ကိုယ့် ဖူးစာရှင် အမှန်ဟုတ်မဟုတ် တွက်နည်း

Astrology
ကိုယ့် ဖူးစာရှင် အမှန်ဟုတ်မဟုတ် တွက်နည်း

ဒီနည်းလေးကတော့ ကိုယ့်ဟာကိုယ် ၊ ဟိုတွက် ဒီတွက် တွက်ရင်းနဲ့ အမှတ်မထင် တွေ့ရှိထားတဲ့ နည်းလေးဖြစ်ပြီး လက်တွေ့ အိမ်ထောင်ကျပြီးသားဇာတာတွေနဲ့ တိုက်ဆိုင်ကြည့်တော့လည်း “အမှန်များလို့” တင်ပေးလိုက်ပါတယ်။ ၁၀၀ % တော့ မှန်ချင်မှ မှန်မယ်ပေါ့။ ၈၀% အထက်မှာတော့ အမှန်ရှိပါတယ်။

ကိုယ့်ချစ်သူ (သို့) ကိုယ် ချစ်နေရတဲ့ သူရဲ့ အင်္ဂလိပ် မွေးရက်နဲ့ ဘာနေ့သားသမီးလဲ ? ဆိုတာ သိရင် ဒီတွက်နည်းလေး တွက်ရပါပြီ။ ရက်က အင်္ဂလိပ်ရက် ဖြစ်ရမယ်။ နေ့က မြန်မာနေ့ဖြစ်ရမယ်။ အင်္ဂလိပ်ရက် နဲ့ မြန်မာနေ့ – ဆိုတော့ တစ်မျိုးကြီးဘဲနော်။ “ကပြား” တွက်နည်းလို့ ဆိုရမှာပေါ့။ သူ့ဟာသူ အစစ်ဖြစ်ဖြစ် ၊ ကပြားဖြစ်ဖြစ် မှန်ဖို့က လိုရင်းဘဲ မဟုတ်လား။ ဒီတော့ ငြင်းမနေနဲ့။ တွက်ကြည့်။
တွက်နည်းက တကယ့်လွယ်လွယ်လေးပါ –
ဆရာကြီး၏ ပညာကိုယခု Post တင်ပြီးဂါရဝပြုအပ်ပါသည် ( ဗေဒင်ဝါသနာအိုး )
(က) ကိုယ့် မွေးရက် နဲ့ သူ့မွေးရက်ကို ပေါင်းပါ။ (အင်္ဂလိပ်ရက်နော်)
(ခ) ကိုယ့် မွေးနေ့ဂဏန်း နဲ့ သူ့မွေးနေ့ဂဏန်းကို ပေါင်းပါ။ (ကိုယ်က တနင်္ဂနွေဆိုရင် (၁) ၊ သူက ကြာသပတေးဆိုရင် (၅) ပေါင်းလိုက်) ။
မွေးနေ့ဂဏန်းရော မသိတဲ့သူက ရှိသေးလို့ ထပ်ရေးပေးလိုက်ဦးမယ်။ တနင်္ဂနွေဆိုရင် (၁) ၊ တနင်္လာ ဆိုရင် (၂) ၊ အင်္ဂါ = (၃) ၊ ဗုဒ္ဓဟူး = (၄) ၊ ကြာသပတေး (၅) ၊ သောကြာ (၆) ၊ စနေ (၇) ၊ ရာဟုဆိုရင် (၄)ဘဲယူ
(ဂ) ပြီးရင် (က) ပေါင်းရကိန်း နဲ့ (ခ) ပေါင်းရကိန်း နှစ်ခုကို ထပ်ပေါင်းပါ။
(ဃ) ရတဲ့ အဖြေကို (၇) နဲ့ ထပ်စားလိုက်ပါ။ အကြွင်း (၁) ကနေ (၀) အတွင်း ရမယ်။ ဒါဆိုပြီးပြီ။

အဲဒီဆိုရင် ထွက်လာတဲ့ အကြွင်းပေါ် မူတည်ပြီး ကိုယ့်ရဲ့ မွေးနေ့ နဲ့ သူ့မွေးနေ့တို့က အောက်က အုပ်စု နှစ်စုအနက် အုပ်စုတစ်စုတည်း တူနေရင် သူနဲ့ ကိုယ် ဖူးစာဖက်ရဖို့ ရှိတယ်။ အုပ်စုမတူရင် ဖူးစာဖက်ရဖို့ မလွယ်ဘူး။ အင်မတန် ခက်ခဲမယ်။
တွေ့ကရာ လူတော့ လျှောက်မတွက်နဲ့ပေါ့ဗျာ။ ဖြစ်နိုင်ချေ ရှိတာကိုတော့ တွက်ရမှာပေါ့။ “သက်မွန်မြင့်” တို့ ၊ “ဖွေးဖွေး” တို့ ၊ “ဝတ်မှုံရွှေရည်” တို့ ၊ “အောင်ရဲလင်း” တို့၊ “ဟိန်းဝေယံ” တို့ မွေးနေ့တွေနဲ့ တွက်ကြည့်ပြီး အုပ်စုတူနေလို့ “ပွပြီဟေ့” လို့တော့ သွားမလုပ်နဲ့ပေါ့ဗျာ။ ဖြစ်နိုင်ချေ ရှိတာကိုဘဲ လုပ်ပါနော်။

