မြောင်းမြမြို့တွင် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူ သုံးသောင်းကျော် ကား၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်လှေများဖြင့် အင်အားပြလှည့်လည်

Local News

မြောင်းမြမြို့တွင် ယနေ့ (အောက်တိုဘာ ၁၇ ရက်) နံနက် ၉ နာရီခန့်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူ ထောက်ခံသူ သုံးသောင်းကျော် ကား၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်လှေများဖြင့် အင်အားပြ လှည့်လည်ခဲ့ကြကြောင်း သတင်းရရှိသည်။

အင်အားပြ လှည့်လည်သူများသည် ကား၊ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်များဖြင့် မြောင်းမြမြို့ မုဆိုးကွင်းကျေးရွာ အနီးမှ စတင်ကာ မြဂုဏ်ရည်လမ်းအတိုင်း ဖြတ်သန်း၍ လူအင်အား သုံးသောင်းကျော်ခန့်မှာ မြို့အနှံ့လှည့်လည်ခဲ့ကြကြောင်း၊ ထို့အပြင် မြောင်းမြမြို့နယ် အတွင်းရှိ မြစ်များ ချောင်းများ အတွင်းတွင်လည်း စက်လှေများဖြင့် လှည့်လည်အင်အားပြမှုကို ပြုလုပ်ခဲ့ကြသေးကြောင်း သိရသည်။

ယင်းလှည့်လည် အင်အားပြ မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ မြို့နယ် ပါတီအလုပ်အမှုဆောင် အဖွဲ့ထံ ဆက်သွယ်မေးမြန်းရာတွင်မူ ပါတီအောင်နိုင်ရေးအဖွဲ့မှ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့ကြပြီး မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ ဆက်သွယ်မေးမြန်းရာတွင်လည်း ငြိမ်းချမ်းစွာ စုဝေးလှည့်ခွင့် လျှောက်ထားထားခြင်း၊ မဲဆွယ်စည်းရုံး လှည့်လည်ခွင့်အား လျှောက်ထားထားခြင်းမျိုး မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ဒါကဝန်းရံသီးသန့်ပွဲပါတဲ့၊ ဒါဟာ ပါတီက လုပ်ခိုင်းတဲ့ပွဲလည်း မဟုတ်ဘူး။ ကိုယ်စားလှယ်က တစ်ဦးတစ်ယောက်မှ ငါတို့ကို လုပ်ခိုင်းခြင်းမရှိဘူး။ ဝန်းရံအဖွဲ့တွေ စုပေါင်းပြီးတော့ လုပ်တဲ့ပွဲဖြစ်ပါတယ်။ လူအင်အားက အခုလောလောဆယ် တစ်သောင်းခွဲလောက် ရှိပါတယ်။ ထပ်လာမဲ့ သူတွေကလည်း အများကြီး ရှိပါတယ်” ဟု ဝန်းရံအဖွဲ့မှ ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးဌေးဝင်းက ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံသူများမှလည်း အောက်တိုဘာလ ၁၅ ရက်နေ့တွင် လူအင်အား သုံးသောင်းကျော်ဖြင့် အင်အားပြ လှည့်လည်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူ များမှလည်း ယခုကဲ့သို့ ထပ်မံလှည့်လည်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

မြောင်းမြမြို့တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကရင်အမျိုးသားပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply