အိမ်နံပါတ်နှင့် သင့်ကံကြမ္မာ

Astrology
အိမ်နံပါတ်နှင့် သင့်ကံကြမ္မာ

အိမ်နံပါတ်သည် အလွန်အရေးကြီး၏ ။ နပိုလီယန်သည် အိမ်နံပါတ်တို့ သတ်မှတ်ပုံကို အလေးအနက် သုံးသပ်ကာ လမ်းတစ်ဖက်တစ်ချက်စီတွင် စုံဂဏန်း နှင့် မဂဏန်း သီးခြားစီသတ်မှတ်ရန် အမိန့် ထုတ်ခဲ့သည် ။

အခြားကမ္ဘာ့နိုင်ငံများကလည်း အဆိုပါ အိမ်နံပါတ်သတ်မှတ်မှုကို သဘောတွေ့ကာ လက်ခံသုံးစွဲခဲ့ကြသည် ။အိမ်နံပါတ်သည် လူတို့စိတ်နှလုံးချမ်းမြေ့စေရန် ၊ သောကရတက်ပွေစေရန် လွှမ်းမိုးနိုင်စွမ်းရှိ၏ ။

သင်နှင့်တကွ အဆိုပါနေအိမ်တွင် နေထိုင်သူအားလုံးအပေါ် အိမ်နံပါတ်သည် မည်သို့သက်ရောက်မှုရှိသည်ဆိုခြင်းကို သိလိုကြမည်သာ ဖြစ်သည် ။

နေအိမ်တည်ရှိရာ လမ်းနံပါတ် ၊ ရပ်ကွက်နံပါတ် အစရှိသည်တို့သည် သင်နှင့် သက်ဆိုင်ပါ၏ ။ သို့ရာတွင် တိုက်ရိုက်ဆက် စပ်မှု မရှိ ၊ အိမ်နံပါတ်သည်သာ သင်၏ သီးသန့်ဖြစ်၏ ။ ကိုယ်ပိုင်ဖြစ်၏ ။ သက်ဆိုင်၏ ။ နေအိမ်နံပါတ်နှင့် သင်၏ ကံကြမ္မာကို ဆန်းစစ်ကြည့်မည်ဆိုပါက အောက်ပါအတိုင်း တွက်ချက်ပါလေ ။

ရှေးဦးစွာ အိမ်နံပါတ်အပြည့်အစုံကို ချရေးပါ ။ ထို့နောက် တစ်လုံးတည်းရအောင် ပေါင်းပါ ။
ဥပမာအားဖြင့် သင်သည် ဗိုလ်ချုပ် လမ်းပေါ်ရှိ အိမ်နံပါတ် (၂၃၈)တွင် နေထိုင်သည်ဆိုပါစို့ ။ ထိုဂဏန်းကို တစ်လုံး တည်းရအောင်ပေါင်းပါ ။
၂+၃+၈=၁၃
အဆိုပါဂဏန်းကို တစ်လုံးတည်းရ အောင် ထပ်ပေါင်းပါ ။
၁+၃=၄

ထို့ကြောင့် ဗိုလ်ချုပ်လမ်း ၊ အိမ်နံပါတ် (၂၃၈)တွင် နေထိုင်သောသင်သည် ဗေဒင်အရ အိမ်နံပါတ် ၄ တွင် နေထိုင်သူဟု အဟောထွက်မည်ဖြစ်သည် ။ လမ်းနာမည် နှင့် နံပါတ်တို့သည် လွှမ်းမိုးမှုတစ်ခုဖြစ်သော်လည်း ထည့်သွင်း တွက်ချက်ရန် မလိုအပ် ။

အရေးကြီးသည်မှာ သင်နှင့် တိုက်ရိုက် သက်ဆိုင်သော နံပါတ်သာ ဖြစ်သည် ။
အကယ်၍ သင်သည် တိုက်ခန်းတစ် ခန်းတွင် နေထိုင်သည်ဆိုပါက သင်နှင့် သက်ဆိုင်သည်မှာ တိုက်ခန်း နံပါတ်ဖြစ်၏ ။ တိုက်နံပါတ်အဆောက်အအုံ နံပါတ်မဟုတ် ။
ဥပမာအားဖြင့် သင်သည် ဦးဝိစာရလမ်း ၊ တိုက် ၃ ၊ အခန်း ၁၈ တွင် နေထိုင်သည်ဆိုပါက အခန်းနံပါတ် (၁၈)ကိုသာ တွက်ချက်ရမည်ဖြစ်သည် ။ ၁၈ ကို တစ် လုံးတည်ဖြစ်အောင် ပေါင်းပါ ။

