ရွှေကုက္ကိုက ကျားဖြန့်လုပ်သား- အွန်လိုင်းနဲ့ ငွေ ဘယ်လိုလိမ်ခဲ့လဲ

Local News
ရွှေကုက္ကိုက ကျားဖြန့်လုပ်သား- အွန်လိုင်းနဲ့ ငွေ ဘယ်လိုလိမ်ခဲ့လဲ


ရွှေကုက္ကို က ကျားဖြန့်လုပ်ငန်းအဆောက်အဦတစ်ခု။ ရွှေကုက္ကို မှာ အဲဒီလိုအထပ်မြင့်အဆောက်အဦထဲ​ ကျားဖြန့်လုပ်ငန်းတွေများစွာရှိခဲ့ပါတယ်။

ထိုင်းမြန်မာနယ်စပ်က ရွှေကုက္ကိုမြို့သစ်ဟာ အွန်လိုင်းလောင်းကစားရုံတွေနဲ့ နာမည်ကြီးတဲ့မြို့ပါ။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက အဲဒီ မြို့သစ်ဟာ မြန်မာစစ်တပ်လက်အောက်ခံနယ်ခြား စောင့်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။

အခုတော့ ထိုင်းမြန်မာ နှစ်နိုင်ငံ စစ်တပ်ခေါင်းဆောင်တွေ တွေ့ဆုံပြီး အဓိက ဆွေးနွေးရတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

အကြောင်းကတော့ အဲဒီမှာကြီးထွားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းဖို့ပါ။

ပြီးခဲ့တဲ့နှစ်လအတွင်း ထိုင်းစစ်တပ်ရဲ့ ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး Jakkapong Janpengpen နေပြည်တော်ကို လူကိုယ်တိုင်လာရောက်ခဲ့သလို ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpackdee ကလည်း အွန်လိုင်းကနေ စစ်ခေါင်းဆောင်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနှစ်ကြိမ်လုံးမှာ မြဝတီခရိုင်ထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှစ်နိုင်ငံပူးပေါင်းနှိမ်နင်းဖို့က အဓိကအချက်တစ်ချက်အဖြစ် ပါဝင်ပါတယ်။

တရုတ်နိုင်ငံသားအများစု ပါဝင်လုပ်ကိုင်နေတဲ့ ဒီလုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားတွေသာမက အာရှဒေသတွင်းက နိုင်ငံခြားသားတွေပါ ဖိအားပေးစေခိုင်းခံနေရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူ တွေက ဘီဘီစီကိုပြောပါတယ်။

အဲဒီလိုစေခိုင်းခံရသူတွေထဲမှာ စီဒီအမ် တပ်ကြပ်ကြီး ကိုမိုးညို (အမည်လွှဲ) လည်း အပါအဝင်ပါ။

ကျားဖြန့်လုပ်ငန်းခေါ်ကြော်ငြာတစ်ခု

ကျားဖြန့်လုပ်သား ဘယ်လိုဖြစ်လာခဲ့သလဲ

စစ်တပ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်ကြပ်ကြီး ကိုမိုးညိုဟာ စီဒီအမ်လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အစောပိုင်းမှာပဲ မြန်မာနိုင်ငံအောက်ပိုင်းဒေသ စစ်ဌာနချုပ် ရှိတဲ့မြို့ကနေ ရန်ကုန်ကို ထွက်ပြေးလာခဲ့ပါတယ်။ ရန်ကုန်ကတစ်ဆင့် ပဲခူး၊ ပဲခူးကနေမှ ပဲခူးရိုးမအရှေ့ခြမ်း လွတ်မြောက်နယ်မြေကို သူရောက်ခဲ့ပါတယ်။

ကေအန်ယူ တပ်မဟာ ( ၇) နယ်မြေမှာ နှစ်နှစ်လောက် ခိုလှုံနေခဲ့ရပါတယ်။ အဲဒီတုန်းက လွတ်မြောက်နယ်မြေမှာ ကိုမိုးညိုလို စစ်တပ်နဲ့ ရဲတို့ကနေ စီဒီအမ်လုပ်လာသူ အယောက် ၄၀ လောက်ရှိပြီး တချို့က PDF ထဲဝင်ရောက်သွားသလို ဆေးအကူတပ်ထဲ ဝင်ရောက် အမှုထမ်းသူတွေလည်းရှိခဲ့ပါတယ်။

ကေအန်ယူက သူတို့အတွက် စားဖို့ ဆန်ပေးသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တစ်လကို ကျပ် ၆ သောင်း ထောက်ပံ့တယ်လို့ ကိုမိုးညိုက ပြောပါတယ်။

ကိုမိုးညိုတို့ တပ်နဲ့ ရဲ စီဒီအမ်အုပ်စုလိုက် နေထိုင်နေရင်းကမှ တတိယနိုင်ငံသွားချင်သူ၊ ထိုင်းနယ်စပ်မဲဆောက်ကိုသွားချင်သူ၊ ဘယ်မှမသွားဘဲ လက်နက်ကိုင်တပ်တွေထဲ ဝင်မယ်လို့ ဆုံးဖြတ်သူ စတဲ့ သဘောထားကွဲလွဲတာတွေရှိလာတဲ့နောက် လုံခြုံရေးအရ စဥ်းစားပြီး အဲဒီနေရာကနေ စွန့်ခွာဖို့ ကိုမိုးညို ဆုံးဖြတ်ခဲ့ပါတယ်။

