ဇမ်ဘီယာမှာ တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းကြီးကို ဖမ်းမိခဲ့

International News
ဇမ်ဘီယာမှာ တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းကြီးကို ဖမ်းမိခဲ့

Golden Top Support Services ကုမ္ပဏီက မသိနားမလည်တဲ့ အသက် ၂၀ နဲ့ ၂၅ နှစ်ကြား အရွယ် လူငယ်လေးတွေကို အလုပ်ခန့်ခဲ့

ဇမ်ဘီယာနိုင်ငံမှာ အင်တာနက်ပေါ်ကနေ ခေတ်မီနည်းပညာနဲ့ ငွေတွေ လိုက်လိမ်နေတဲ့ ကွန်ရက်အဖွဲ့ကြီးတစ်ဖွဲ့ကို ဖော်ထုတ်နိုင်ခဲ့ပြီး တရုတ်လူမျိုး ၂၂ ဦးအပါအဝင် လူ ၇၇ ဦးကို ဖမ်းဆီးလိုက်နိုင်ခဲ့ပါတယ်။

တရုတ်လူမျိုးတွေ ကြီးကြပ်နေတဲ့ ကုမ္ပဏီတစ်ခုကို ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံပါဝင်တဲ့ စီးနင်းရှာဖွေမှု တစ်ခု လုပ်ခဲ့အပြီးမှာ ဇမ်ဘီယာ အာဏာပိုင်တွေက ဒါဟာ ဆိုင်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုကြီး ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီကုမ္ပဏီမှာ အလုပ်ခန့် ခံခဲ့ရတဲ့ ဇမ်ဘီယာ နိုင်ငံသားတွေက ဖုန်းခေါ် ဖြေဆိုတဲ့ ကောလ် စင်တာတွေမှာ လုပ်ဖို့ သူတို့ကို အလုပ်ခန့်ခဲ့တာလို့ ထင်ခဲ့ကြပါတယ်။

သိမ်းဆည်းမိခဲ့တဲ့အထဲမှာ ဖုန်းခေါ်ဆိုသူရဲ့ နေရာကို ခြေရာမခံနိုင်အောင် လုပ်ပေးတဲ့ ကိရိယာပစ္စည်းတွေနဲ့ ဖုန်းဆင်းမ်ကတ် ထောင်ပေါင်းများစွာ ပါဝင်ပါတယ်။

စီးနင်းရှာဖွေ ခံခဲ့ရတဲ့ အဓိက ကုမ္ပဏီဖြစ်တဲ့ Golden Top Support Services ကုမ္ပဏီ ကတော့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန် ပြောဆိုတာမျိုး မရှိသေးပါဘူး။

ဇမ်ဘီယာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကော်မရှင် (DEC) ရဲ့ ဦးဆောင်မှုနဲ့ ရဲ၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ အကြမ်းဖက်မှု နှိမ်နင်းရေးဌာနတို့ အတူပူးပေါင်းပြီး လူဆာကာမြို့တော်က အထက်တန်းလွှာတွေ နေထိုင်ရာ ရိုမာဆင်ခြေဖုံးရပ်ကွက်မှာ ရှိတဲ့ အဲဒီကုမ္ပဏီ အဆောက်အအုံ တွေကို ဝင်ရောက် ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

ဇမ်ဘီယာနိုင်ငံမှာ အင်တာနက်ပေါ်ကနေ ငွေလိမ်လည်မှုတွေက ကြောက်စရာ ကောင်းလောက်အောင် တိုးပွားလာခဲ့ရာမှာ ဌာနဆိုင်ရာ အာဏာပိုင်တွေက သတင်းအချက်အလက်တွေ လပေါင်းများစွာ စုံစမ်း စုဆောင်းခဲ့အပြီး အခုလို စီးနင်းရှာဖွေမှု လုပ်ခဲ့တာလို့ DEC ညွှန်ကြားရေးမှူးချုပ် နာဆန် ဘန်ဒါ က ပြောပါတယ်။

