ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်ကို စစ်ရေး အစုလိုက်အပုံလိုက် ထောက်ပံ့တဲ့ ဥပဒေကို အမေရိကန် လွှတ်တော် နှစ်ရပ်လုံး အတည်ပြု

International News
ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်ကို စစ်ရေး အစုလိုက်အပုံလိုက် ထောက်ပံ့တဲ့ ဥပဒေကို အမေရိကန် လွှတ်တော် နှစ်ရပ်လုံး အတည်ပြု

ယူကရိန်းအရေး လှုပ်ရှားသူတွေ အောင်ပွဲခံ

အမေရိကန်ပြည်ထောင်စု ဆီးနိတ်လွှတ်တော်က ဒေါ်လာ ၉၅ ဘီလျံ တန်ဖိုးရှိတဲ့ နိုင်ငံရပ်ခြား အထောက်အပံ့ အသုံးစားရိတ်ကို ခွင့်ပြုပေးလိုက်တာမှာ၊ အဲဒီထဲမှာ ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို ပေးမယ့် စစ်ဘက်ဆိုင်ရာ အကူအညီတွေ ပါဝင်ပါတယ်။

ဒီ နိုင်ငံရပ်ခြား အထောက်အပံ့ ဥပဒေကြမ်းကို မကြာခင်မှာပဲ သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးမှာ ဖြစ်တဲ့ အတွက် ဥပဒေအဖြစ် အသက်ဝင်လာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက အောက်လွှတ်တော်က အတည်ပြုပေးခဲ့တဲ့ ဒီ ဥပဒေကြမ်းဟာ အင်္ဂါနေ့ ဆီးနိတ်ထဲမှာ မဲခွဲကြတဲ့ အခါမှာလည်း ၇၉မဲ ၁၈ မဲနဲ့ ခွင့်ပြုတဲ့ဘက်က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီ အသုံးစားရိတ်ထဲမှာ အများစုက ယူကရိန်း အတွက် စစ်ဘက်ဆိုင်ရာ အထောက်အပံ့ ဖြစ်ပြီး ၆၁ ဘီလျံဖိုး ယူကရိန်းကို ပေးမှာ ဖြစ်ပါတယ်။

အခု သီတင်းတစ်ပတ် အတွင်းမှာကို lat nat တွေနဲ့ စစ်ဘက် အသုံးအဆောင် ပစ္စည်းတွေ ယူကရိန်း ရရှိလာလိမ့်မယ် ဆိုပြီး သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

ကွန်ဂရက်စ်ကို မကျော်ဖြတ်နိုင်ပဲ ၆ လတာ ကြန့်ကြာနေခဲ့တဲ့ ဥပဒေကြမ်းဟာ နောက်ဆုံးမှာတော့ မဲ အပြတ်အသတ်နဲ့ အတည်ပြု လာနိုင်တာ ဖြစ်ပါတယ်။

အခုလို ခွင့်ပြုပေးတဲ့ အတွက် အမေရိကန် အထက်လွှတ်တော် ဆီးနိတ်ကို ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက ပြောပါတယ်။

မဟာမိတ်တွေကို ဘယ်တော့မှ ကျောခိုင်းမှာ မဟုတ်ဘူးလို့ မစ္စတာ ရှူးမားပြော

ဆီးနိတ်ရဲ့ အများစု ခေါင်းဆောင် ဒီမိုကရက် ဆီနိတ်တာ ချပ်ခ်ရှူးမားက အမေရိကန် ပြည်ထောင်စုဟာ မဟာမိတ်တွေ အပေါ် ဘယ်တော့မှ ဥပေက္ခာပြု ကျောခိုင်းမှာ မဟုတ်ကြောင်း ပြသတာပဲလို့ ဆိုပါတယ်။