လွတ်မြောက်နယ်မြေကိုစွန့်ခွာဖို့ လမ်းကြောင်းတွေရှာဖွေရင်း ရွှေကုက္ကိုမှာ အလုပ်လုပ်နေတဲ့ သူ့လို စစ်တပ်စီဒီအမ် သူငယ်ချင်းတစ်ဦးနဲ့ ဆက်သွယ်မိခဲ့ပါတယ်။ သူငယ်ချင်းက ကျားဖြန့်လိုခေါ်တဲ့ အွန်လိုင်းကနေ လူတွေဆီက ငွေကြေးလိမ်လည်တဲ့အလုပ်ကို လုပ်နေတယ်လို့ ပြောပါတယ်။

ဒီအလုပ်က မကောင်းတဲ့အလုပ်မှန်းသိပေမဲ့ သေမထူး နေမထူးအခြေအနေကြောင့် CDM တပ်ကြပ်ကြီး ကိုမိုးညို အဲဒီကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

ရွှေကုက္ကို

ကျားဖြန့်လုပ်သားဖြစ်ပြီ

ကိုမိုးညိုတစ်ယောက် သူငယ်ချင်းရဲ့ ဆက်သွယ်ပေးမှုနဲ့ ၂၀၂၃ ခုနှစ် မေလမှာ ရွှေကုက္ကို ရောက်လာပြီး ကျားဖြန့် လုပ်သားဖြစ်လာခဲ့ပါတယ်။

“ရွှေကုက္ကိုကို ဘယ်လိုဝင်ရလဲဆိုတော့ သူငယ်ချင်းဆက်သွယ်ပေးမှုနဲ့ အလုပ်ခေါ်တဲ့ ယမ်ဟူးကုမ္ပဏီရဲ့ HR တွေနဲ့ချိတ်ဆက်တယ်။ သူတို့က အွန်လိုင်းကနေ အင်တာဗျူးတယ်။ အဓိကကတော့ ကွန်ပျူတာ စာရိုက်နိုင်ဖို့နဲ့ အင်္ဂလိပ်လို ဘယ်လောက်ရေးနိုင်၊ပြောနိုင်လဲပေ့ါ။ အွန်လိုင်းကနေ အင်္ဂလိပ်လို Chatting (စာရိုက်စကားပြော) မှာ ကောင်းကောင်းရေးပြီး လိမ်ရတဲ့အလုပ်ဆိုတော့လေ။ မြဝတီက စားသောက်ဆိုင်တစ်ခုမှာ စောင့်ပြီး ဖုန်းနဲ့ ချိတ်ဆက်ရတယ်။ အဲဒီမှာ အဖွဲ့တစ်ဖွဲ့ရှိတယ်။ ကိုယ့်ဖုန်းနံပါတ်ပါလားဆိုပြီး သွားစစ်ပြီး ကိုယ်ရောက်နေပြီဆိုတာကို သတင်းပေးရတယ်”လို့ ကိုမိုးညိုက ပြောပြပါတယ်။

စားသောက်ဆိုင်ကနေ ကားနဲ့ ထွက်လာချိန်လမ်းမှာ အဲဒီကုမ္ပဏီက ဖုန်းဆက်အတည်ပြုပြီး မြဝတီကတဆင့် ရွှေကုက္ကို ကို ကုမ္ပဏီကလာခေါ်တဲ့ကားနဲ့ ရောက်ခဲ့ပါတယ်။

“BGF ဂိတ်တစ်ခုကို ဖြတ်ရတယ်။ နောက် မှတ်ပုံတင်စစ်တဲ့ ဂိတ်တစ်ခုရှိတယ်။ တောင်တက် တောင်ဆင်းတွေလည်း ရှိပြီး ၁၅ မိနစ်လောက်ပဲ မောင်းရတယ်။ အဝိုင်းလိုမျိုး နေရာကျော်ရင် ကိုဗစ်စစ်တဲ့ ဂိတ်ကိုရောက်တယ်။ ကိုဗစ်စစ်ရတယ်။ ဘတ် ၂၅၀ ကျတယ်။ အလုပ်ခေါ်တဲ့ ကုမ္ပဏီက စိုက်ပေးထားတယ်။ အဲဒီမှာစောင့်ပြီး ကုမ္ပဏီ HR က ကားနဲ့ လာခေါ်တယ်။ အဲဒီကျမှ ကွန်ပျူတာနဲ့ စာရိုက်ပြရတယ်။ အင်္ဂလိပ်စာ တစ်ကြောင်းနှစ်ကြောင်းလောက် မြန်မာလို ပြန်ပြရတယ်။ အဲဒါ သူတို့အဆင်ပြေတယ်ဆို တစ်ခါတည်း တန်းခန့်တယ်” လို့ ကိုမိုးညိုက သူအလုပ်ရခဲ့ပုံကိုပြောပါတယ်။

