ဆယ်စုနှစ်ချီ ပြင်ဆင်ထားမှုတွေက ထိုင်ဝမ်ငလျင်ထိခိုက်မှုကို ဘယ်လို လျော့နည်း စေခဲ့သလဲ

International News
ဆယ်စုနှစ်ချီ ပြင်ဆင်ထားမှုတွေက ထိုင်ဝမ်ငလျင်ထိခိုက်မှုကို ဘယ်လို လျော့နည်း စေခဲ့သလဲ

ဟွာလီယန်မြို့မှာ ငလျင်ဒဏ်ကြောင့် တိမ်းစောင်းသွားတဲ့ တိုက်ကြီးတခု

ငလျင်ကြီးတခုလို သဘာဝဘေးအန္တရာယ်ကြီးတခု ကြုံရပြီဆိုရင် မီဒီယာကနေ ဦးစားပေး ဖော်ပြကြတာက ဘယ်နေရာမှာ ဘယ်လောက်ထိခိုက်ပျက်စီးသွားသလဲ ဆိုတာကို ဖော်ညွှန်းတဲ့ ပုံတွေပါ။ ဒီလို ဘာ့ကြောင့် ဖော်ပြတာသလဲဆိုတာကို အများက နားလည်ပေးနိုင်ကြပါတယ်။ ဒါပေမဲ့ ဒီလိုပုံတွေကိုပဲ ကြည့်ပြီး တကယ့် အဖြစ်အပျက်တစုံလုံးကိုခြုံတဲ့ ပုံကို ဖော်ကြည့်လို့တော့ မရနိုင်ပါဘူး။

ပုံမှာပါသလို ဟွာလီယန်မြို့က ၁၀ ထပ်တိုက်ကြီး တလုံး ကြောက်မက်ဖွယ် တိမ်းစောင်း နေတာကို အများတွေ့ကြရပါတယ်။ ထိတ်လန့်စရာပါ။ ဒါပေမဲ့ ဒါက ဒီမြို့မှာရှိတဲ့ သောင်းနဲ့ချီတဲ့ အဆောက်အဦတွေထဲမှာ ထိခိုက်သွားတဲ့ လက်တဆုပ်စာ တိုက်တာတွေထဲက တခုမျှသာပါ။

အဲဒီနေရာနဲ့ မီတာ ၁၀၀ လောက်အကွာက လမ်းမတွေပေါ်မှာ အရင်ကလို ပြန်ဖြစ် နေပါပြီ။ စျေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ ပြန်ဖွင့်နေပါပြီ၊ ကားတွေလည်း လမ်းတွေ ပေါ်မှာ သွားလို့ပါ။ အဲဒီမြင်ကွင်းကို တွေ့ရရင် ပြီးခဲ့တဲ့ ရက်ပိုင်းက ငလျင်ကြီး တခုရဲ့ ဒဏ်ကို ခံထားရတဲ့ မြို့လို့ ဘယ်သူမှ တွေးမိမှာ မဟုတ်ပါဘူး။

ဒီမြို့ရဲ့ အများစုနေရာတွေဟာ ဘာမှ မထိခိုက်ခဲ့ပါဘူး။ ဒါ ဘာ့ကြောင့်လဲ ဆိုတာ တွေးစရာပါ။

ဧပြီလ ၃ ရက်နေ့က ထိုင်ဝမ်မှာ လှုပ်ခဲ့တဲ့ ငလျင်ရဲ့ ပြင်းအားက ၇.၄ ရစ်ချတာစကေး ရှိခဲ့ပြီး အဲဒီပမာဏက ပြီးခဲ့တဲ့ တနှစ်ကျော်က တူရကီနဲ့ ဆီးရီးယား မှာ လှုပ်ခဲ့တဲ့ ငလျင်လောက် ပြင်းခဲ့တာပါ။ အဲဒီက ကြေကွဲဖွယ်အဖြစ်မှာတော့ လူပေါင်း ၅၀,၀၀၀ ကျော် thayဆုံးခဲ့ရပါတယ်။ အဲဒီမှာ လူနေများတဲ့ နေရာက ငလျင် ဗဟိုချက်နဲ့ နီးသလို ကယ်ဆယ်ရေး အရင်းအမြစ်ပိုင်းကလည်း နည်းပါးပါတယ်။

