ဒီးမော့ဆိုမြို့နယ် ပတိုငံရွာသို့ ရောက်ရှိလာသူ တစ်ဦးအား ရွာသားလေးဦးက ၀ိုင်းဝန်းထိုးကြိတ်မှုကြောင့် သေဆုံးခဲ့ပြီး ဂူအတွင်းပစ်ချခံခဲ့ရ

Local News

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မယားငယ်ဖြစ်သူ၏ ပတိုငံရွာသို့ သွားရောက်သူတစ်ဦး ရွာသားများနှင့် စကားများပြီး ၀ိုင်းဝန်းထိုးကြိတ်ခံရကာ သေဆုံးသွားသဖြင့် ဂူအတွင်း ပစ်ချခဲ့သောကြောင့် ရွာသားလေးဦးအား ပ/၃၀၂/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ခေါက်ပလော့ကျေးရွာနေ သေဆုံးသူ ၄၆ နှစ်အရွယ် ဦးခွန်းစိုးနိုင်မှာ နိုဝင်ဘာ ၂၄ ရက်တွင် ပတိုငံကျေးရွာရှိ မယားငယ်အိမ် သွားမည်ဟုဆိုကာ အိမ်ပြန်မရောက်လာသောကြောင့် ကူညီစုံစမ်းပေးပါရန် သေဆုံးသူ၏ သားဖြစ်သူက နိုဝင်ဘာ ၂၆ ရက်တွင် ဒီးမော့ဆိုရဲစခန်းသို့ လာရောက်တိုင်တန်း အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ထိုသို့လာရောက် တိုင်ကြားသောကြောင့် စခန်းမှူး ဒုရဲမှူးအနိုင်နှင့် တာဝန်ရှိသူများက သေဆုံးသူ သွားရောက်ခဲ့သောရွာသို့ နိုဝင်ဘာ ၂၆ ရက်တွင် သွားရောက်ခဲ့ရာ အရက်သေစာ သောက်စားနေကြသော ပတိုငံရွာသားများမှာ လူမှုရေး ဖောက်ပြန်မှုအကြောင်း ပြောဆိုပြီး သေဆုံးသူနှင့် စကားများကြပြီး ရွာသားလေးဦးက အိမ်ပေါ်မှဆွဲချ ၀ိုင်းဝန်းထိုးကြိတ်ကြကြောင်း သိရသည်။

၀ိုင်းဝန်းထိုးကြိတ်ပြီး ရွာအပြင်ဘက်သို့ ခေါ်လာစဉ် လမ်းတွင် သေဆုံးသွားသောကြောင့် ရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာ တောင်ခြေရှိ ဂူအတွင်းသို့ ပစ်ချခဲ့ကြောင်း ရွာသားလေးဦးအား ခေါ်ယူစစ်ဆေးရာထွက် ဆိုကြသည်ဟု သိရသည်။

“သူတို့ရန်ဖြစ်ကြတာက ဒီလိုဖောက်ပြန်ရင် ရွာနာတယ် ရွာဆေးရမယ်ပေါ့။ ရိုးရာအရ ရွာဆေးဖို့ပြောတာ ပွဲလုပ်ဖို့ ပြောတာမှာ စကားတွေများကြတာပဲ။ နောက်သူတို့ ရွာပြင်ထွက်ခေါ်သွားတာပဲ” ဟု ပဒိုငံကျေးရွာနေ မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးက ပြောကြားသည် ။

သေဆုံးသူအား ပစ်ချခဲ့သော ဂူအတွင်းသို့ သွားရောက် ရှာဖွေရာ မျက်ခုံးဝဲယာ နှစ်လက်မခန့်ပေါက်ပြဲ/ ဦးခေါင်းယာဘက်ချိုး စောင်းချိုင့်ဝင်၊ ဝဲဘက်ဒူးခေါင်းရိုးကျိုး၊ ဝဲခြေသလုံးစုတ်ပြတ်၊ ယာလက်ဖျံစုတ်ပြဲ၊ မေးရိုး နှစ်လက်မခန့် ပေါက်ပြဲ စသည့်ဒဏ်ရာ အသီးသီး တွေ့သောကြောင့် ဒီးမော့ဆိုဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ကြောင်း သိရသည်။

သေဆုံးသည်အထိ ရိုက်ခဲ့ကြသော ပီတာမီရယ် ၂၄ နှစ်၊ ဘိုးရယ်  ၃၈ နှစ်၊ ဘီဗျားနို  ၃၃ နှစ်၊ ဆိုတေးရို ၃၆ နှစ်တို့အား သေဆုံးသူသား ဖြစ်သူက တရားလိုပြုလုပ်၍ အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Leave a Reply