“အမေရိကန်ရဲ့ လုံခြုံရေးနဲ့ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီ အနာဂတ်ကို ကာကွယ်ဖို့ရာ အင်မတန် အကျိုးကျေးဇူး ကြီးမားစေနိုင်မယ့် ဥပဒေကြမ်းတစ်ရပ်ဟာ အမေရိကန် လွှတ်တော်ကနေ ပြဌာန်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကန့်ကွက်ချက်တွေ၊ အတိုက်အခံတွေ အများကြီးကြားထဲကပဲ လွှတ်တော်ဟာ တာဝန်ကို ကျေပွန်အောင် လုပ်ဆောင် နိုင်ခဲ့ပါတယ်” ဆိုပြီး ဆီနိတ်တာ ချပ်ခ်ရှူးမားက ပြောပါတယ်။

အစ္စရေးနဲ့ ထိုင်ဝမ်တို့လည်း ဒေါ်လာ ဘီလျံတွေနဲ့ ချီပြီး အမေရိကန် ဆီကနေ အထောက်အပံ့ ရမှာ ဖြစ်ပါတယ်။ အစ္စရေးအတွက် ၁၇ ဘီလျံ ဝန်းကျင် တန်ဖိုး ရှိတဲ့ အထောက်အပံ့တွေ ခွင့်ပြုပေးလို့ အမေရိကန် လွှတ်တော်ကို ကျေးဇူးတင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး အစ္စရေး ကာ့ဇ်က ပြောပါတယ်။

ဒါဟာ အစ္စရေးရဲ့ ရန်သူတွေ အတွက် ပြင်းထန်လေးနက်တဲ့ သတင်းစကားလည်း ဖြစ်တယ်လို့ မစ္စတာ ကာ့ဇ်က ဆိုပါတယ်။

ဂါဇာထဲက စစ်ပွဲနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတဲ့ ဒီမိုကရက် အမတ်တချို့က အစ္စရေး အပေါ် တင်ကြို ကန့်သတ်ချက်၊ သဘောတူချက်တွေ ယူပြီးမှ ပေးသင့်တယ် ဆိုပြီး ကန့်ကွက်နေတဲ့ ကြားကပဲ ဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အစ္စရေး လုံခြုံရေးအတွက် အမေရိကန်က နှစ်စဉ် ဒေါ်လာ ဘီလျံတချို့ ထိ ပေးလက်စ ရှိနေတဲ့ အပေါ် ထပ်ဆောင်းပြီး ပေးတာ ဖြစ်ပါတယ်။ အခု လ အစောပိုင်းတုန်းက အီရန်ဟာ အစ္စရေးရဲ့ ဝေဟင်ထဲထိ တိုက်ခိုက်မှုတွေ အတိုင်းအတာ ပမာဏ ကြီးကြီးမားမား လုပ်ဆောင်ခဲ့တဲ့နောက် အခုလို အမေရိကန် က ထပ်ဆောင်း ပေးလာတာတွေဟာ အစ္စရေးရဲ့ လေကြောင်းရန်ကာ စံနစ်ကို တိုးချဲ့ နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

,ဂါဇာစစ်ကြောင့် အစ္စရေး အပေါ် ကန့်သတ်ချက်တွေ ထားပြီးမှ ပေးဖို့ ဒီမိုကရက်အမတ် တချို့ တောင်းဆိုခဲ့

တခါ၊ ထိုင်ဝမ်လည်းပဲ သူတို့ကို အမေရိကန်က စစ်ရေး အထောက်အပံ့တွေ တိုးမြှင့်ပေးမယ်ဆိုတဲ့ ဒီ ဥပဒေကြမ်း အတည်ဖြစ်လာတဲ့ အပေါ် ကြိုဆို လိုက်ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသအတွက် သတ်မှတ်ပေးတဲ့ ဒေါ်လာ ၈ ဘီလျံထဲကနေ ထိုင်ဝမ် ရရှိမှာ ဖြစ်ပါတယ်။

အမေရိကန် အနေနဲ့ အာဏာရှင်တွေနဲ့ သူတို့ရဲ့ ဖိနှိပ်မှု မှန်သမျှ အပေါ် ဆန့်ကျင်ကြောင်း ပြသတဲ့ ဒီ ဥပဒေကြမ်းကို လက်မှတ်ထိုးမယ်လို့ ပြောနေချိန်မှာပဲ တရုတ်အစိုးရကတော့ အပြင်းအထန် ဝေဖန်နေပါတယ်။