ကိုမိုးညို အလုပ်ဝင်ဝင်ချင်းတစ်လကို ဘတ် ၁၂၀၀၀ ရပြီး နောက်လတွေမှာ လိမ်လည်တဲ့ ပမာဏပြည့်မီလို့ဆိုပြီး တစ်လကို ဘတ် ၁၅၀၀ တိုးပေးခဲ့ပါတယ်။

ရွှေကုက္ကိုက ငါးပစ်ဂိမ်း ဆလော့ဂိမ်း မြင်ကွင်းတစ်ခု

ကျားဖြန့်လုပ်ငန်းခွင်ကို အဲဒီဒေသမှာ တရုတ်ဆိုက်လို့ပဲ ခေါ်ကြပါတယ်။

ဧကတစ်ရာလောက်ကျယ်တဲ့ခြံကြီးထဲ ၇ ထပ်ကနေ ၁၂ ထပ်လောက်အထိ မြင့်တဲ့ အဆောက်အဦတွေ အများကြီးရှိနေပြီး ၉ ထပ်တိုက်အများစုမှာ ကျားဖြန့် လုပ်သားတွေကိုထားရှိပါတယ်။

တချို့နေရာတွေကို တရုတ်သူဌေးတွေက တစ်ဦးတည်းအပိုင်ဝယ်ထားပြီး သူတို့လို ငွေလိမ်ဂိုဏ်းသူဌေးတွေကို ပြန်ငှားထားတာလည်းရှိပါတယ်။

အဲဒီနေရာတွေကို လက်နက်ကိုင်လုံခြုံရေးတွေနဲ့အစောင့်ချထားတာတွေ့ရပြီး ဘယ်အဖွဲ့ကလက်နက်ကိုင်တွေလဲဆိုတာတော့ သေချာမသိရဘူးလို့ သူက ပြောပါတယ်။

ရွှေကုက္ကိုမှာ ကာစီနိုနဲ့ ငါးပစ်ဂိမ်း လို တခြားလောင်းကစားလုပ်ငန်းတွေရှိပြီး ရွှေကုက္ကိုမှာ နာမည်အကြီးဆုံး ကာစီနိုလုပ်ငန်းတွေကို ပိုင်ဆိုင်တာက ပိုက်လော့မိန်နဲ့ ရထိုက်အင်တာနေရှင်နယ် တို့ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

“အဲဒီမှာဆိုရင် ကာစီနိုက ၂ ထပ်၊ ၃ လွှာလောက်အထိ ရှိတယ်။ တရုတ်သူဌေးတွေ ဆော့တာပေ့ါ၊ ကျန်တာကတော့ လူနေတာနဲ့ အွန်လိုင်းစကမ် (online scam) တွေပဲ လုပ်ကြတယ်။ ရွှေကုက္ကိုက အကြီးဆုံး အာဝါဒေးရပ်ကွက်မှာဆို ခြောက်ကောင်ဂျင်၊ ဖဲ၊ ငါးပစ်ဂိမ်း ဂိမ်းပေါင်းစုံရှိတယ်” လို့ ကိုမိုးညိုကပြောပါတယ်။

ကိုမိုးညိုပြောတဲ့အထဲက ရထိုက်အင်တာနေရှင်နယ်ဟာ ကမ္ဘောဒီးယားနိုင်ငံသား တရုတ်နွယ်ဖွား ရှီကျီကျန်း (She Zhijang) နဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF အရာရှိတစ်ဦးဖြစ်တဲ့ စောမင်းမင်းဦးတို့က ပိုင်ဆိုင်ပါတယ်။

အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှု၊ အွန်လိုင်းငွေလိမ်လည်မှုတွေ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ဗြိတိန်အစိုးရက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ ဒီနှစ်ဦးနဲ့အတူ ရွှေကုက္ကိုကိုထိန်းချုပ်ထားတဲ့ BGF တပ်ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကိုပါ အရေးယူပိတ်ဆို့စာရင်းသွင်းခဲ့ပါတယ်။

ဟောင်ကောင်မှာ မှတ်ပုံတင်ထားပြီး ဘန်ကောက်မှာ ရုံးစိုက်ထားတဲ့ ရထိုက်အင်တာနေရှင်နယ် ကုမ္ပဏီဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေအဓိကလုပ်ပြီး စုစုပေါင်း ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာသုံးဘီလျံခန့်နဲ့ ဝန်ထမ်း ၃၅၀၀ ကျော်နဲ့ လည်ပတ်နေတယ်လို့ ကုမ္ပဏီ ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

ကိုမိုးညိုဟာ ကာစီနိုလောင်းကစားရုံတွေဆီ တစ်ကြိမ် ရောက်ဖူးပြီး အဲဒီမှာ အလုပ်လုပ်တဲ့ သူတွေထဲ သုံးပုံတစ်ပုံက တရုတ်လူမျိုးတွေဖြစ်ပြီး မြန်မာလူမျိုးတွေ အများဆုံး အလုပ်လုပ် နေကြတယ်လို့ သူကပြောပါတယ်။

