ရုရှားက ဇယ်လန်းစကီးကို သတ်မယ့်အကြံကို တားဆီးခဲ့တယ်လို့ လုံခြုံရေးအဖွဲ့ဆို

International News
ရုရှားက ဇယ်လန်းစကီးကို သတ်မယ့်အကြံကို တားဆီးခဲ့တယ်လို့ လုံခြုံရေးအဖွဲ့ဆို

ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇယ်လန်းစကီး

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီးနဲ့ တခြား ထိပ်တန်း အရာရှိကြီးတွေကို ရုရှားဘက်က လုပ်ကြံမယ့် အကြံအစည်ကို တားမြစ်နိုင်ခဲ့ကြောင်း ယူကရိန်း လုံခြုံရေးအဖွဲ့ က ပြောပါတယ်။

ယူကရိန်း အစိုးရ စောင့်ရှောက်ရေး ဌာနက ဗိုလ်မှူးကြီး နှစ်ယောက်ကို သစ္စာဖောက်မှု၊ အကြမ်းဖက်ရန် ကြံစည်မှုတွေနဲ့ ဖမ်းထားပါတယ်။

ဒီလူတွေဟာ ရုရှားအစိုးရ လုံခြုံရေးဌာန သူလျှိုကွန်ရက်နဲ့ ပတ်သက်တဲ့သူတွေလို့လည်း ယူကရိန်း လုံခြုံရေးအဖွဲ့ က ပြောပါတယ်။

မစ္စတာ ဇယ်လန်းစကီးရဲ့ သက်တော်စောင့်တွေအကြား သူ့ကို ပြန်ပေးဆွဲ thetဖြတ်ချင်တဲ့သူကို ဒီလူတွေက လိုက်ရှာတယ်လို့လည်း ဆိုပါတယ်။

ယူကရိန်းကို ရုရှား အလုံးအရင်းနဲ့ စတိုက်တဲ့ အစောပိုင်း ရက်တွေ ကတည်းက သမ္မတ ဇယ်လန်းစကီးကို ရုရှား လေထီးတပ်သားတွေနဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့ဖူးပြီး သူ့ကို လုပ်ကြံရန် ကြံစည်မှုတွေက ရှိခဲ့ပြီး ဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်စစ် စကတည်းက သူဟာ ရုရှားရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်ကြောင်း ယူကရိန်း ခေါင်းဆောင်က ပြောပါတယ်။

အခု စွပ်စွဲထားတဲ့ ကြံစည်မှုကြီးမှာတော့ အရာရှိကြီးတွေ လုံခြုံရေးအတွက် တာဝန်ယူရတဲ့ တာဝန်ထမ်းဆောင်ဆဲ ဗိုလ်မှူးကြီးတွေ ပါပြီး သူတို့ကို ရုရှားဘက်က သိမ်းသွင်းခဲ့တယ်လို့ စွပ်စွဲပါတယ်။

ယူကရိန်း စစ်ထောက်လှမ်းရေးချုပ် ကီရီလို ဘူဒါနော့

နောက်ထပ် ပစ်မှတ်ထားတဲ့အထဲ ယူကရိန်း စစ်ထောက်လှမ်းရေးအကြီးအကဲ ကီရီလို ဘူဒါနော့နဲ့ ယူကရိန်း လုံခြုံရေး ဌာန အကြီးအကဲ ဗာဆေးလ် မဲလီးယာ့တို့လည်း ပါကြောင်း ယူကရိန်း လုံခြုံရေးအဖွဲ့ က ဖြည့်စွက်ပြောပါတယ်။

ဒီနှစ် မေလ ငါးရက်နေ့မှာ ကျရောက်တဲ့ အော်သိုဒေါက် ခရစ်ယာန် ဂိုဏ်းရဲ့ အီစတာ ပွဲတော်ရက်မတိုင်ခင် မစ္စတာ ဘူဒါနော့ကို thetဖို့ ဒီအုပ်စုက ကြံခဲ့တယ်လို့ ဆိုပါတယ်။

ဘူဒါနော့ ရှိတဲ့နေရာကို သိဖို့ အတွင်းလူတယောက်ကို သုံးဖို့ ကြံစည်ခဲ့ကြောင်းလည်း ယူကရိန်း လုံခြုံရေးအဖွဲ့ က ပြောပါတယ်။ နေရာကို သိတာနဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှာ ဖြစ်ပါတယ်။