၁+၈=၉
ထို့ကြောင့် သင့်အခန်း၏ ကံကြမ္မာ နံပါတ်မှာ ၉ ဖြစ်သည် ။
အက္ခရာများတွင်လည်း သင်္ချာတန်ဖိုးရှိ၏ ။ အက္ခရာပါပါက ထည့်သွင်းတွက်ချက်ရမည် ။ ဥပမာအားဖြင့် သင်သည် အခန်း ၁၈/ဘီတွင် နေထိုင်သည်ဆိုပါစို့ ။ ဘီ၏ သင်္ချာကိန်းမှာ ၂ ဖြစ်၏ ။
ထို့ကြောင့် ၁+၈= ၉/၉+၂=၁၁
ထို့ကြောင့် ၁၈/ဘီ၏ ကံကြမ်္မာဂဏန်း မှာ ၁၁ ဖြစ်သည်။

(အက္ခရာတို့၏ တန်ဖိုးများ)

၁ = A J S
၂ = B K T
၃ = C L U
၄ = D M V
၅ = E N W
၆ = F O X
၇ = G P Y
၈ = H Q Z
၉ = I R

(ကံကြမ္မာကိန်းပြောင်းလဲခြင်း)

အကယ်၍ သင်၏ ဗေဒင်အရ တွက်ချက်ရရှိသော ကံကြမ္မာနံပါတ်ကို မကြိုက်ပါက အခြားဂဏန်းတစ်ခုကို သင့်အိမ် တံခါးနောက်တွင် ရေးသားထားခြင်းအားဖြင့် သင်အလိုရှိသော ကံကြမ္မာနံပါတ်ကို ရယူနိုင်သည် ။

ဥပမာအားဖြင့် အိမ်နံပါတ် ၅ တွင် နေထိုင်သောသင်သည် ၈ ဂဏန်း၏ အကျိုးသက်ရောက်မှုများကို ရလိုသည်ဆိုပါက အိမ်တံခါးအတွင်းဘက်မျက်နှာစာတွင် နံပါတ် ၃ ကို ရေးသားပါ ။ ထိုအခါ သင်သည် ကံကြမ္မာနံပါတ် ၈ ရှိသောနေအိမ်တွင် နေထိုင်သူဖြစ်လာမည်ဖြစ်သည် ။

{ဟောကိန်းများ}

ကံကြမ္မာဂဏန်း ၁

အမှီခိုကင်းမှု ၊ စိတ်ကူးရည်မှန်းချက်ရှိမှု ၊ ဦးဆောင်နိုင်မှုတို့ကို မြှင့်တင်ပေးသည် ။ သင်သည် ကိုယ် ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါက အဆိုပါနေအိမ်တွင် နေထိုင်ခြင်းအားဖြင့် အံ့အား သင့်ဖွယ် အကျိုးများရရှိမည်ဖြစ်သည် ။

ဤအိမ်တွင် နေထိုင်ခြင်းသည် သင့်အတွက် ဆုံးဖြတ်ချက် ခိုင်မာမှန်ကန်စေခြင်း ၊ မိမိကိုယ်ကို ယုံကြည်မှုရစေခြင်းများ ရရှိနိုင်သည် ။ စိန်ခေါ်မှု – ကံကြမ္မာဂဏန်း ၁ နေအိမ်တွင် နေထိုင်သူတို့၌ အမှီအခိုကင်း လွန်းမှုအဖြစ်များနှင့် တွေ့ကြုံရနိုင်သည် ။

အလုပ်အလွန်များပြားပြီး ကူညီမည့် သူမရှိသည့် အဖြစ်မျိုးနှင့် ရင်ဆိုင်ရတတ်သည် ။ ယင်းဆိုးကျိုးကို ချိန်ညှိနိုင်ရန်အတွက် တံခါးအတွင်းဘက်တွင် ဂဏန်းတစ်လုံးလုံး ရေးသားကာ မိမိလိုလားသော ကံကြမ္မာ ကို ပြောင်းလဲနိုင်သည် ။