ဘယ်လိုနည်းလမ်းတွေနဲ့ ဘယ်လိုဆွဲဆောင်သိမ်းသွင်းလဲ။

ကိုမိုးညိုတို့ကျားဖြန့်လုပ်သားတွေ အချင်းချင်းချိတ်ဆက်ပြောဆိုဖို့ ကွန်ပျူတာ တစ်ယောက် တစ်လုံးစီနဲ့ လိမ်ဖို့အတွက် တစ်ဦးကို အိုင်ဖုန်း ၁၀လုံး‌လောက် ပေးထားပါတယ်။

ဖုန်းနဲ့ပဲအဓိက လိမ်လည်ရပြီး ကွန်ပျူတာကတော့ သူတို့လိမ်နေချိန် လိုအပ်တဲ့ အချက်အလက်တွေကို ပို့ပေးတာပါ။

သူလုပ်ခဲ့တဲ့ လေးလကျော်အတွင်း အိန္ဒိယ၊ ဘရာဇီးနဲ့ မက္ကဆီကို နိုင်ငံသားတွေကို ပစ်မှတ်ထားရပြီး ပထမဆုံးက အိန္ဒိယနိုင်ငံသားတွေကို စတင်လိမ်လည်ရတာပါ။

သူအလုပ်လုပ်တဲ့ ကျားဖြန့်မှာ အိန္ဒိယဖုန်းနံပါတ်ပေါင်းမြောက်မြားစွာကို ဝယ်ယူထားပြီး အဲဒီနံပါတ်တွေနဲ့ WhatsApp၊ Telegram တို့ကနေ ချဥ်းကပ်လိမ်လည်ရပါတယ်။

“အင်္ဂလိပ်လို ကိုယ်က ဘယ်သူ၊ ဘယ်ကဆိုပြီး WhatsApp ကနေ အရင် သွားမိတ်ဆက်ရတယ်။ LinkedIn (အလုပ်ရှာသူအများစုအသုံးပြုတဲ့ဆိုရှယ်မီဒီယာ) ကုမ္ပဏီက HR အနေနဲ့ပေ့ါ။ ပြီးရင် လုပ်ငန်းအကြောင်း မိတ်ဆက်တယ်။ ရင်နှီးမှု ယူတယ်။ ကျွန်တော်တို့ရဲ့ ယူကျူမှာတင်ထားတဲ့ ပိုစ့်ကြော်ငြာတွေကို ပြတယ်။ အဲဒီကြာ်ငြာတွေကို တစ်ရက်ကို ၅ မိနစ်လောက် Like & Share၊ Subscribe လုပ်ခိုင်းတယ်။ ပြီးရင် Share ထားတဲ့ Screenshot တွေကို ပြန်ပို့ခိုင်းတယ်။ အဲဒီလို လုပ်ရင် ပိုက်ဆံရတယ်ဆိုတာကို ယုံအောင်ပြောရတယ်။ တစ်ဖက်ကယုံကြည်ပြီဆိုရင် သူ့ကို ပိုက်ဆံထုတ်ပေးတဲ့ Reception (ဧည့်သည်ဝန်ဆောင်မှု) နဲ့ချိတ်ပေးလိုက်တယ်။ သူ့တယ်လီဂရန်အကောင့် တောင်းတယ်။ သူကလည်း တယ်လီဂရန်အကောင့်ရှိဖို့ လိုတယ်။ အဲဒီကနေ ဆက်ပြောတယ်။ ကျွန်တော်တို့ တာဝန်က အဲဒီအထိ Customer (ရင်းနှီးမြုပ်နှံဖို့စိတ်ဝင်စားသူ) ရှာပေးရတာပေ့ါ”လို့ ကိုမိုးညိုကပြောပါတယ်။

ကနဦးမှာ ယူကျူပို့စ်တွေ ရှယ်ပေးသူတွေကို ကျားဖြန့်ငွေလွှဲဌာနက ပိုက်ဆံတကယ်ထုတ်ပေးပါတယ်။ ယုံကြည်အောင်လို့ အဲဒီလို ထပ်တလဲလဲအလုပ်ခိုင်းပြီး ပိုက်ဆံလည်း ထုတ်ပေးခဲ့ပါတယ်။

အဲဒီနောက် လိမ်လည်ခံရသူကို အမြတ်ရမယ်ဆိုပြီး သူတို့အလုပ်မှာပါ ငွေကြေးရင်းနှီးမြှုပ်နှံဖို့ ထပ်မံဆွဲဆောင်ပါတယ်။ ကနဦးမှာ ရင်းနှီးငွေအလိုက် အမြတ်ငွေတကယ် ထုတ်ပေးခဲ့ပါတယ်။

“နောက်ပိုင်း အဆင့်တွေများလာလေ သွင်းရတဲ့ ငွေပမာဏလည်း များလာတယ်။ သူရတဲ့ အမြတ်လည်း များလာတယ်။ မက်လုံးပေးတယ်ပေ့ါ။ သူကလည်း မိနစ်ပိုင်းလေးနဲ့ ပိုက်ဆံတွေ အများကြီးရတော့ ပိုက်ဆံ‌တွေ လောဘတက်ပြီး အများကြီး ထပ်ထည့်တယ်။ အဲဒီအချိန်မှာ သူ့အကောင့်ကို ဘလော့တာတို့ ဖျက်ချတာတို့ လုပ်ပစ်လိုက်တာ။ အဲဒီနည်းနဲ့လိမ်တာပေ့ါ” လို့ ကိုမိုးညိုက ပြောပြပါတယ်။

