှ ညီညီညာညာရှိမယ်ဆိုတာကိုလည်း သူတို့ သဘောပေါက်ကြပါတယ်။

မီဒီယာတွေရော၊ ပွဲတော်လာကြည့်သူတွေကပါ သူတို့ကို စောင့်ကြည့်နေကြတယ်ဆိုတာကိုလည်း သတိထားမိတော့ ပြုံးနေကြပေမဲ့ စိတ်လှုပ်ရှားနေကြတယ်ဆိုတာ အထင်းသားမြင်ရပါတယ်။

ကြည့်နေတဲ့လူအုပ်ထဲကနေ အမျိုးသမီးတွေကို အားပေးသံတွေလည်း ထွက်ပေါ်နေပါတယ်။ အပူချိန်ရေခဲမှတ် ချမ်းချမ်းစီးစီးထဲမှာ ရှေ့ကိုခြေလှမ်းနေတဲ့ဒီအမျိုးသမီးတွေကို ‘‘ကြိုးစားထားမယ်’’ လို့ ဆိုပြီး ‘‘ဂမ်ဘတ်တေး’’ လို့ အော်ဟစ် အားပေးကြပါတယ်။

အမျိုးသားတွေလိုပဲ ကိုနိုမိယ ရှင်တို ဘုရားကျောင်းဝင်းထဲကို သူတို့ ဝင်တဲ့အခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းကြပါတယ်။ ရေအေးကြောင့် ပိုပြီး အင်အားတက်ကြွသွားကြတဲ့ပုံတောင်ပေါ်နေပါတယ်။

သူတို့ရဲ့ ပူဇော်မှု ပြီးတဲ့အခါမှာတော့ အမျိုးသမီးတွေဟာ ရိုးရာအတိုင်း ဦးနှစ်ခါညွတ် ရှိခိုး၊ လက်ခုပ်နှစ်ခါတီးပြီး နောက်ဆုံးအကြိမ် ဦးညွတ်ကြပါတယ်။

ပြီးတဲ့အခါမှာတော့ အမျိုးသမီးတွေရဲ့ စိတ်ခံစားချက် အမြင့်တက်ဆုံးအချိန်ကိုရောက်ပါပြီ။ တစ်ယောက်ကို တစ်ယောက် ခုန်ပေါက် ထွေးပွေ့ပြီး ဝမ်းသာလို့ ငိုတဲ့သူကလည်း ငိုပါတယ်။ ‘‘အရီဂါတို ဂိုဇိုင်းမာဆု အရီဂါတို’’ လို့ဆိုပြီး ကျေးဇူးတင်စကားတွေလည်း ထပ်ချည်းတလဲလဲ ပြောကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကျေးဇူးတင်ကြကြောင်း‌ပြောပြီးတဲ့အခါမှာတော့ လူအုပ်ကလည်း သူတို့ကို သြဘာလက်ခုပ်တွေနဲ့ချီးမြှင့်ကြပါတယ်။

‘‘ကျွန်မ မျက်ရည်မဆည်နိုင်ဖြစ်ရတယ်’’ လို့ မီချီကို အီကိုင်းက ပြောပါတယ်။ ‘’ပွဲတော်မှာ ကျွန်မ ပါဝင်ခွင့် ရမလားဆိုတာ မသေချာခဲ့ဘူး။ အခုတော့ အောင်ပြီဆိုတဲ့ခံစားချက်ဖြစ်မိတယ်’’

ဘုရားကျောင်းထဲက အထွက်လမ်းမှာတော့ ဒီအမျိုးသမီးတွေဟာ သူတို့နဲ့ ဓာတ်ပုံရိုက်လိုတဲ့ လူထုနဲ့ရော အင်တာဗျူးချင်တဲ့ မီဒီယာတွေနဲ့ပါ ရပ်ပြီး တွေ့ဆုံကြပါတယ်။ သူတို့ ပျော်ရွှင်စွာပဲ လိုက်လျောခဲ့ကြပါတယ်။

ပွဲတော်မှာ ပါဝင်ခွင့်ရတဲ့အမျိုးသမီးတွေကတော့ ပျော်မဆုံး မော်မဆုံးဖြစ်နေပါတယ်

‘‘ကျွန်မ လုပ်နိုင်ခဲ့ပြီ။ သိပ်ကို ဝမ်းသာတာပဲ’’ လို့ မီနဲကို အာကာဟိုရီက ဘီဘီစီကို ပြောပါတယ်။ ‘’အမျိုးသမီးဖြစ်ရတာလည်း သိပ်ဝမ်းသာတယ်။ အမျိုးသမီးတစ်ဦးအနေနဲ့ ပထမဆုံး ပွဲတော်မှာပါဝင်ခွင့်ရတယ်လေ’’

သူ့ရဲ့ သူငယ်ချင်းလည်းဖြစ်၊ ပွဲတော်မှာပါဝင်ဖက်လည်း ဖြစ်တဲ့ မီနာကို အန်ဒိုကလည်း ‘’အခုလို ပွဲတော်မှာ ပထမဆုံးပါဝင်ခွင့်ရသူတွေဖြစ်ရတာနဲ့တင် သိပ်ကိုကောင်းနေပြီ’’ လို့ ပြောပါတယ်။

‘‘ခေတ်တွေပြောင်းသွားပါပြီ’’ လို့ ဟီရိုမို မဲဒါကပြောပါတယ်။ သူမတို့မိသားစုဟာ ပြီးခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်း ပွဲတော် ဆင်နွှဲတဲ့အမျိုးသားတွေကိုသာ ဧည့်ခံခဲ့တဲ့စားသောက်ဆိုင်ကိုလည်ပတ်နေတာဖြစ်ပါတယ်။

‘‘ကျွန်မတို့ရဲ့ ဆုတောင်းနဲ့ ဆန္ဒက တစ်ထပ်တည်းကျမယ် ထင်တယ်။ အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ကျွန်မတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒက ထပ်တူကျတယ်လေ’’

ပွဲတော်နေ့မှာ အခရာကျတဲ့လူအဖြစ်ပါဝင်ခဲ့တဲ့ အာဆုတို တာမာခိုရှီအတွက်တော့ အတူတူဆောင်ရွက်နိုင်ခဲ့တဲ့ အခိုက်အတန့်ကို ပြန်လည် မြင်ယောင်စေပါတယ်။ စိတ်ခံစားတွေမြင့်နေသလို တစ်ချိန်တည်းမှာပဲ အလုံးကြီးကျသွားသလို ခံစားချက်လည်း သူ့မှာရှိနေပါတယ်။

‘‘ကျွန်မ အမျိုးသားဆို ဒီပွဲတော်မှာပါနေကျလေ’’ လို့ သူက ဘီဘီစီကို ပြောပါတယ်။ ‘‘ကျွန်မကတော့ ဘေးက ပွဲကြည့်သူပဲဖြစ်ခဲ့တယ်။ အခုတော့ ကျေးဇူးလည်းတင်ရ၊ ပျော်လည်း ပျော်ရပါတယ်’’

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။