အမေရိကန် အနေနဲ့ ထိုင်ဝမ်ကို lat nat တပ်ဆင်ပေးနေတာတွေ ရပ်ပါ ဆိုပြီး တရုတ် အစိုးရရဲ့ ထိုင်ဝမ်ရေးရာ ဌာနရဲ့ ပြောခွင့်ရ ကျူဖန်းလျံက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ် အစိုးရရဲ့ ထိုင်ဝမ်ရေးရာ ဌာနရဲ့ ပြောခွင့်ရ ကျူဖန်းလျံ

“ထိုင်ဝမ်အရေးဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေး သီးသန့် ဖြစ်ပါတယ်။ ပြင်ပစွက်ဖက်မှု မှန်သမျှကို သည်းခံမှာ မဟုတ်ပါဘူး။ အခု အမေရိကန် ကွန်ဂရက်စ်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းထဲ ထိုင်ဝမ် အရေး ထည့်သွင်းထားတာဟာ တရုတ်တစ်နိုင်ငံတည်း ဆိုတဲ့ မူဝါဒ၊ အမေရိကန်နဲ့ တရုတ်ကြား ရယူထားတဲ့ သဘောမှုတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်တာ ဖြစ်တယ်”

“ထိုင်ဝမ် သီးသန့်လွတ်လပ်ရေး ဆိုတဲ့ မှားယွင်းတဲ့ အယူအဆ စွဲကိုင်ထားတဲ့ ခွဲထွက်ရေး အင်အားစုတွေအတွက် ထင်ယောင်ထင်မှား ဖြစ်စေမယ့် အပြုအမူ ဖြစ်တယ်” လို့ ပြောခွင့်ရ ကျူဖန်းလျံက ဆိုပါတယ်။

ကိုယ်ပိုင် အုပ်ချုပ်ရေး ထူထောင်ထားတဲ့ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်း ပိုင်နက်မြေသာ ဖြစ်တယ်လို့ တရုတ်က သတ်မှတ်ထားတာ ဖြစ်ပါတယ်။

,ရုရှားကို စစ်ရေး အထောက်အပံ့ ဖြစ်စေမှာမျိုးတွေ မလုပ်ဖို့ တရုတ်ကို ဝန်ကြီး ဘလင်ကင် ပြောမယ်

ဒီအချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ တရုတ်နိုင်ငံရဲ့ အဓိက စီးပွားရေး မြို့ကြီးတစ်ခု ဖြစ်တဲ့ ရှန်ဟိုင်းကို ၃ ရက် ခရီးစဉ် ရောက်နေပါတယ်။

ရုရှားရဲ့ စစ်ဘက်ဆိုင်ရာ လုပ်ဆောင်မှုတွေကို တရုတ်က အားပေး အားမြှောက် ပြုလုပ်သလို ဖြစ်နေတာတွေ အပေါ် ဝန်ကြီး ဘလင်က တရုတ် တာဝန်ရှိသူတွေကို ထောက်ပြ လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ယူကရိန်းကို တိုက်ခိုက်နေတဲ့ စစ်ပွဲတွေမှာ ရုရှားအသုံးပြုနေတဲ့ lat natနဲ့ စက်ယန္တရားတွေထဲ တရုတ်လုပ် မိုက်ခရိုချစ်ပ်တွေ၊ စက်ပစ္စည်းတွေ ပါဝင်နေတယ်လို့ အမေရိကန်က ပြောဆို ထားပါတယ်။

အခု ဝန်ကြီး ဘလင်ကင်ရဲ့ ခရီးစဉ်ဟာ အမေရိကန် တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်ဖို့ အတွက် ရည်ရွယ်ထားပြီး၊ တောင်တရုတ်ပင်လယ်ပြင် တင်းမာမှုတွေနဲ့ ထိုင်ဝမ်းကျွန်းဆွယ် အရေး ကိစ္စတွေလည်း ပြောဆို သွားမှာ ဖြစ်တယ်လို့ နားလည်ရပါတယ်

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။