အိန္ဒိယနိုင်ငံသားတွေကိုပစ်မှတ်ထားလိမ်လည်တုန်းက တစ်ရက်ကို ၅ ယောက်လောက် လူရှာပေးရပြီး အဲဒီပစ်မှတ်ကို လူသိများလာချိန်မှာ လိမ်လို့အရင်လောက်မလွယ်ကူတော့သလို လူရှာရတာခက်လာခဲ့ပါတယ်။ တစ်ရက် လူငါးဦး မရရင် အချိန်ပိုနာရီဝက် အလုပ်ထပ်ဆင်းရပါတယ်။

အပေါ်က နည်းလမ်းတွေက ဖုန်းနံပါတ်ကိုသုံးပြီး အဲဒီကတစ်ဆင့် လူတွေအသုံးများတဲ့ Application – အပလီကေးရှင်း တွေနဲ့ ချဥ်းကပ် လိမ်လည်ရတာပါ။

တချို့နိုင်ငံတွေမှာတော့ ဖုန်းနံပါတ်နဲ့ တင် မလုံလောက်ပါဘူး။ Dating software (ဖူးစာရှင်ရှာတဲ့အပလီကေးရှင်း) တွေကနေ လိမ်လည်ရတာလည်းရှိပါတယ်။

“ဖုန်းနဲ့ တိုက်ရိုက်က မလွယ်ဘူး။ ဖုန်းမှားတဲ့ ပုံစံနဲ့ စာရိုက်ပြောရတာပေ့ါ။ ကိုယ်က အင်္ဂလိပ်လို ရေးတတ်ဖို့တော့ လိုတာပေ့ါ။ နောက်ဆုံးကတော့ Dating software နဲ့ ရှာတယ်။ ပုံမလိုတဲ့ ဖုန်းနံပါတ်နဲ့ဆိုရင်တော့ တစ်ရက်ကို တစ်ယောက်နှစ်ယောက်ရဖို့ မနည်းပြောရတယ်။ ဖုန်းမှားတဲ့ ပုံစံနဲ့ ပြောရဝာာဆိုတော့ ခက်တယ်။ Dating ကျတော့ ကုမ္ပဏီက အကောင့်ဖွင့်ပေးတယ်။ အာရှအမျိုး သမီးပုံစံပေ့ါ။ တရုတ်မော်ဒယ်တွေရဲ့ ပုံတွေကို အင်စတာဂရမ်ကနေ ယူတယ်။ အဲဒီအမျိုးသမီးတွေရဲ့ ခရီးသွားပုံ၊ တစ်ရက်တာ လှုပ်ရှားမှုပုံတွေ အကုန်ယူသုံးတာ။ ရေကူးကန်မှာ ရေကူးတာတို့၊ ရေချိုးတာတို့ Sexy- ဆက်ဆီ ပိုင်းနဲ့ သွားတဲ့ ပုံစံမျိုးပေ့ါ။ ၃/၄ ရက်လောက် ရင်းနှီးမှုယူရတာပေ့ါ” လို့ ကိုမိုးညိုက အမျိုးသမီးပုံစံနဲ့ ချဥ်းကပ်ရပုံကို ပြောပြပါတယ်။

Dating အပလီကေးရှင်းကနေ ရင်းနှီးသွားပြီဆိုရင် WhatsAppနဲ့ Telegram အကောင့်တွေတောင်းပြီး သူငယ်ချင်းလိုရင်းနှီးအောင် စကားပြော အဲဒီကတစ်ဆင့် သမီးရည်းစားဖြစ်ဖို့အထိ ဆွဲဆောင်ရပါတယ်။

တစ်ဖက်က ဗီဒီယိုကော ပြောဖို့ တောင်းဆိုလာရင် အကြောင်းပြချက်မျိုးစုံပေးပြီး ရှောင်တိမ်းရပါတယ်။ တစ်ချိန်တည်းမှာပဲ ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်လွှဲပြောင်းမှုတွေလုပ်ဖို့ ခရစ်တိုကာရန်စီ (cryptocurrency) ကို စတင်မိတ်ဆက်ပါတယ်။