Golden Top Support Services ကုမ္ပဏီဟာ ဘာမှ မသိနားမလည်ကြတဲ့ အသက် ၂၀ နဲ့ ၂၅ နှစ်ကြားအရွယ် ဇမ်ဘီယာလူငယ်လေးတွေကို အလုပ်ခန့်ပြီး ခိုင်းခဲ့ကြတယ်လို့ သူက ပြောပါတယ်။ အဲဒီလူငယ်လေးတွေက သူတို့ကို သင်ပေးထားတဲ့ စကားလုံးတွေ သုံးပြီး အွန်လိုင်းသုံးသူတွေကို WhatsApp၊ Telegram၊ ချက်ဘောက်စ်တွေနဲ့ တခြား အွန်လိုင်း ပလက်ဖောင်းတွေ ပေါ်ကနေ လိမ်ညာလှည့်ဖျား ခဲ့ကြတယ်လို့ ဆိုပါတယ်။

စီးနင်းရှာဖွေမှုအတွင်း ဆင်းမ်ကတ်ထည့်ထားတဲ့ စက် ၁၁ ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ စက်တွေဟာ တရားဝင် ဖုန်းကွန်ရက်တွေကနေ လမ်းကြောင်းလွှဲပြီး ဖုန်းခေါ်နိုင်တဲ့ စက်တွေ ဖြစ်ပါတယ်။ အဲဒီစက်တွေကို သုံးပြီး အင်တာနက်နဲ့ အွန်လိုင်းပေါ်က လိမ်လည်မှုတွေအပါအဝင် လိမ်လည်မှု အမျိုးမျိုး လုပ်နိုင်ခဲ့ကြတယ်လို့ မစ္စတာ ဘန်ဒါ က ပြောပါတယ်။

ပြည်တွင်းရော ပြည်ပမှာပါ သုံးနိုင်တဲ့ ဆင်းမ်ကတ် ၁၃၀၀၀ ကျော် ကိုလည်း သိမ်းဆည်းမိခဲ့ပြီး ဒါဟာ ဒီစစ်ဆင်ရေးရဲ့ အတိုင်းအတာ ဘယ်လောက် ထိရောက်ခဲ့သလဲ ဆိုတာကို ဖော်ပြနေတယ်လို့ သူက ပြောပါတယ်။

ဇမ်ဘီယာရဲ့ ပြင်ပနိုင်ငံတွေက လူတွေကို ပစ်မှတ်ထား လိမ်လည်မှုတွေ လုပ်နေတာလို့ ဆိုပေမဲ့ ငွေကြေးခဝါချမှုလုပ်ငန်းတွေကနေတဆင့် ဇမ်ဘီယာနိုင်ငံသားတွေရဲ့ ဘဏ်အကောင့်တွေကနေ ငွေအလိမ်ခံရမှုတွေလည်း တိုးလာနေတယ်လို့ မစ္စတာ ဘန်ဒါ ကပြောပါတယ်။

သက်သေအထောက်အထားတွေအရ စင်္ကာပူ၊ ပီရူး၊ ယူအေအီးနဲ့ အာဖရိကဒေသတဝန်းက တခြားနိုင်ငံတွေ အပါအဝင် နိုင်ငံအတော်များများက လူတွေကို ပစ်မှတ်ထား လိမ်ညာခဲ့တယ် ဆိုတာကို သိရပါတယ်။

thayနတ် နှစ်လက်နဲ့ ကျည်ဆံ ၇၈ တောင့်ကို သိမ်းဆည်းမိခဲ့သလို ဒီငွေလိမ်မှု လုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ တရုတ်လူမျိုး တစ်ဦးပိုင် မော်တော်ယာဉ် နှစ်စီး ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

ဖမ်းဆီးခဲ့တဲ့ ဇမ်ဘီယာနိုင်ငံသားတွေကို စွဲချက်တင်ထားကြောင်းနဲ့ စုံစမ်း စစ်ဆေးမှုမှာ အာဏာပိုင်တွေကို ပူးပေါင်းကူညီနိုင်ဖို့အတွက် သူတို့ကို အာမခံနဲ့ လွှတ်ပေးလိုက်ကြောင်း မစ္စတာ ဘန်ဒါက ပြောပါတယ်။

တရုတ်လူမျိုး ၂၂ ဦးနဲ့ ကင်မရွန်းနိုင်ငံသား တစ်ဦးတို့ကိုတော့ ထိန်းသိမ်း ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။