လပွတ္တာရှိ ရေလုပ်ငန်းများ အကြပ်အတည်းတွေ့နေသဖြင့် မှီခိုနေသူ ရေလုပ်သားများ ဒုက္ခရောက်

Local News

လပွတ္တာမြို့နယ်သည် ရေလုပ်ငန်း ဆားလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသော မြို့ဖြစ်သည်။ ကိုဗစ်ကာလအတွင်း လုပ်ငန်းများရပ်တန့်နေခြင်း၊ နိုင်ငံတော်မှ ချေးငွေမရရှိခြင်း စသည်တို့ကြောင့် လပွတ္တာမြို့နယ်ရှိ ရေလုပ်ငန်းများ အခတ်အခဲတွေ့နေကြောင်း သိရှိရသည်။

ကုန်စည်ပို့ဆောင်မှု မချောမွေ့ခြင်း ၊ လမ်းများပိတ်ထားခြင်းတို့ကြောင့် ရေထွက်ပစ္စည်းများကို အချိန်မှီပို့ဆောင်ရန် အခတ်အခဲဖြစ်နေခြင်း၊ နိုင်ငံတော်မှ ချေးငွေ မရရှိခြင်း စသော ကိစ္စရပ်များကြောင့် လုပ်သားအင်အား လျှော့ချရမှုများ၊ လုပ်ငန်းနားလိုက်ရခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ခံနိုင်ရည်စွမ်းအားရှိတဲ့ အထိတော့ လုပ်ပါမယ်။ စွမ်းအားမရှိတော့တဲ့ အခါကျရင်တော့ တံခါးပိတ်ပြီး နေရမယ့် အဖြစ်ကို စဉ်းစားရတော့မှာပေါ့။ စွမ်းအားဆိုတာ ကိုယ့်ရဲ့ရင်းနှီးမြုပ်နှံမှုနဲ့ မြှုပ်နှံထားတာ ဘယ်လောက်ထိရှိလဲ ဒီလိုဆက်သွားနေရင် ဘယ်နှနှစ်လောက်ခံနိုင်မှာလဲ ဘယ်နှလလောက် ခံနိုင်မှာလဲ။ ဒါတွေပေါ့နော်။ ခံနိုင်တဲ့စွမ်းအား မရှိဘူး ဆိုရင်တော့ ကျွန်တော်တို့ ပိတ်ပစ်ရမှာပေါ့။ အစိုးရက အခုကျွန်တော်တို့လုပ်ငန်း အကြီး၊ အသေး၊ အလတ်တွေကို ချေးငွေတွေ ပေးတယ်တဲ့ ကျွန်တော်တို့ မိခင်ဌာနဖြစ်တဲ့ ငါးလုပ်ငန်း ဦးစီးဌာနက ကျွန်တော်တို့ ကဏန်း၊ ပုစွန်၊ ငါးနဲ့ပတ်သက်လို့ ကျွန်တော်တို့ လုပ်ငန်းရှင်တွေကို ကိုဗစ်ချေးငွေအဖြစ် ပေးပါမယ်ဆိုပြီး ညွှန်ကြားချက်ထုတ်ပြီး စာမရှိဘူးဗျ။ တိုင်းဒေသကြီးနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေကတော့ ရပြီးပြီ။ ကျွန်တော်တို့ တကယ်လုပ်နေရတဲ့ မြို့နယ်မှာရှိတဲ့ ကျွန်တော်တို့ဆို ဘာမှမသိရဘူး။ သူများပြောသံကြားနဲ့ လိုက်ပြီးတော့ စုံစမ်းကြည့်တော့ ရတဲ့သူရပြီးပြီ။ ညွှန်ကြားချက်လည်းမထုတ်၊ မိခင်ဌာနကလည်း ဘာမှသတင်းမပေး၊ မေးပြန်တော့လည်း တိကျတဲ့ အဖြေမရ၊ သူများတွေရနေပြီး ကျွန်တော်တို့ လုပ်ငန်းရှင်တွေက အခက်အခဲတွေ ကြုံနေတာပေါ့” ဟု လပွတ္တာမြို့ရှိ ငါးပုစွန် လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးသိန်းဇော်က ဆိုသည်။

ကဏန်းလုပ်ငန်းရှင်များမှာလည်း အခက်အခဲများစွာကို ကြုံတွေ့နေရပြီး လပွတ္တာမြို့တွင် ကဏန်းဒိုင်ပေါင်း ၁၅၀ ကျော်ရှိသည့်အနက် သုံးပုံတစ်ပုံခန့်မှာ ရပ်နားထားရကြောင်း သိရသည်။

ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံခြားသို့ Export တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်ဌေးကလည်း လုပ်ငန်းများ ရပ်နားထားရခြင်းနှင့် ပတ်သက်၍ “ကဏန်းစျေးကွက်အရ ပြောမယ်ဆိုရင် ယခင်ဒီရာသီတွေမှာ ကဏန်းမွေးစိုက်တွေက တစ်ကီလိုကို ခုနစ်ထောင်၊ ရှစ်ထောင်ဖြစ်တဲ့ စျေးကွက်တွေက အခုလက်ရှိ ဖြစ်နေတာက သုံးထောင်လောက်ပဲ ရှိပါတယ်။ Export စျေးကွက်ဆိုလည်း ဒီအတိုင်းပဲ တရုတ်က စျေးကွက်တွေ နှိမ်ပြီးတော့ ဝယ်နေတဲ့ သဘောပေါ့။ ဒီရောဂါတွေသာ မဖြစ်ဘူးဆိုရင် စျေးကွက်ပွင့်လင်းတဲ့ ရာသီပါ။ Export က အခုကိုဗစ်ကြောင့် နားထားရတယ်။ လမ်းတွေမှာ တစ်ဆင့်တစ်ဆင့် ဂိတ်တွေကများတယ်။ ကဏန်းဆိုတာက သက်ရှိသတ္တဝါ၊ ရက်တွေကြာတာနဲ့အမျှ ဒီကဏန်းတွေက အထဲမှာ အသားပြည့်နှုန်းတွေက နည်းနည်းလာတာမို့ အခြားဝယ်လက်တွေက ပြည်ပဝယ်လက်တွေက မကြိုက်တော့ ကျွန်တော်တို့ လုပ်ငန်းတွေ နားထားရပါတယ်။ အထောက်အပံ့ ချေးငွေတွေလည်း လုံးဝမရတော့ လုပ်သားတွေပါ ထိန်းမထားနိုင်တော့ဘူး” ဟု ပြောကြားသည်

လပွတ္တာမြို့နယ်သည် ဆားလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ရေထွက်ကုန် လုပ်ငန်းတို့ကို အဓိက လုပ်ကိုင်သည့် မြို့ဖြစ်ပြီး ရေထွက်ကုန် လုပ်ငန်းကဏ္ဍတစ်ခုထဲမှာပင် လုပ်သားအင်အား ၅သောင်းကျော်ရှိပီး လုပ်ငန်းများရပ်တန့်နေခြင်းကြောင့် အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်နေကြကြောင်းသိရသည်။

Leave a Reply