ထိုင်ဝမ်က ဟွာလီယန် မြို့ကတော့ ငလျင် ဗဟိုချက်နဲ့ တောင်ဘက်က ၁၈ မိုင်အကွာမှာ ရှိခဲ့တာပါ။ ဒါပေမဲ့ လူအthayအပျောက်က အခုအချိန်ထိ သိထား သလောက်က ၁၀ ယောက်ပါ။ ထိုင်ဝမ် က အခုငလျင်မှာ thayဆုံးသူအများစုက ဟွာလီယန်မြို့က အခုနပြောနေတဲ့ တိုက်မှာ ဖြစ်ခဲ့တာပါ။

ထိုင်ဝမ်ဟာ ငလျင် မကြာခဏလှုပ်တတ်တဲ့ ဒေသထဲမှာပါဝင်နေပြီး ငလျင်လှုပ်ရင် ထိခိုက်မှု လျော့ပါးအောင် စီမံမှုတွေ လုပ်ထားပါတယ်။ အထူးသဖြင့် ၁၉၉၉ ခုနှစ်မှာ လှုပ်ခဲ့ပြီး လူပေါင်း ၂,၄၀၀ ကျော် thayဆုံးခဲ့ရကာ သမိုင်းတလျောက် ထိုင်ဝမ် ငလျင်တွေထဲမှာ အထိခိုက်ခံရဆုံးလည်းဖြစ်တဲံ ချီချီ ငလျင်ဒဏ် နောက်ပိုင်း လူထုရဲ့ တောင်းဆိုမှုတွေနဲ့ အတူ အာဏာပိုင်တွေအနေနဲ့ ငလျင်နဲ့ ပတ်သက်ပြီး အစီ အမံ တွေကို အားစိုက်လုပ်ခဲ့ပါတယ်။

ငလျင်ကြီးဒဏ်ခံရပြီးနောက်ပိုင်း ဟွာလီယန်မြို့က ဒေသခံတချို့ ကယ်ဆယ်ရေး စခန်းတွေကို ရောက်လာ

ပြန်ဆန်းစစ်ကြတဲ့အထဲ တချို့ တိုက်တွေဆောက်ရာမှာ မြစ်က သဲတွေနဲ့ ကွန်ကရစ် ဖျော်ရမယ့်အစား ပင်လယ်က သဲတွေကို သုံးကြတာကို ပြန်တွေ့ခဲ့ကြရပါတယ်။ ပင်လယ်က သဲက စျေးပေါပေမဲ့ ဆားဓာတ်များပြီး တိုက်ဆောက်ရာမှာ သုံးတဲ့ သံဘောင်တွေကို ဆွေးစေကာ ကွန်ကရစ်တိုင်တွေကို အားပျော့ သွားစေပါတယ်။

တချို့ ဆောက်လုပ်ရေးလုပ်ငန်းတွေက အမြတ်ပိုထွက်အောင် ကွန်ကရစ် ထည့်ရ မယ့်နေရာမှာ အပြည့်မထည့်ပဲ ဆီပုံးလွတ်တွေ ထည့်ထားတာမျိုးတွေကိုလည်း တွေ့ခဲ့ကြရပါတယ်။

အဆောက်အဦတွေနဲ့ ပတ်သက်လို့ ငလျင်ခံနိုင်ရည် အဆင့်သတ်မှတ်ချက်တွေ လုပ်လာကြကာ ဒီအတိုင်းဆောက်ကြဖို့ ကြည့်ကြပ်လာသလို ဆောက်ပြီးသား တိုက်တွေကိုလည်း အရည်အသွေးစံချိန်မီ အဆင့်မြှင့်ဖို့ အာဏာပိုင်တွေက စိစစ် ခဲ့ကြပါတယ်။