“Cryptocurrency ဆိုတာ ဒီမှာဆို kpay ၊ wave pay (Wallet App) တို့လို့ ပုံစံမျိုးပဲ။ တစ်ဖက်က ခရစ်တိုကို စိတ်ဝင်စားပြီဆိုရင် ဒေါင်းပြီး အကောင့်‌ ဖွင့်ခိုင်းတာပေ့ါ။ တရုတ်တွေက သူတို့ထွင်ထားတဲ့ အလိမ်ဆော့ဖ်ဝဲတွေ သုံးပြီးလုပ်တာ။ ဘဏ်အကောင့်ရှိရင် ပိုအဆင်ပြေတယ်။ ဘဏ်အကောင့် ကနေ cryptocurrency အကောင့်ကို ပိုက်ဆံအလွယ်ထည့်လို့ရတယ်။ ဒေါ်လာ ၁၀၀ ထည့်ရင် Gold coin တစ်ရာရမယ်ဆိုပါတော့။ အဲဒီမှာ အကြွေစေ့ ၁၀၀ ဆိုရင် ပွိုင့်က ဘယ်လောက်ရတာပေ့ါ။ အကောင့်ထဲမှာ ငွေဘယ်လောက်ရှိတယ်။ အမြတ်ဘယ်လောက်ရှိတယ်ဆိုတာ ပေါ်နေတာ။ ထည့်လိုက်တဲ့ ပိုက်ဆံရဲ့ ပမာဏအလိုက် အမြတ်ငွေက မိနစ်တိုင်း တက်နေတာ။ ထုတ်လို့တော့မရဘူး။ ဒေါ်လာဆိုတော့ ငွေကြေးလည်း မြင့်တယ်လေ။ အဲဒီကနေ ထည့်တဲ့ ပမာဏများပြီး အမြတ်လည်း များလာမယ်။ နောက်ဆုံးမှာ တရုတ်တွေ ထွင်တားတဲ့ cryptocurrency အကောင့်ထဲကို ပိုက်ဆံတွေက အကုန်ရောက်ကုန်တာ။ အဲဒီနည်းအတိုင်း လိမ်ရတာမျိုးပဲ” လို့နောက်ထပ် လိမ်နည်းတစ်မျိုးနဲ့ သားကောင်ရှာဖွေရပုံကို ကိုမိုးညိုက ပြောပြပါတယ်။

အွန်လိုင်းလောင်းကစားရုံတွေရှိတဲ့ ရွှေကုက္ကို မြင်ကွင်း

အိန္ဒိယပြီးတော့ ဘရားဇီးနဲ့ မက္ကဆီကိုဘက် မြားဦးလှည့်
အိန္ဒိယကနေ လိမ်လည်သူတွေထပ်ရဖို့ နည်းသွားတဲ့အခါ တောင်အမေရိကတိုက်က ဘရားဇီးနဲ့ မက္ကဆီကို နိုင်ငံတွေဘက်ကို ဦးတည်လိမ်လည်ဖို့ အလုပ်က ခိုင်းပါတယ်။

မက္ကဆီကိုနိုင်ငံသားတွေကိုလိမ်လည်ရချိန်မှာ တစ်ရက်ကို ၁၂ ယောက်လောက်အထိ ရှာပေးရပါတယ်။ စျေးကွက်အသစ်မို့ ကနဦးလူရှာရတာလွယ်ပေမဲ့ တစ်လကျော်လောက်ကြာတော့ ထပ်လိမ်လို့ မလွယ်ကူတော့ပါဘူး။

လိမ်ပါများတော့ သံသယဝင်လာပြီး ကိုမိုးညိုတို့ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲအသုံးပြုတဲ့ WhatsApp၊ Telegram အကောင့်တွေ အပိတ်ခံရပုံပေါ်ပြီး ဆက်အသုံးပြုလို့မရတာကြုံရပါတယ်။

ဒါကြောင့် ဘရာဇီးနိုင်ငံဘက် ပြောင်းလိမ်ခဲ့ရပြန်ပါတယ်။

ကိုမိုးညို ကျားဖြန့် လုပ်ခဲ့တဲ့လေးလကျော်အတွင်း သုံးနိုင်ငံကို ပြောင်းလိမ်ခဲ့ပေမဲ့ လိမ်ပုံလိမ်နည်းတွေကတော့ မပြောင်းလဲပါဘူး။

ကိုမိုးညိုရဲ့ သူဌေး ဘယ်သူလဲ

ကိုမိုးညိုရဲ့ ကျားဖြန့်သူဌေးအလုပ်ရှင်တွေက အသက် ၃၀ ကျော်၊ ၄၀ ဝန်းကျင်ရှိတဲ့ တရုတ်လင်မယားနှစ်ဦးပါ။ သူတို့တွေက ကိုမိုးညိုတို့ လုပ်ငန်းခွင်ထဲကို လှည့်ပတ်သွားလာလေ့ရှိပေမဲ့ စကားတိုက်ရိုက်ပြောရတာမျိုးမရှိဘဲ တရုတ်စကားတတ်တဲ့ မြန်မာနိုင်ငံသား စကားပြန် က တစ်ဆင့်သာ ပြောပါတယ်။

အလုပ်ချိန်မနက် ကိုးနာရီကနေ ညကိုးနာရီအထိဖြစ်ပေမဲ့ ကိုယ်လိမ်ရမယ့်နိုင်ငံရဲ့ စံတော်ချိန်ကိုလိုက်ပြီး အလုပ်ချိန် ပြောင်းလုပ်ပေးရတာတွေရှိပါတယ်။