အထူးသဖြင့် စုံဂဏန်းပေါင်းလဒ်ရရန် ပြောင်းလဲရမည်ဖြစ်သည် ။ စုံဂဏန်းတို့ သည် ၂ ဖြင့် ÷ လျှင် ပြတ်သည် ။ အဆိုပါ ဂဏန်းတို့သည် ဝေမျှခံစားမှု ၊ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေးသည် ။

ကံကြမ္မာဂဏန်း ၂

ကံကြမ္မာဂဏန်း ၂ ရရှိသော နေအိမ်တို့သည် မေတ္တာတရားကို ဖော်ညွှန်းသည် ။ အလည်အပတ် လာသူတို့သည် နွေးထွေးမှုနှင့် မေတ္တာတရားတို့ကို အမြဲခံစားကြရမည်ဖြစ်သည် ။

၂ ဂဏန်း၏ စွမ်းအားမှာ စိတ်ခံစား လွယ်မှုဖြစ်ခြင်းကြောင့် မိတ်ဆွေများကို ခင်မင်တွယ်တာသူများအတွက် နေရာကောင်း တစ်ခုဖြစ်သည် ။ လုပ်ငန်းတာ၀န်များကို အတူလက်တွဲ လုပ်ကိုင်လိုသော ဇနီးမောင်နှံများအတွက် အကောင်းဆုံးနေအိမ်ဖြစ်သည် ။

စိန်ခေါ်မှု – ၂ ဂဏန်းသည် စိတ်ခံစားမှု ပြင်းထန်ခြင်းကို ကိုယ်စားပြုရာ တစ်ခါတစ်ရံတွင် စိတ်ခံစားမှုလွန်ကဲခြင်းများ ဖြစ်နိုင်သည် ။ ဤအိမ်တွင် နေမည်ဆိုလျှင် အိမ်ပြင်ထွက်ကာ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်သင့်၏ ။ နေအိမ်တွင် နေထိုင်သူတို့နှင့် အပေးအယူမမျှခြင်းများ ကြုံရတတ်သည် ။

ကံကြမ္မာဂဏန်း – ၃

ကံကြမ္မာဂဏန်း ၃ ရရှိသောနေအိမ်တွင် နေထိုင်သူတို့သည် ပျော်ရွှင်မှု ၊ အကောင်းမြင်နိုင်စွမ်းရှိမှုတို့ ရမည်မှာ အသေအချာ ဖြစ်သည် ။

ဤနေအိမ်တွင် လူမှုရေးဆိုင်ရာ အခမ်းအနား ၊ ပွဲလမ်းများ ပြုလုပ်ရန် အလွန်ကောင်းမွန်သည် ။ ဖန်တီးနိုင်စွမ်း မြင့်မားမှုကို ကိုယ်စားပြုရာ မိသားစုဘ၀ တစ်ခုကို စတင်ရန် (သို့မဟုတ်) အနုပညာဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ရန် အလွန်ကောင်းမွန်သည် ။

အနုပညာရှင်များ ၊ အဆိုတော်များနှင့် ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းလိုသူတို့အတွက် အလွန်သင့်လျော်သည် ။

စိန်ခေါ်မှုများ – အာရုံမစူးစိုက်နိုင်ခြင်း ၊ ငွေအသုံးအစွဲများခြင်းများ ကြုံရတတ်သည် ။ လက်တွေ့ကျသော အကြောင်းရပ်များကို အာရုံထားရန်အတွက် အချိန်ယူဖို့ လိုအပ်သည် ။ မိမိကိုယ်ကို သံသယဖြစ်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် မိမိ၏ အားသာချက်များကို အမြဲတွေးတောနေရန်လိုသည် ။

ကံကြမ္မာဂဏန်း -၄

ကံကြမ္မာဂဏန်း ၄ သည် အားလုံးထဲတွင် လက်တွေ့အကျဆုံး စွမ်းအားများရှိပြီး ကမ္ဘာမြေကြီး ၊ အိမ်ခြံမြေနှင့် ရုပ်၀တ္ထုပစ္စည်းများကို ကိုယ်စားပြုသည် ။

ဤအိမ်တွင် နေထိုင်သူတို့သည် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း ၊ အိမ်ခြံမြေ ရောင်း၀ယ်ရေးလုပ်ငန်းများ လုပ်ခြင်းများ ပြုလုပ်ရန် အလွန်သင့်လျော်သည် ။

