ရန်ကုန်မြို့အတွင် နိုဝင်ဘာ ၁၂ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ မြွေများ ၇ ကြိမ်ခန့် အထိ တွေ့ရှိ

Local News

ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၂ရက်နေ့မှ နိုဝင်ဘာ ၂၃ရက်နေ့အထိ လမ်းသွားလမ်းလာနှင့် နေအိမ်ခြံဝင်းတို့တွင် မြွေများတွေ့ရှိမှု ခုနစ်ကြိမ် ရှိခဲ့ပြီး ထိုထဲတွင် ကြီးမားသည့် စပါးအုံး မြွေများလည်း ပါဝင်သည်။

ဖော်ပြပါ ၁၂ ရက်အတွင်း မီးသတ်တပ်ဖွဲ့မှ ဖမ်းဆီးပေးခဲ့ရသည့် မြွေ ခုနစ်ကောင် အနက် နှစ်ကောင်မှာ အရွယ်အစားကြီးမားသည့် စပါးအုံး မြွေများဖြစ်သည်။

စပါးအုံးကဲ့သို့ အရွယ်အစားကြီးမားသည့် မြွေအမျိုးအစားအပါအဝင် မြွေတွေ့ရှိမှု များလာရခြင်းမှာ  ၎င်းတို့နေထိုင်ရာ မြေအောက်တွင် ပြောင်းလဲမှု တစုံတရာရှိနေနိုင်ခြင်းနှင့် အစာရှာဖွေရေးအတွက် ထွက်ရှိလာသည့် သဘော ဖြစ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် အချို့က ပြောသည်။

“အခုလိုမျိုး လက္ခဏာတွေပြတယ်ဆိုရင်တော့ သတိထားဖို့လိုတယ်ပေါ့နော်။ သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားတွေဖြစ်လာနိုင်တယ်။ အထူးသဖြင့် အောက်ခြေမှာ မြေအောက်မှာဖြစ်နေတဲ့ ဟာတွေက ဘာတွေဖြစ်နေမှန်းမသိဘူး။ ငလျင်တွေ ဒီ့ထက်လှုပ်လာမလား။ ရေတွေ ဒီ့ထက်ခမ်းသွားမလား။ အဲ့ဒါမျိုးတွေနဲ့ ဆိုင်တယ်လို့တော့ ထင်တယ်” ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဒေဝီသန့်စင်က ပြောသည်။

မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်ကတော့ ယခုကဲ့သို့ မြွေများထွက်လာခြင်းသည် အစာရေစာရှာဖွေစားသောက်ရန်အတွက် ထွက်လာခြင်းလည်း ဖြစ်နိုင်ကြောင်း ဆိုသည်။

“စားချိန်တန်လို့ အစာစားဖို့ထွက်လာတာလည်းဖြစ်နိုင်တယ်။ အကယ်၍သာ ရာသီဥတုအခြေအနေပူလို့ ဘာလို့ နေလို့မရဘူးဆိုရင် တခြား သတ္တဝါတွေပါ ထွက်လာရမှာလေ။ တခြားသတ္တဝါတွေဆိုတာ ဥပမာ တီကောင်လိုဟာမျိုး မြေအောက်မှာနေတဲ့ အခြားအင်းဆက်လိုဟာမျိုး ကြွက်လိုဟာမျိုး၊ ပူးလိုဟာမျိုး အဲ့ဒါတွေက အကုန်လုံးထွက်လာကြရမှာပဲပေါ့” ဟု ဒေါက်တာသိန်းအောင်က ပြောသည်။

မြို့ပြအသိုင်းအဝိုင်းတွင် တောရိုင်းတိရစ္ဆာန်များ ရှိနေခြင်း၊ ထိန်းသိမ်းထားခြင်းသည် အဆင်မပြေကြောင်းနှင့် အကယ်၍ မထိန်းနိုင်ပါက ၎င်းတို့သည်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအား အကျိုးမပြုကြောင်း ၎င်းကပြောသည်။

