လက်သည်းခွံထက်တောင် သေးငယ်တဲ့ ဘရာဇီးမျိုးစိတ် သန်းဖား

International News
လက်သည်းခွံထက်တောင် သေးငယ်တဲ့ ဘရာဇီးမျိုးစိတ် သန်းဖား

ဘရာဇီးသစ်တောထဲမှာ တွေ့ရတဲ့ ဖားမျိုးစိတ်တစ်မျိုးဟာ လက်သည်းခွံထက်တောင် သေးငယ်ပြီး ကမ္ဘာ့အကောင်အသေးဆုံး ကျောရိုးပါသတ္တဝါအဖြစ် သတ်မှတ်ခံရဖွယ်ရှိနေပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဆန်တာခရုဇ်ပြည်နယ်တက္ကသိုလ်မှ သုတေသီ မာကိုဆိုးလ်က ဘရာဇီးသန်းဖားကို စတင်တွေ့ရှိခဲ့တာပါ။ သန်းဖားရဲ့ အရွယ်အစားက ၇ မီလီမီတာ၊ ၈ မီလီမီတာလောက်ပဲ ရှိပါတယ်။

အဲဒီတွေ့ရှိမှုက သိပ္ပံပညာရှင်အသိုင်းအဝိုင်းကြား လှုပ်ခတ်သွားစေပေမဲ့ နမူနာလေ့လာနိုင်စရာ ရှားပါးလွန်းတာကြောင့် သန်းဖားရဲ့ အရွယ်အစားနဲ့ပတ်သက်ပြီး တိကျသေချာတဲ့ အချက်အလက်တွေ ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဆယ်စုနှစ်တစ်ခုအကြာမှာတော့ မာကိုဆိုးလ် ဦးဆောင်တဲ့ သုတေသီအဖွဲ့က ဘရာဇီးမျိုးစိတ် သန်းဖားနဲ့ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဘရာဇီးနိုင်ငံတောင်ပိုင်း ဘာဟီယာပြည်နယ်ရဲ့ တောင်ကုန်းနှစ်ခုမှာပဲ သန်းဖားကို တွေ့ရှိနိုင်ပါတယ်။

သုတေသီတွေဟာ အစီရင်ခံစာ ထုတ်ပြန်နိုင်ဖို့ သန်းဖားမျိုးစိတ် ကျက်စားတဲ့နေရာတွေမှာ သန်းဖားတွေကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။ သန်းဖား ၄၆ ကောင်ကို ဖမ်းဆီးပြီး တိုင်းထွာစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ ဖားထီးတွေထက် ဖားမတွေက အကောင် အနည်းငယ်ပိုကြီးတာ တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖားထီးတွေမှာပဲ အသံကြိုး ပါဝင်တာ တွေ့ရပါတယ်။

ဘရာဇီးမျိုးစိတ် သန်းဖားတွေဟာ အရွယ်အစား သေးငယ်လွန်းတာကြောင့် ခန္ဓာကိုယ်ဟန်ချက်စနစ်ကို ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။ ဒါကြောင့် တခြားဖားတွေလို ခုန်နိုင်စွမ်းမရှိပါဘူး။ သန်းဖားတွေရဲ့ ခန္ဓာကိုယ်အရွယ်အစားက သေးသွယ်လွန်းတာကြောင့် ကမ္ဘာ့အသေးငယ်ဆုံး ကျောရိုးပါသတ္တဝါအဖြစ် စံချိန်တင်နိုင်လိမ့်မယ်လို့ ဒိန်းမတ်နိုင်ငံ သဘာဝသမိုင်းပြတိုက် ကုန်းရေနှစ်ထွေသွား ဇီဝဗေဒပညာရပ် ပြတိုက်မှူး မက်ခ်ဒီရှားဇ်က ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။