စည်းမျဉ်း ၊ တာ၀န်နှင့် ဖွဲ့စည်းပုံတို့ကိုလည်း ကိုယ်စားပြုသည့် ဂဏန်းဖြစ်ရာ စီးပွားရေးလုပ်ငန်းအောင်မြင်လိုသူတို့အတွက် အလွန်သင့်လျော်သော နေအိမ် ဖြစ်သည် ။

စိန်ခေါ်မှုများ-၄ ဂဏန်းသည် ဂဏန်း အားလုံးထဲတွင် နှေးကွေးမှုအရှိဆုံးဖြစ်ခြင်းဟု ဆိုရာ စွန့်စားမှုများ ၊ စိတ်လှုပ်ရှားမှုများ ၊ တီထွင်ဆန်းသစ်မှုများကို ဤနေအိမ် တွင် တွေ့ကြုံရမည် မဟုတ်ချေ ။
အလုပ်လုပ်ရာတွင် စိတ်ခံစားမှုနှင့် လက်တွေ့ကျမှုတို့အကြား ချိန်ညှိနိုင်ရန်လိုသည် ။

ကံကြမ္မာဂဏန်း -၅

သင်သည် မိတ်ဆွေများနှင့် ဖက်လှဲတကင်းနေထိုင်တတ်သူဖြစ်ပါက ဤအိမ်မှာ နေရာကောင်းဖြစ်သည် ။ နံပါတ်၅ သည် ပါတီပွဲများကို ကိုယ်စားပြု၏ ။

၅ ဂဏန်းသည် ဂဏန်းအားလုံးတွင် ပျော်ရွှင်မှုကို ကိုယ်စားအပြုဆုံးဖြစ်ရာ မိတ်ဆွေများကို ချစ်ခင်တွယ်တာပြီး ဧည့်ထောက်ခံခြင်းကို နှစ်သက်ပျော်ရွှင်သူ များအတွက် အလွန်သင့်လျော်လှသည် ။

စိတ်လှုပ်ရှားမှု ၊ စွန့်စားမှုများကို နှစ်ခြိုက်ပါက ဤအိမ်မှာ နေရာကောင်းဖြစ်သည် ။ ခရီးသွားဝါသနာပါသူများ ၊ မိတ်ဆွေသစ်များစွာရလိုသူများအတွက် နေရာအစစ်အမှန်ဖြစ်သည် ။

စိန်ခေါ်မှုများ – ဆိတ်ငြိမ်မှု ၊ တည်ငြိမ် အေးချမ်းမှုတို့ကို ဤနေရာတွင် ရှာဖွေ တွေ့ရှိမည်မဟုတ်ချေ ။ အမြဲတမ်းနေရန်ထက် ခေတ္တနေရန်သာ ဆုံးဖြတ်ခြင်းမျိုး ဖြစ်လာနိုင်သည် ။ ၅ ဂဏန်းသည် အမျိုး အစားစုံလင်မှု ၊ ပြောင်းလဲမှုကို ကိုယ်စားပြုရာ သင်သည် လက်တွေ့ကျသော ကိစ္စများတွင် အာရုံစိုက်ရန် ခက်နေလိမ့်မည် ။ အထူးသဖြင့် သင့်အိမ်နံပါတ်သည် ၁၄ ဖြစ်ခဲ့ပါက အစားအသောက် ၊ လိင် ၊ အရက်တို့တွင် အလွန်အကျွံဖြစ်တတ်သည် ။
စည်းကမ်းသတ်မှတ်ကာ ရည်မှန်းချက်အတိုင်း လျှောက်လှမ်းပါက ဤအခြေအနေကို ချိန်ညှိနိုင်မည်ဖြစ်သည် ။

ကံကြမ္မာဂဏန်း -၆

ဇနီးမောင်နှံများ ၊ အနုပညာရှင်များအတွက် နေရာမှန်ဖြစ်သည် ။ အလှတရား ၊ ချစ်ခြင်းမေတ္တာနှင့်လိုက်လျောညီထွေရှိမှုတို့ကို ဖော်ညွှန်းသည် ။ သင့်အိမ်သည် သင့်ကမ္ဘာပင်ဖြစ်သည် ။ အိမ်တွင်းသို့ ၀င်လာသူတိုင်း နွေးထွေးလှိုက်လှဲမှုကို ခံစားကြရမည်ဖြစ်သည် ။ အနုပညာနှင့် အလှတရားကို ၀န်းရံထား ရမည့် အကောင်းဆုံးအနေရာဖြစ်ရာ သင့်နေအိမ်ကို လှပသော အရောင်အသွေးများ ၊ သက်သောင့်သက်သာရှိသော ပရိ ဘောဂများ ၊ နေထိုင်သူတိုင်း ပျော်ရွှင်ခံစား ကြရမည်မှာ အမှန်ပင်ဖြစ်သည် ။