“မြို့ပေါ်မှာနေနေတယ် အစာရေစာ မှန်မှန်မစားရ သူလိုချင်တဲ့ ရှင်သန်မှု ပြည့်ပြည့်စုံစုံမရှိတဲ့ အကောင်တွေသည် သဘာဝကို ပြန်ပြီးတော့ အကျိုးပြုဖို့ဆိုတာ ခဲယဉ်းတယ်။ သဘာဝပတ်ဝန်းကျင်အရဆိုရင်တော့ မြို့တွေပေါ်မှာရှိတဲ့ အကောင်တွေကို တွေ့တယ်ဆိုရင် ဖမ်းယူပြီးတော့ တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေးစင်တာလိုဟာမျိုးမွေးပါ ပြီးရင် သဘာဝထဲကို ပြန်လွှတ်ပေးတာအကောင်းဆုံးပဲ ” ဟု  မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်က ဆိုသည်။

ရန်ကုန်မြို့အတွင်း မြွေတွေ့ရှိမှုများအနက် မရမ်းကုန်းမြို့နယ်တစ်ခုတည်းမှာပင် တွေ့ရှိမှု လေးကြိမ်ရှိခဲ့ပြီး စပါးအုံးမြွေနှစ်ကောင်နှင့် အခြားအမျိုးအစား မြွေ နှစ်ကောင်ကို တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

မြွေတွေ့ရှိခဲ့သည့် ဖြစ်စဉ်များ

  • ၁။နိုဝင်ဘာ၁၂ရက်နေ့ကမရမ်းကုန်းမြို့နယ်အမှတ် (၇) ရပ်ကွက်ကမ္ဘာအေးဘုရားလမ်းမကြီး၊     နဝဒေးလမ်းရှိနေအိမ်တွင်အရှည်ရှစ်ပေ၊လုံးပတ်၁၀လက်မရှိသည့်စပါးအုံးမြွေကြီးတွေ့ရှိခဲ့။
  • ၂။နိုဝင်ဘာ၁၃ရက်နေ့ကကမာရွတ်မြို့နယ်၊အမှတ် (၁၀) ရပ်ကွက်၊အင်းလျားလမ်းရှိခြံဝန်းအတွင်းမြွေတစ်ကောင်ဝင်ရောက်ခဲ့။
  • ၃။နိုဝင်ဘာ၁၆ရက်နေ့မှာလည်းရန်ကင်းမြို့နယ်၊အမှတ်၁၂ရပ်ကွက်၊သစ္စာလမ်းလမ်းရှိအမှတ်၁၂ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင်သံကွင်းစွပ်မြွေအရှည်သုံးပေ၊လုံးပတ်သုံးလက်မခန့်မြွေတစ်ကောင်တွေ့ရှိခဲ့။
  • ၄။နိုဝင်ဘာ၁၇ရက်နေ့ကမရမ်းကုန်မြို့နယ်၊အမှတ် (၁၀) ရပ်ကွက်၊အင်ယားလိတ်လမ်းပေါ်တွင်လုံးပတ်တစ်ပေခန့်၊အရှည်၁၅ပေပခန့်စပါးအုံးမြွေတစ်ကောင်တွေ့ရှိခဲ့။
  • ၅။နိုဝင်ဘာ၁၈ရက်နေ့ကတိုက်ကြီးမြို့နယ်၊ရှမ်းစုရပ်ကွက်၊ရှမ်းဘက် (၁) လမ်းရှိနေအိမ်မှာမြွေတစ်ကောင်ဝင်ရောက်ခဲ့။
  • ၆။နိုဝင်ဘာ၂၁ရက်နေ့တုန်းကလည်းမရမ်းကုန်းမြို့နယ်၊အမှတ် (၈) ရပ်ကွက်၊ဝံသာရက္ခိတလမ်းရှိနေအိမ်တွင်  မြွေတစ်ကောင်တွေ့ရှိခဲ့။
  • ၇။နိုဝင်ဘာလ၂၃ရက်နေ့တွင်မရမ်းကုန်းမြို့နယ်၊အမှတ် (၈) ရပ်ကွက်၊ဝံသာရက္ခိတလမ်းရှိနေအိမ်မှ  မြွေတစ်ကောင်တွေ့ရှိခဲ့။

Leave a Reply