ဒီတော့ အထက်က နည်းအတိုင်းတွက်လိုက်လို့ ရလာတဲ့ အကြွင်းတွေက –
= အကြွင်း(၁)ဖြစ်ရင်
အုပ်စု (က) အင်္ဂါ ၊ ကြာသပတေး ၊ သောကြာ ၊ စနေ နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စု တူတယ်။ ဖူးစာဆုံဖို့ရှိတယ်။
အုပ်စု (ခ) တနင်္ဂနွေ ၊ တနင်္လာ ၊ ဗုဒ္ဓဟူး(ရာဟု) တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။

= အကြွင်း(၂)ဖြစ်ရင်
အုပ်စု (က) တနင်္ဂနွေ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ သောကြာ ၊ စနေ နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စုတူတယ်။ ဖူးစာဆုံဖို့ရှိတယ်။
အုပ်စု (ခ) တနင်္လာ ၊ အင်္ဂါ ၊ ကြာသပတေး တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။

= အကြွင်း(၃)ဖြစ်ရင်
အုပ်စု (က) တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေး ၊ စနေ နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စုတူတယ်။ ဖူးစာဆုံဖို့ရှိတယ်။
အုပ်စု (ခ) အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ သောကြာ တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။

= အကြွင်း(၄)ဖြစ်ရင်
အုပ်စု (က) တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ သောကြာ နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စုတူတယ်။ ဖူးစာဆုံဖို့ရှိတယ်။
အုပ်စု (ခ) ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး ၊ စနေ တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။

= အကြွင်း(၅)ဖြစ်ရင်
အုပ်စု (က) တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ စနေ နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စုတူတယ်။ ဖူးစာဆုံဖို့ရှိတယ်။
အုပ်စု (ခ) တနင်္ဂနွေ ၊ ကြာသပတေး ၊ သောကြာ တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။

= အကြွင်း(၆)ဖြစ်ရင်
အုပ်စု (က) တနင်္ဂနွေ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စုတူတယ်။ ဖူးစာဆုံဖို့ရှိတယ်။
အုပ်စု (ခ) တနင်္လာ ၊ သောကြာ ၊ စနေ တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။

= အကြွင်း(၀)ဖြစ်ရင်
အုပ်စု (က) တနင်္လာ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး ၊ သောကြာ နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စုတူတယ်။ ဖူးစာဆုံဖို့ရှိတယ်။
အုပ်စု (ခ) တနင်္ဂနွေ ၊ အင်္ဂါ ၊ စနေ တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။
ဟုတ်ပြီနော်။ ဒီတော့ လက်တွေ့ နဲနဲလောက် တွက်ကြည့်ရအောင်။

ဥပမာ(၁)
ယောကျင်္ားလေးက (၁၁)ရက်နေ့ ၊ ဗုဒ္ဓဟူးသား
မိန်းကလေးက (၂၃)ရက်နေ့ ၊ တနင်္လာသမီး . . . တွက်ကြည့်မယ်။
(က) သူ့မွေးနေ့နဲ့ ကိုယ့်မွေးနေ့ပေါင်း – ၁၁ + ၂၃ = ၃၄
(ခ) ဗုဒ္ဓဟူး (၄) နဲ့ တနင်္လာ (၂) နဲ့ပေါင်း – ၄ + ၂ = ၆
(ဂ) ပေါင်းရကိန်း နှစ်ခုကို ပြန်ပေါင်း – ၃၄ + ၆ = ၄၀
(ဃ) ပေါင်းရကိန်းကို (၇) နဲ့ စားလိုက် – ၄၀ / ၇ = ၅ ကြွင်းမယ်။
ဒီတော့ အထက်က (၅)ကြွင်းရဲ့ အုပ်စု(က)ကိုကြည့်လိုက်။

“အုပ်စု (က) တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ စနေ နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စုတူတယ်။ ဖူးစာဆုံဖို့ရှိတယ်” . . လို့တွေ့လိမ့်မယ်။ ဗုဒ္ဓဟူးသား နဲ့ တနင်္လာ သမီးဟာ ဖူးစာစုံဖို့ရှိတယ်လို့ အဖြေထွက်တယ်။