စိန်ခေါ်မှုများ – နံပါတ် ၆ သည် မိသားစုတာ၀န်ကို ကိုယ်စားပြုခြင်းကြောင့် အသုံးအစွဲများခြင်းများ ကြုံရမည် ။ အခြား သူများအတွက် အချိန်ပေးရလွန်းခြင်းများ ကြံရမည် ။ အခြားသူများအရေး အလျင်စလို မပြုလုပ်မီတွင် သင့်အရေးကိစ္စများကို အရင်ဆုံး တွေးတောရမည်ဖြစ်သည် ။ အိမ်ထဲတွင်သာ နေလိုစိတ်ဖြစ်တတ်သည် ။

ကံကြမ္မဂဏန်း-၇

သင်သည် စာရေးဆရာ ၊ သုတေသီ အစရှိသည့်အလုပ်များ လုပ်ကိုင်ပါက ဤအိမ်မှာ နေရာမှန်ဖြစ်သည်။
နံပါတ် ၇ သည် တစ်သီးတစ်သန့်ဖြစ်ခြင်း ၊ လျှို့ဝှက်ခြင်းကို ကိုယ်စားပြုသည် ။ အတွေးနက်ခြင်း ၊ မေတ္တာတရားတို့ကို ညွှန်းဆိုသည် ။ အိမ်ပြန်ရောက်သည်နှင့် စာဖတ်ရန် အတွေး၀င်္ကပါတွင် နစ်မြောရန် နှစ်သက်သူဖြစ်ပါက သင့်အတွက် နေရာကောင်းပင်ဖြစ်သည် ။အသိပညာပိုင်းဆိုင်ရာတွေ့ရှိမှုအသစ်များ ဤအိမ်တွင်တွေ့ရနိုင်သည် ။

စိန်ခေါ်မှုများ – ဖျော်ဖြေပွဲများ ၊ ပါတီပွဲများကိုမူ ဤအိမ်တွင် တွေ့ရကိန်း မရှိချေ ။ အထီးကျန်လွန်းခြင်းခံစားရမည် ။ အိမ်တံခါးနောက်တွင် ဂဏန်းတစ်လုံး ထပ်မံရေးသားခြင်းအားဖြင့် ဤဆိုးကျိုးကို ချိန်ညှိနိုင်သည် ။ နံပါတ် ၇ နေအိမ်တွင် နေထိုင်သူများသည် အိမ်ခေါင်မိုးကို အမြဲဂရုစိုက်ပြုပြင်ရန်လိုသည် ။

ကံကြမ္မာဂဏန်း -၈

သင်သည် စွန့်ဦးတီထွင်သူတစ်ဦးဖြစ်ပါက ဤအိမ်မှာ သင့်အတွက် နေရာမှန်ဖြစ်သည် ။ စီးပွားရေးလုပ်ငန်းများကို အိမ်မှ ကွပ်ကဲလုပ်ကိုင်သူဖြစ်ပါက သာ၍ပင် ကောင်းမွန်သည် ။ ၈ ဂဏန်းသည် ပေါကြွယ်၀မှု ၊ မြတ်စွန်းမှုတို့ကို ကိုယ်စားပြုရာ စီးပွားရေးတိုးတက်အောင်မြင်မှုရရန် နေရာကောင်းဖြစ်သည် ။ ၈ ဂဏန်းသည် ပြင်းပြသော စိတ်ခံစားမှုကိုလည်း ကိုယ်စား ပြုရာ မိမိချစ်မြတ်နိုးသူတို့နှင့် တွေ့ဆုံရန် နေရာကောင်းဖြစ်သည် ။ ကမ္ဘာပေါ် တွင် သင်၏အဆင့် ၊ ဘ၀အဆင့်အတန်း ၊ ချမ်းသာမှုဓနအဆင့် တိုးမြင့်လိုသည်ဆိုပါက ဤအိမ်မှာ နေရာမှန်ဖြစ်သည် ။

