ခြေရာကောက် နေကြာပန်းစိုက်နည်း

Astrology
ခြေရာကောက် နေကြာပန်းစိုက်နည်း

ကျွန်ုပ်တို့အယ်ဒီတာအဖွဲ့သည် စာရေးဆရာမင်းသိင်္ခထံသို့ နေ့လယ်နှစ်နာရီခွဲလောက်တွင် ရောက်ရှိသွားလေ၏။ ကျွန်ုပ်တို့ ရောက်ရှိသွားချိန်တွင် ဆရာမင်းသိင်္ခသည် အခက်အခဲအမျိုးမျိုး အဖုံဖုံ ကြုံတွေ့ နေသူများနှင့်တွေ့ဆုံကာ ယတြာများ ပေးနေလေ၏။ သူသည် ကျွန်ုပ်တို့ကို တွေ့ လျှင်တွေ့ ချင်း..

“လာ….လာ….လာ၊ လက် ဖက်ရည်သောက်ပြီးမှ ပြန်ကြ တာပေါ့”
ဟု ဖော်ရွေစွာ နှုတ်ဆက်လေ၏။ ကျွန်ုပ်တို့လည်း ဆရာ့အနီးတွင် ဝင်၍ထိုင်ကြလေ၏။ ထိုအချိန် အသက် (၃၀) ကျော် အရွယ် မိန်းမတစ်ဦးသည် ဆရာမင်းသိင်္ခ၏ရှေ့တွင် လာ၍ထိုင်လေ၏။

ဆရာမင်းသိင်္ခက ထိုမိန်းမအား..
“နာမည် ဘယ်လိုခေါ်သလဲ”
ဟု မေးလိုက်လေ၏။ ထိုအခါ ထိုမိန်းမက..
“မြသက်ခြယ်လို့ ခေါ်ပါတယ်”
ဟု ဖြေလိုက်လျှင် ဆရာမင်းသိင်္ခသည် ပြုံးလိုက်လေ၏။ “တနင်္ဂနွေသမီးသာဆိုရင်တော့ ဒီနာမည်ဟာ အင်္ဂဝိဇ္ဇာ ဆရာတစ်ယောက်ယောက်ပေးထားတဲ့ နာမည်ပဲ”
ဟု ပြောလိုက်လေ၏။ ထိုအခါ မြသက်ခြယ်က.. “ဟုတ်ပါတယ်၊ မြေနီကုန်းက ဆရာထွဋ်အောင်ဝေ ပေးထားတာပါ၊ သူကလည်း ဆရာ့တပည့်လို့ ပြောပါတယ်”
ဟုပြန်၍ဖြေလေ၏။ ဆရာမင်းသိင်္ခသည် ထိုမိန်းမ၏ မွေးသက္ကရာဇ်ကို မေးပြီးနောက် ထိုမိန်းမအား…

“ဘာဖြစ်တာလဲ” ဟု မေးလေ၏။
“ကျွန်မယောက်ျားက မိန်းမအားကြီးရှုပ်တာ၊ အခုလည်း အငယ်အနှောင်းတွေ ဘာတွေ ထားနေလို့ ဆရာ့ဆီလာပြီး အကူအညီတောင်းရတာပဲ”
ဟု ပြောရာ ဆရာမင်းသိင်္ခက..
“ဒါလေးများ ဒီလိုလုပ်လိုက်ပါလား”
ဟု စကားစလိုက်လေ၏။ ထိုအခါ မြသက်ခြယ်က…

“ဘယ်လိုလုပ်ရမှာလဲ ဆရာ”
ဟု အငမ်းမရ ပြန်၍မေးလိုက်လေ၏။
“ခင်ဗျားယောက်ျားရဲ့ ခြေရာကို ရအောင်ယူဗျာ၊ ပြီးတော့ ပန်းအိုးတစ်အိုးမှာ မြေဆွေးတွေနဲ့အတူထည့်လိုက်၊ အဲဒီလိုထည့်ပြီးရင် နေကြာပင်ပေါက်ကလေးတစ်ပင်ကို အဲဒီပန်းအိုးကလေးထဲမှာ ထည့်ပြီး စိုက်လိုက်၊ ပန်းပင်ကို ရေလောင်းတဲ့အခါမှာ ခင်ဗျားလက်ကို ဆေးပြီး အဲဒီရေနဲ့ လောင်းရတယ်၊ အဲဒီ ပန်းပင်ကလေး ရှင်သန်လာတာနဲ့ အမျှ ခင်ဗျား ယောက်ျားလည်း အငယ်အနှောင်းတွေနဲ့ ပြတ်သွားလိမ့်မယ်၊ မိန်းမရှုပ်တာတွေလည်းမရှုပ်ဘဲ ခင်ဗျားအိမ်မှာ မြဲနေလိမ့်မယ်”

ဟုပြောလိုက်လျှင် မြသက်ခြယ်၏မျက်နှာကလေးသည် နေရောင်တွင် လက်လိုက်သော မှန်ကဲ့သို့ ဝင်းခနဲ လက်သွားလေ၏။

ထို့နောက်မှ..
“ဆရာ့ကျေးဇူး မမေ့ပါဘူး”
ဟု ပြောလိုက်လေ၏။
“ဒီလိုရှိတယ် မြသက်ခြယ်၊ ဒီနည်းဟာ ကျုပ်ရဲ့မူပိုင်နည်း တော့ မဟုတ်ဘူး၊ ‘လင်ဒန်မောရစ်”ဆိုတဲ့ ဗေဒင်ဆရာမ အမြဲသုံးတဲ့ နည်းဗျ၊ သူ့ကိုလည်း ကျေးဇူးတင်ရမှာပေါ့”
ဟု ဆရာက ပြောလိုက်လျှင် မြသက်ခြယ်က..

“အဲဒီ မယ်မင်းကြီးမကိုလည်း ကျေးဇူးတင်ပါတယ်ရှင်”
ဟု ပြောပြီးလျှင် ထွက်သွားလေတော့သတည်း။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။