အခု ဖမ်းထားတဲ့ အရာရှိတယောက်ဆိုရင် ဒရုန်းနဲ့ မြေမြှုပ်မိုင်းတွေတောင် ဝယ်ထားကြောင်း ယူကရိန်း လုံခြုံရေးအဖွဲ့ က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပူတင်ရဲ့ ပဉ္စမ သမ္မတသက်တမ်း ကျမ်းကျိန်ပွဲ မတိုင်ခင်မှာ လက်ဆောင် အဖြစ် ပေးဖို့ ကြံရွယ်ခဲ့ကြောင်း ယူကရိန်း လုံခြုံရေးအဖွဲ့ အကြီးအကဲ ဗာဆေးလ် မဲလီးယာ့က ပြောပါတယ်။

ရုရှားအထူးတပ်ဖွဲ့ရဲ့ ဒီစစ်ဆင်ရေးက အရေးနိမ့်သွားတယ်လို့လည်း သူက ပြောပါတယ်။

ယူကရိန်း အရာရှိနှစ်ယောက်ကို နိုင်ငံတော် သစ္စာဖောက်မှု၊ အကြမ်းဖက်ရန် ပြင်ဆင်မှုတွေနဲ့ ဖမ်းဆီးထားပါတယ်။

ရုရှားလုံခြုံရေးဌာန ဝန်ထမ်း သုံးယောက်က ဒီလူစုနဲ့ တိုက်ခိုက်မှုကို ကွပ်ကဲတယ်လို့လည်း ယူကရိန်း လုံခြုံရေးအဖွဲ့ က ပြောပါတယ်။

ဒီထဲက ဒီမီထရိုပါလင်ဆိုသူကို ၂၀၂၂ ဖေဖော်ဝါရီက ယူကရိန်းကို ရုရှား အလုံးအရင်းနဲ့ ဝင်မတိုက်ခင်ကတည်းက စည်းရုံးသိမ်းသွင်းထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

နောက် ရုရှား သူလျှိုထဲက သြလက်ဆီ ကော့နဗ်ကလည်း ကျူးကျော်မှု မစခင်ကတည်းက အခု ဖမ်းထားတဲ့ ယူကရိန်း ဗိုလ်မှူးကြီးတွေထဲက တယောက်နဲ့ အိမ်နီးချင်း ဥရောပနိုင်ငံတခုမှာ မသင်္ကာစရာ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဒဏ်ခံနေရဆဲ ယူကရိန်း

သံသယတရားခံတယောက်ကို စစ်မေးချက်ကို ထုတ်လွှင့်ခဲ့တဲ့အထဲ သူတို့ကို ဒေါ်လာ ထောင်ချီပြီး စာအိတ်တွေနဲ့ ပေးတာ၊ ဆွေမျိုးတွေဆီက ရောက်လာတာ စတဲ့ ဖွင့်ဟဝန်ခံချက်တွေ ကြားရပါတယ်။ နှိပ်စက်မှုကြားက ဒီလို ထုတ်ပြောသလားဆိုတာကတော့ မသဲကွဲပါဘူး။

ဒီလူတွေကို တောက်လျှောက် စောင့်ကြည့်လာခဲ့တယ်လို့လည်း စစ်မေးသူတွေက ပြောပါတယ်။ ဒီလုပ်ကြံရန် အကြံအစည်ကို ဘယ်လောက်ထိ ဖော်ဆောင်နိုင်ခဲ့သလဲ ဆိုတာကတော့ မသိနိုင်ပါဘူး။

ဒီဇာတ်ကွက်ဟာ သည်းထိတ်ရင်ဖို ဆန်ပေမယ့် ယူကရိန်းရဲ့ စစ်အတွင်းခေါင်းဆောင်တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖော်ညွှန်းနေပါတယ်။

အရင်လကလည်း ပိုလန် အမျိုးသားတယောက် ဖမ်းပြီး မစ္စတာ ဇယ်လန်းစကီးကို လုပ်ကြံရန် ကြံစည်ရာမှာ ရုရှား ထောက်လှမ်းရေးကို ကူညီမှုနဲ့ တရားစွဲခဲ့ပါတယ်။

အရင် သီတင်းပတ်ကုန်မှာတော့ ရုရှားပြည်ထဲရေး ဌာနရဲ့ အလိုရှိသူ စာရင်းမှာ ယူကရိန်း သမ္မတ ဇယ်လန်းစကီးကို ဖော်ပြခဲ့ပါတယ်။

ဒီလုပ်ရပ်ကို ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်လို့ ရုရှား အစိုးရနဲ့ ဝါဒဖြန့် ယန္တရားရဲ့ သွေးပျက်မှု အဖြစ် ဖော်ပြခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။