စိန်ခေါ်မှုများ -၈ ဂဏန်းသည် ငွေကြေးနှင့် ပေါကြွယ်၀မှုကို ကိုယ်စားပြုရာ အောင်မြင်မှုများနည်းတူ ရှုံးနိမ့်မှုများကိုလည်း တွေ့ရနိုင်သည် ။ အမြဲတိုးချဲ့ကြီးပွား လိုစိတ် ဖြစ်ပေါ်နေမည် ။ အိမ်မည်မျှ ကြီးသည်ဖြစ်စေ ထပ်၍ ထပ်၍ တိုးချဲ့ဆောက်လုပ်လိုနေမည် ။ ပရိဘောဂများ အမြဲတမ်း ၀ယ်ယူဖြည့်တင်းလိုနေမည် ။ အမြဲမွမ်းမံလိုစိတ်ရှိနေမည် ။ အိမ်အတွက် ငွေများစွာ ကုန်ရမည် ။ ချိန်ညှိရမည့်အချက်မှာ အခြားသူတို့ နှင့် ထိတွေ့ဆက်ဆံရန်အတွက် အချိန်ပေးဖို့ စဉ်းစားရမည်ဖြစ်သည် ။

ကံကြမ္မာဂဏန်း -၉

ကံကြမ္မာဂဏန်း ၉ နေအိမ်သည် လာရောက်သည့် မည်သူကိုမဆို တံခါးဖွင့်ထားသော နေအိမ်ဖြစ်သည် ။ ၉ ဂဏန်းသည် အချစ်နှင့် မေတ္တာတရားကို ကိုယ်စားပြု သည် ။ သင်၏ အလိုလိုသိစိတ်သည် အမြဲ မြင့်မားနေမည် ။ အမြဲဖုန်းလက်ခံဖြေကြားနေရမည် ။ သင့်ထံမှ အကြံတောင်းသူများ အလွန်များမည် ။ သင့်ထံသို့ လူအများ စုပြုံ ဖုန်းဆက်နေကြသည်မှာ ဤနေအိမ်၏ မေတ္တာစွမ်းအင်ကြောင့်ဖြစ်သည် ။

၉ ဂဏန်းကို နိုင်ငံတကာဂဏန်းဟုလည်းခေါ်ကြသည် ။ ထို့ကြောင့် အမြဲခရီးသွားလိုနေမည် ။ မည်မျှဝေးသောနေရာမှ ဧည့်သည်ကိုမဆို လက်ခံလိုမည် ။ အတိတ် ကို အမြဲသတိရခံစားနေတတ်သည် ။ ခွင့်လွှတ်တတ်ရန် ကြိုးစားရမည်ဖြစ်သည် ။

စိန်ခေါ်မှုများ

ဤနေအိမ်သည် ပွင့်လင်းစွာ နေတတ်သူများ ၊ ဖော်ရွေသူများအတွက် ကောင်းမွန်သော်လည်း မိသားစုအတွက် အချိန်ပေးရန် လိုအပ်သူများအတွက် မသင့်လျော်ချေ ။ ၉ ဂဏန်းသည် စိတ်ကူးယဉ်ဆန်မှုကိုလည်း ကိုယ်စားပြုရာ ငွေကြေးပိုမိုရှာလိုသူများအတွက် အခက်ကြုံရနိုင်သည့် နေရာလည်းဖြစ်သည် ။ နိဂုံံးအားဖြင့် မှတ်သားရမည့်အချက်မှာ အိမ်ဆိုသည်မှာ သင်၏ အသည်နှလုံးတည်ရှိရာ နေရာပင်ဖြစ်သည် ။

သဘာဝတရားနှင့် အပ်စပ်အောင်နေထိုင်မည် ၊ နှလုံးသားစိတ်ဝိညဉ်ကို အမြဲအင်အားဖြည့်တင်းပေးမည် ၊ သင်ချစ်မြတ်နိုးသူတို့နှင့် နီးနီးကပ်ကပ် အမြဲထိတွေ့ကြင်နာမှုများ ပေးမည်ဆိုပါက အမြဲပျော်ရွှင်ရလိမ့်မည်သာဖြစ်သည် ။

#CRDဗေဒင်စုဗူး မှ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။