ဥပမာ(၂)
ယောကျင်္ားလေးက (၁၆)ရက်နေ့ ၊ တနင်္လာသား
မိန်းကလေးက (၂၄)ရက်နေ့ ၊ သောကြာသမီး . . . တွက်ကြည့်မယ်။
(က) သူ့မွေးနေ့နဲ့ ကိုယ့်မွေးနေ့ပေါင်း – ၁၆ + ၂၄ = ၄၀
(ခ) တနင်္လာ (၂) နဲ့ သောကြာ (၆) နဲ့ပေါင်း – ၂ + ၆ = ၈
(ဂ) ပေါင်းရကိန်း နှစ်ခုကို ပြန်ပေါင်း – ၄၀ + ၈ = ၄၈
(ဃ) ပေါင်းရကိန်းကို (၇) နဲ့ စားလိုက် – ၄၈ / ၇ = ၆ ကြွင်းမယ်။
ဒီတော့ အထက်က (၆)ကြွင်းရဲ့ အုပ်စု(က)ကို ကြည့်လိုက်- မတွေ့ဘူး။ ဒီတော့ အုပ်စု(ခ)ကို ဆက်ကြည့်လိုက်။

“အုပ်စု (ခ) တနင်္လာ ၊ သောကြာ ၊ စနေ တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။” . . လို့တွေ့လိမ့်မယ်။ ဟုတ်ပြီနော်။ တနင်္လာ နဲ့ သောကြာ တစ်အုပ်စုတည်း ဖြစ်နေတယ်။ ဒီတော့ ဖူးစာဆုံလိမ့်မယ်။

ဒါဆို တွက်နည်းလေးကတော့ ပြီးပါပြီ။ လက်တွေ့တွက်ကြည့် ၊ စိတ်ကူးယဉ် ကြည့်ကြပေတော့။ တစ်ခုတော့ ပြောရဦမယ်။ တွက်နည်းရှုတ်သွားမှာစိုးလို့။
ဒီနည်းက (၁)ကြွင်း (၂)ကြွင်းတွေ ပါနေပြီဆိုတော့ မဟာဘုတ် တွက်နည်းဆိုတာ ဗေဒင်မတောက်တစ်ခေါက်တတ်သူတွေတောင် နားလည်လောက်ပါတယ်။ မဟာဘုတ်ခွင်တွေ ချမပြတာ ရှုတ်ကုန်မှာ စိုးလို့။ ဒါကြောင့် နေ့နံတွေဘဲ ရေးချလိုက်ရတာဖြစ်တယ်။ မဟာဘုတ်ပါလာရင် “ပက္ခတ်” ဆိုတာလည်း ပါပြီပေါ့။

ဒါကြောင့် အုပ်စုခြင်း တူပေမယ့် “ပက္ခတ်” မိနေရင် ဘယ်လို အဓိပ္ပါယ် ကောက်မလဲ ? ။ အုပ်စုခြင်း တူပြီး ပက္ခတ်မိနေရင် နဖူးစာ မင်ရေကျဲတတ်ပါတယ်။ ဖူးစာစုံရင်တောင် ခက်ခက်ခဲခဲ ပေါင်းသင်းယူရတတ်ပါတယ်။ မိဘဆွေမျိုးသဘောမတူလို့ ခိုးပြေးရ ၊ မိဘတွေက အမွေပြတ်စွန့် . . စတဲ့ ရှုတ်ရှုတ်ထွေးထွေးတွေ ဖြစ်တတ်တယ်။ ဒါလေး ကြိုသတိပေးရမယ်။ တစ်ချို့ဆို လက်ထပ်ဖို့ အထိကြံရွယ်ပြီးမှ ကွဲကွာသွားတာမျိုးလည်း ရှိတတ်တယ်။ ဖြစ်နိုင်ချေလေး ကြိုပြောထားတာပါ။ ရာနှုံးတော့ နည်းပါတယ်။

အဲဒါတွေက –
အကြွင်း(၁) – အုပ်စု (က)မှာ အင်္ဂါ နဲ့ သောကြာ ၊ အုပ်စု(ခ)မှာ တနင်္ဂနွေ သားသမီး အခြင်းခြင်း။
အကြွင်း(၂) – အုပ်စု (က)မှာ ဗုဒ္ဓဟူး နဲ့ စနေ ၊ အုပ်စု(ခ)မှာ တနင်္လာ သားသမီး အခြင်းခြင်း။
အကြွင်း(၃) – အုပ်စု (က)မှာ တနင်္ဂနွေ နဲ့ ကြာသပတေး ၊ အုပ်စု(ခ)မှာ အင်္ဂါ သားသမီး အခြင်းခြင်း။
အကြွင်း(၄) – အုပ်စု (က)မှာ တနင်္လာ နဲ့ သောကြာ ၊ အုပ်စု(ခ)မှာ ဗုဒ္ဓဟူး(ရာဟု) သားသမီး အခြင်းခြင်း။
အကြွင်း(၅) – အုပ်စု (က)မှာ အင်္ဂါ နဲ့ စနေ ၊ အုပ်စု(ခ)မှာ ကြာသပတေး သားသမီး အခြင်းခြင်း။
အကြွင်း(၆) – အုပ်စု (က)မှာ တနင်္ဂနွေ နဲ့ ဗုဒ္ဓဟူး ၊ အုပ်စု(ခ)မှာ သောကြာ သားသမီး အခြင်းခြင်း။
အကြွင်း(၀) – အုပ်စု (က)မှာ တနင်္လာ နဲ့ ကြာသပတေး ၊ အုပ်စု(ခ)မှာ စနေ သားသမီး အခြင်းခြင်း။