ဆောက်လုပ်ရေးကဏ္ဍက လာဘ်စားမှုတွေကိုလည်း အာဏာပိုင်တွေက အရေးယူခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ထိုင်ဝမ် အနောက်တောင်ပိုင်းမှာ တိုင်နန် ငလျင် လှုပ်ခတ်ခဲ့တဲ့အချိန် ၁၇ ထပ်မြင့်တဲ့ တိုက်တလုံးပြိုကျခဲ့ပြီး ဒါဇင်နဲ့ ချီတဲ့ လူတွေ thayခဲ့ရတဲ့နောက် အဲဒီအဆောက်အဦ ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ ၅ ယောက်ကို အရေးယူ ထောင်ချခဲ့ပါတယ်။

ဒီလို ငလျင်ဒဏ်ခံ အဆောက်အဦတွေ ဖြစ်ရေးကို ဆယ်စုနှစ်ချီ စီမံခဲ့သလို အပြည့် အဝ စွမ်းဆောင်နိုင်ရည် မရှိသေးပေမဲ့လည်း ထိုင်ဝမ်မှာ ငလျင်နဲ့ ပတ်သက်လို့ တခြား အစီအမံတွေကို လုပ်ထားပါတယ်။

တခုက ကြိုတင် သတိပေး စနစ်ပါ။ ငလျင်ကြောင့် ဖြစ်လာတဲ့ ပထမဆုံး တုန်ခါမှုကို အာရုံခံ ကိရိယာတွေနဲ့ စောင့်ကြည့်နေပြီး ချက်ချင်း မိုဘိုင်းဖုန်းနဲ့ တီဗီကနေ တဆင့် လူတွေကို သတိပေးတာပါ။ ဗဟိုချက်နဲ့ နီးတဲ့ နေရာက လူတွေဆိုရင်တောင် သူတို့ဆီ ငလျင်မရောက်ခင် ၂ စက္ကန့်ကနေ ၈ စက္ကန့် လောက် ကြိုသိနိုင်ပါတယ်။ ဒါပေမဲ့ ဒီစနစ်က ချို့ယွင်းချက်တွေ ရှိဆဲပါ။ တိုင်ပေက လူတွေ ဖုန်းက သတိပေးချက်ကို အခုငလျင်မှာ မသိလိုက်ရပါဘူး။

နောက်တခုကတော့ လူထုကြား ငလျင်နဲ့ပတ်သက်တဲ့ လုပ်ဆောင်စရာတွေကို သိအောင် လုပ်ထားပေးတာပါ။ ကျောင်းတွေ၊ အလုပ်နေရာတွေမှာ ငလျင်လှုပ်ရင် ဘာလုပ်ရမလဲဆိုတဲ့ အစမ်းလေ့ကျင့်မှုတွေ အမြဲလုပ်ပါတယ်။

အလျင်အမြန်တုံ့ပြန်ဆောင်ရွက်တဲ့ စနစ်ကိုလည်း သူတို့ လုပ်ထားပါတယ်။ အဲဒါကတော့ ထိခိုက်တဲ့ နေရာကို ချက်ချင်းသိအောင် လုပ်ထားပြီး ကပ်ဘေးဆိုင်ရာ အသက်ကယ်အဖွဲ့တွေ အမြဲအသင့်ဖြစ်နေအောင် လုပ်ဆောင်ပေးထားတဲ့ စနစ်ဖြစ်ပါတယ်။

ဒီလို ပြင်ဆင်စီမံမှုတွေနဲ့ ထိုင်ဝမ်ဟာ အားပြင်းတဲ့ အခုငလျင်ကို ရင်ဆိုင်ခဲ့ကြပါ တယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။