လုပ်ငန်းခွင်ထဲ အိပ်ပျော်နေတာတွေ့ရင် ဘတ် ၅၀၀ အဖြတ်ခံရပါတယ်။ အိမ်သာသွားချိန် ဆယ်မိနစ်ပေးပြီး ဝန်ထမ်းအဝင်အထွက်ကို Time Card (အဝင်အထွက်ကတ်) ရိုက်ရပါတယ်။ သတ်မှတ်ချိန်လွန်ရင် ဒဏ်ရိုက်ပြီး ထမင်းစားချိန် ကန့်သတ်မထားဘဲ တရုတ်အစားအစာတွေ ကျွေးပါတယ်။

တစ်ရက်အတွင်း လိမ်လည်ရမယ့်သားကောင် အရေအတွက် မပြည့်ရင် မန်နေဂျာက တဆင့် သူဌေးကို ပြောရပြီး အချိန်ပို ဆင်းပေးရတာတွေရှိတယ်လို့ ကိုမိုးညိုက ပြောပါတယ်။

“အလုပ်စဝင်တဲ့ အစမ်းခန့် ၁၅ ရက်အတွင်းမှာတော့ စိတ်ဖိအားရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကာလအတွင်း အလုပ်ပြုတ်ခဲ့ရင် အလုပ်ခေါ်ရင် ဘတ် ၅၀၀၊ စောင် အိပ်ယာအတွက်က ဘတ် ၁၅၀၀နဲ့ ကိုဗစ်စစ်ခ အတွက် ဘတ် ၂၅၀ လျော်ရမယ့်အပြင် လုပ်ထားတဲ့ ၁၅ ရက်စာလည်း လခမရဖြစ်မှာလေ။ နောက်ပိုင်းတော့ ဖိအားမရှိတော့ပါဘူး။ လူဟောင်းလို ဖြစ်သွားတော့ အလုပ်ကတော့ အဆင်ပြေတယ်” လို့ ဆိုပါတယ်။

အခုတော့ ရှမ်းမြောက်က အွန်လိုင်းလောင်းကစားနဲ့ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖြိုခွဲခံခဲ့ရသလို အဲဒီကတချို့ ကျားဖြန့်လုပ်ငန်းတွေဟာ ထိုင်း-မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ မြန်မာပြည်တောင်ပိုင်းက မြဝတီမြို့နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ်မြို့တွေဆီ ရောက်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျားဖြန့်အလုပ်ကို ဘာကြောင့်စွန့်ခွာခဲ့သလဲ

လိုအပ်တဲ့ အသုံးအဆောင်အပါအဝင် စျေးဝယ်ထွက်ဖို့ အလုပ်ကနေ တစ်ပတ်ကို စနေ့နေ့ တစ်ရက် အပြင်ပေးထွက်ပါတယ်။ ကိုမိုးညိုတို့ အပြင်ထွက်မယ်ဆိုရင်မန်နေဂျာခွင့်ပြုချက်နဲ့ ဂိတ်အစောင့်တွေကို လိုက်ပြောပေးမှ ထွက်ခွင့်ရတာဖြစ်ပါတယ်။

မပျော်လည်းလုပ် ပျော်လည်းလုပ်ရင်းနဲ့ ပထမ ကျားဖြန့် ငွေလိမ်အလုပ်ကနေ US Chatting နာမည်နဲ့ ငွေလိမ်အလုပ်ကို ပြောင်းလုပ်နေချိန်မှာပဲ သူငယ်ချင်းနဲ့အတူ အလုပ်ထုတ်ခံလိုက်ရပါတယ်။

“ထွက်ချင်နေတာနဲ့ အတော်ပဲ။ တစ်လခွဲလောက်ပဲကြာလိုက်တယ်။ ပထမ ကုမ္ပဏီမှာ သုံးလဆိုတော့ စုစုပေါင်း လေးလခွဲလောက် အွန်လိုင်းစကမ် လုပ်ခဲ့ရတာပေ့ါ။ ရွှေကုက္ကိုမှာက အလုပ်ထုတ်ခံရလည်း နောက်ထပ်ကုမ္ပဏီတွေ ပြောင်းလျှောက်လို့ရတယ်။ သူငယ်ချင်းက တခြားကုမ္ပဏီပြောင်းပြီး အလုပ်လုပ်ရင်းကျန်ခဲ့တယ်။ ကျွန်တော်ကတော့ ဆက်မလုပ်တော့ဘဲ ပြန်လာခဲ့လိုက်တာ။ ဘာဖြစ်လို့လဲဆိုတော့ မကောင်းတဲ့အလုပ်ကို ဆက်မလုပ်ချင်တော့တာလည်းပါတယ်။ အလုပ်လုပ်တဲ့အချိန်တွေမှာလည်း စိတ်ခံစားချက်တွေ မကောင်းဘူး” လို့ တစ်ကိုယ်ရေ တစ်ကာယသမား ကိုမိုးညိုက ကျားဖြန့်ကိုအပြီးအပိုင် ကျောခိုင်းခဲ့ပုံ ကိုပြောပါတယ်။

အခုတော့ ကိုမိုးညိုတစ်ယောက်မြန်မာပြည်လည်းပြန်လို့မရသလို အလုပ်လက်မဲ့နဲ့ ထိုင်းမြန်မာနယ်စပ်မှာ သောင်တင်နေပါတယ်။

