တောင်ကိုရီးယား မဲရုံတွေမှာ လျှို့ဝှက်ကင်မရာ လေးဆယ်တွေ့ပြီးနောက် ဖမ်းဆီးမှု

International News
တောင်ကိုရီးယား မဲရုံတွေမှာ လျှို့ဝှက်ကင်မရာ လေးဆယ်တွေ့ပြီးနောက် ဖမ်းဆီးမှု

ရွေးကောက်ပွဲအကြို မဲဆွယ်မှုတွေလုပ်

ယူကျုသမားတယောက်ကို ကူညီဖို့ ဒီလ တောင်ကိုရီးယား လွှတ်တော် ရွေးကောက်ပွဲတွေမတိုင်ခင် မဲရုံတွေမှာ ဒါဇင်နဲ့ချီတဲ့ ကင်မရာတွေ ခိုးတပ်မှုနဲ့ စွပ်စွဲခံရတဲ့ အမျိုးသား နှစ်ယောက်ကို တောင်ကိုရီးယားရဲက ရှာဖွေနေပါတယ်။

ဒီလူတွေဟာ ရွေးကောက်ပွဲ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး အခြေအမြစ်မရှိ ပြောကြားချက်တွေကို သက်သေထူချင်နေတဲ့ လူမှုကွန်ရက်မှာ ထင်ရှားသူတယောက်အတွက် အလုပ်လုပ်ပေးသူတွေလို့ တောင်ကိုရီးယား အာဏာပိုင်တွေက ယူဆပါတယ်။

အသက် ၄ဝ ကျော်အရွယ် လူမှုကွန်ရက်မှာ ထင်ရှားသူကိုတော့ အရင်ပတ်ကပဲ ဖမ်းဆီးခဲ့ပါတယ်။

ဧပြီလ ၁၀ ရက်မှာ တောင်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲ လုပ်မယ်

တောင်ကိုရီးယား လွှတ်တော် ရွေးကောက်ပွဲ ကြိုတင်မဲပေးပွဲတွေကို သောကြာနဲ့ စနေနေ့တွေ ကျင်းပဖို့ ရှိပါတယ်။

နိုင်ငံအနှံ့ မဲရုံနဲ့ မဲရေတဲ့ နေရာတွေ အပါအဝင် နေရာ လေးဆယ်လောက်မှာ တရားမဝင် တပ်ဆင်ထားတဲ့ ကင်မရာတွေ ရှာတွေ့ခဲ့ကြောင်း ကိုရီးယား အနောက်ပိုင်း အင်ချွန်းမြို့က ရဲက ပြောပါတယ်။

ဒီကင်မရာအများစုကို ဆက်သွယ်ရေး ပစ္စည်းတွေလို ပုံဖျက်ထားကြောင်း စင်္ကာပူ စထရိတ်တိုင်း သတင်းစာက ရေးပါတယ်။


ကိုဗစ်အပြီး ပထမဆုံးလုပ်မယ့် တောင်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲ

အသက် ၅ဝ နဲ့ ၇ဝ ကျော်အရွယ် အမျိုးသား နှစ်ဦးကို ရှာဖွေနေကြောင်း တောင်ကိုရီးယား စုံစမ်းစစ်ဆေးရုံး အကြီးအကဲက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

သူတို့ကို စွဲဆိုထားတဲ့အထဲ ဒီအဆောက်အအုံတွေထဲကို ဥပဒေမဲ့ ဝင်ရောက်မှုနဲ့ လုံခြုံရေး ဥပဒေကို ချိုးဖောက်မှုတွေ ပါကြောင်း တောင်ကိုရီးယားက ယုန်ဟပ် သတင်းအေဂျင်စီက ပြောပါတယ်။

ဒီလူမှုကွန်ရက်ထင်ရှားသူမှာ လက်ယာစွန်း နိုင်ငံရေးအမြင်ရှိသလို တောင်ကိုရီးယား ရွေးကောက်ပွဲတွေမှာ စွက်ဖက်မှုတွေ ရှိခဲ့ပြီး ဒီလို ဆက်ဖြစ်နိုင်တယ် ဆိုပြီး သူ့ယူကျုချန်နယ်ကနေ ပြောခဲ့ဖူးကြောင်း သိရပါတယ်။

သူ့ကို ဖမ်းပြီးနောက် သတင်းဌာနတွေက မေးမြန်းတဲ့အခါ ကြိုတင်မဲပေးသူအရေအတွက်ကို စစ်ချင်လို့ ဆိုပြီး ဒီလူက ဖြေကြားကြောင်း စထရိတ်တိုင်း သတင်းစာမှာ ပါရှိပါတယ်။

ကြိုတင်မဲပေးမှုနဲ့ အဓိက မဲပေးမှုကြားက ရလဒ်တွေ သိသိသာသာ ကွာဟမှုကို သူ သံသယရှိတယ်လို့လည်း ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ မနှစ်က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ ကြိုတင်မဲပေးရုံတွေမှာ ဒီယူကျုသမားက ကင်မရာတွေ တပ်ထားခဲ့တာကို တွေ့ရကြောင်း ဒီသတင်းစာမှာ ပါရှိပါတယ်။

မဲပေးဖို့ ပြင်ဆင်နေပြီ

နောက်ထပ် လျှို့ဝှက်တပ်ဆင်ထားတဲ့ ကင်မရာတွေကိုလည်း တောင်ကိုရီးယား အာဏာပိုင်တွေ ဆက်ပြီး ရှာဖွေနေပြီး မဲမပေးခင်မှာ နောက်ထပ် စစ်ဆေးတာတွေ လုပ်မယ်လို့ ဆိုပါတယ်။

ကြိုတင်မဲပေးဖို့ မဲရုံ ၃၅ဝဝ ကျော် ဖွင့်ပေးမှာ ဖြစ်ပြီး တကယ်မဲပေးမယ့် ဧပြီလ ၁၀ ရက်မှာတော့ အဲဒီထက် လေးဆကျော် ဖွင့်ပေးမှာ ဖြစ်တယ်လို့ ကိုရီးယားတိုင်း သတင်းစာမှာ ဖော်ပြပါတယ်။

ဒီရွေးကောက်ပွဲကနေ လွှတ်တော်အတွက် အမတ် ၃ဝဝ ကို တင်မြှောက်ပေးမှာ ဖြစ်ပါတယ်။

နောက်ဆုံးလုပ်ခဲ့တဲ့ တောင်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲကို ကိုဗစ်ကပ်ဘေးအတွင်း ၂၀၂၀ တုန်းက လုပ်ခဲ့ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။