အဲဒီလို ဖြစ်နေရင်တော့ အခက်အခဲ ပြဿနာလေးတွေ ရှိမယ် . . အဆင်မသင့်ရင် ချစ်သူတွေ ဖြစ်ပြီးမှ ပြန်လမ်းခွဲရတတ်တယ်။ ဒါပေမယ့် ရာနှုံးနည်းလို့ သိပ်တော့လည်း စိတ်မပူပါနဲ့။

ဖြည့်စွက်ချက်။ ။ ယောကျင်္ားလေး နှင့် မိန်းကလေး နေ့နံခြင်းတူလျှင် မည်သည့်အကြွင်းဖြစ်ဖြစ် အုပ်စုတူနေမည် ဖြစ်ပါသည်။ သို့ဖြစ်ခြင်းကြောင့် ဖူးစာရှင်ဖြစ်ရန် အခွင့်အလမ်း ( နေ့နံမတူသော သူများထက်) ပိုမို များပြားပါသည်။ သို့သော် “အစာမကြေ” ဖြစ်နေလျှင် နည်းလမ်းတစ်ခု ထပ်တိုးပေးပါမည်။

ထိုသို့ နေ့နံခြင်း တူနေလျှင် မွေးနံ ဂဏန်းကို မယူတော့ဘဲ အင်္ဂလိပ်ရက် သက်သက်ပေါင်းကိန်း ကိုသာယူပြီး (၇)ဖြင့်စားပါ။ ရလာသော အကြွင်းတွင် – ယောကျင်္ားလေး နာမည်၏ “ဒုတိယစာလုံးနေ့နံ” နှင့် မိန်းကလေးနာမည်၏ “ဒုတိယစာလုံး နေ့နံ” များကို ကြည့်ပါ။ ထို့နေ့နံများသည် အုပ်စုတစ်ခုအတွင်း ကျနေပါက ဖူးစာရှင်ဖြစ်ရန် သေချာသလောက် ရှိပါမည်။ အုပ်စုမတူလျှင် ဖူးစာရှင်ဖြစ်ခွင့် အားနည်း သွားပါမည်။ သို့သော် နေ့နံတူခြင်းကြောင့် လုံးဝမဖြစ်နိုင်ဟုလည်း မဆိုနိုင်ပါ။

ဥပမာ – ၁၀ ရက်ဖွား ကြာသပတေးသား နှင့် ၁၇ ရက်ဖွား ကြာသပတေး သမီးဟု ဆိုပါစို့။ မွေးရက်နှစ်ခုပေါင်းလိုက်လျှင် (၂၇) ရပါမည်။ ၎င်းကို (၇)ဖြင့်စားလျှင် (၆)ကြွင်းပါမည်။ ယောကျင်္ားလေးအမည်မှာ “မင်းအောင်ဇော်” ၊ မိန်းကလေးနာမည်မှာ “ဖြူစင်မိုး” ဆိုပါစို့။ ဒုတိယစာလုံးများဖြစ်သော “အောင်” တနင်္ဂနွေ နှင့် “စင်” အင်္ဂါ တို့မှာ (၆)ကြွင်းအတွက် တစ်အုပ်စုတည်း ကျနေခြင်းကြောင့် ဖူးစာဖက် ဖြစ်ဖို့ သေချာပါမည်။ ထိုသို့ယူပါ။

မှတ်ချက်။ ။ နာမည် (၂)လုံးသမားများအတွက် ဒုတိယစာလုံးသည် နောက်ဆုံးနေ့နံပင် ဖြစ်ပါမည်။ ယောကျင်္ားလေး၏ “မင်းအောင်ဇော်” မဟုတ်ဘဲ “မင်းဇော်” ဖြစ်နေလျှင် ဒုတိယစာလုံးအဖြစ် “ဇော်” အင်္ဂါနံကို ယူရပါမည်။
အချစ်ရေးနဲ့ မကင်းနိုင်ကြသူများ အားလုံး ကံကောင်းအဆင်ပြေကြပါစေ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။