ဆင်းရဲကျပ်တည်းပေမဲ့လည်း တစ်ဖက်သားအပေါ် မတရားလိမ်လည်ရယူပြီးမှ ရတဲ့ လုပ်ခလစာကို မလိုချင်တော့တာကြောင့် နယ်စပ်မှာပဲ ပန်းရံလုပ်ရင်း ၊ ယာဥ်နောက်လိုက်လုပ်ရင်း စားဖို့သောက်ဖို့ ရှာဖွေရုန်းကန်နေရဆဲပါ။

ရွှေကုက္ကို မှာ ကျားဖြန့်တွေ ဆက်ရှိနေသေးလား

နယ်စပ်ဝင်ပေါက်တွေကနေပြန်လွှဲပေးရတဲ့ နိုင်ငံခြားသား ၅၂,၈၂၀ ဦးအနက် တရုတ်နိုင်ငံသားက ငါးသောင်းကျော်နဲ့အများဆုံးဖြစ်။

ထိုင်းအာဏာပိုင်တွေက မြန်မာစစ်ခေါင်းဆောင်ကိုဖိအားပေးပြီး နှစ်လမပြည့်ခင်မှာပဲ တာချီလိတ်က ထိုင်းနိုင်ငံသား တစ်ရာကျော်အပါအဝင် တရုတ်နဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်လုပ်ကိုင်နေတဲ့ အွန်လိုင်းကျားဖြန့်လုပ်ငန်းခွင်တစ်ခုကိုမြန်မာစစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပါသေးတယ်။ ဒါပေမဲ့ တာချီလိတ်မှာ အဲဒီလို ကျားဖြန့်အလုပ်တွေအမြောက်အမြားရှိနေတုန်းပဲလို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမဲဆောက်ကတဆင့် မြဝတီ KK Park နဲ့ ရွှေက္ကိုက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်စေခိုင်းခံနေရတဲ့ တရုတ်နိုင်ငံသားတွေကို ဒီနှစ် ဖေဖော်ဝါရီ ၂၉ ရက်ကစလို့ တရုတ်နိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

ထိုင်း – မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် မယ်ထော်သလေးဒေသ KK Park နဲ့ ရွှေက္ကို ထဲမှာရှိတဲ့ တရားမဝင် အွန်လိုင်းငွေလိမ် ဂိုဏ်းတွေထဲရောက်နေတဲ့ တရုတ်နိုင်ငံသား ၉၉၇ ဦးကို ထိုင်းကတဆင့် တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်တယ်လို့ BGF ဗိုလ်မှူးချုပ်စောချစ်သူက ဘီဘီစီကို ပြောထားပါတယ်။

အဲဒီလိုပြန်လွှဲတဲ့အထဲမှာ ကိုမိုးညိုရဲ့ သူဌေးတရုတ်လင်မယားနှစ်ဦး ပါမပါကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ လက်ရှိမှာ ရွှေကုက္ကိုကို ထိန်းချုပ်ထားတဲ့ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ဟာလည်း စစ်ကောင်စီလက်အောက်ကနေ ခွဲထွက်ခဲ့ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNA အဖြစ် အမည်ပြောင်းပြီး သီးခြားရပ်တည်နေပါတယ်။

နယ်စပ်ဒေသတွေကနေ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းပေးရာမှာ စစ်ကောင်စီရဲ့ တရားဝင်ထုတ်ပြန်ချက်အရ​ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက် ကနေ ၂၀၂၄ ခုနှစ် မတ်လ ၅ ရက်နေ့အထိ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံသား စုစုပေါင်း ၅၂၈၂၀ ဦး ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသားက ငါးသောင်းနဲ့ ၇၇၂ ဦး နဲ့အများဆုံး ပါဝင်နေတာတွေ့ရပါတယ်။

တရားမဝင် နေထိုင်သူတွေကို ဆက်လက်စိစစ်ဖော်ထုတ်ပြီး ပြန်ပို့မယ်လို့လည်း စစ်ကောင်စီက ပြောသလို ဗိုလ်မှူးကြီးစောချစ်သူအဖွဲ့ကလည်း ရွှေကုက္ကိုထဲမှာ အွန်လိုင်းငွေလိမ်သူတွေကို အဝင်မခံဘူးလို့ ဘီဘီစီကိုပြောထားပါတယ်။

ဒါပေမဲ့ တယ်လီဂရန်နဲ့ ဖေ့စ်ဘွတ်လို လူမှုကွန်ရက်တွေမှာတော့ ရွှေကုက္ကိုက ကျားဖြန့်လုပ်ငန်းတွေမှာ Finding လို့ခေါ်တဲ့ သားကောင် ရှာဖို့နဲ့ Chatting လို့ခေါ်တဲ့လိမ်လည် ဆွဲဆောင်စည်းရုံးမှုတွေ လုပ်ဖို့ အလုပ်ခေါ်စာတွေကို ၂၀၂၄ ခုနှစ် မတ်လဆန်းအထိ တွေ့နေရဆဲပါ။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။