ရေမုဆိုးများလက်ထဲက ဧရာဝတီ၏ သမီးပျို

Knowledge

ဧရာဝတီကို မိခင်မြစ်ဟု သတ်မှတ်လျှင် ဧရာဝတီ၏ ရင်ခွင်အတွင်းပျော်မြူးနေသည့် ဧရာဝတီလင်းပိုင်များကို ဧရာဝတီ၏သမီးပျိုများဟု တင်စားရမည်ဖြစ်သည်။

၎င်းတို့သည် ဧရာဝတီလင်းပိုင်၊ ရေချိုလင်းပိုင်၊ နှုတ်သီးဝိုင်းလင်းပိုင်၊ရေဝက် စသည်ဖြင့် အမည်ပေးခံရသည့် ချစ်စဖွယ် မျက်နှာပိုင်ရှင်များလည်းဖြစ်သည်။

တစ်ကမ္ဘာလုံးတွင် မြန်မာနိုင်ငံတစ်ခုတည်း၌သာ တွေ့နိုင်သည့် လူနှင့်လင်းပိုင် ပူးပေါင်း၍ ငါးရှာဖွေသည့် ဓလေ့သည် ဧရာဝတီမြစ်အတွင်းမှာသာရှိသည်။

” ဒါက ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်ယူစရာတစ်ရပ်ဗျ ” ဟုဝံ့ကြွားသည့်လေသံဖြင့် ပြောဆိုသူက ထိုဧရာဝတီ လင်းပိုင်များထိန်းသိမ်းစောင့်ရှောက်ရေးတွင် ပါဝင်နေသူ မန္တလေးမြို့မှ ဦးမောင်မောင်ဦးဖြစ်သည်။

သို့သော် ယခုအချိန်တွင် ဧရာဝတီလင်းပိုင်များမှာ မျိုးတုံးမည့်အန္တရာယ်ဖြင့်ရင်ဆိုင်နေရပြီး မထိန်းသိမ်း တတ်လျှင် ပပျောက်သွားမည့် သက်ရှိသယံဇာတကျိန်စာထဲတွင်ပါဝင်နေသည့်သားကောင်များဖြစ်နေပြန်သည်။

ရေချိုလင်းပိုင် သမိုင်းကြောင်း။  ဧရာဝတီမြစ်အတွင်းမှ ရေချိုလင်းပိုင်များသည် လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၀၀

ကျော်ခန့်၊ အေဒီ ရှစ်ရာစုဝန်းကျင်၊ ပျူခေတ် ကတည်းကပင်ကျက်စားနေထိုင်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများ တွင် ပြောဆိုထားသည်။

ပျူခေတ်တွင် ပေါ်ထွန်းခဲ့သည့် ဗိဿနိုးမြို့ဟောင်းကို တူးဖော်ရာတွင်လင်းပိုင်နှင့်ပတ်သက်သည့် အထောက် အထားများ ရရှိခဲ့သည်။

အိုးခြမ်းကွဲတစ်ခုတွင် ငါးရုပ်ကလေးများဖြင့် အလှဆင်ထားပြီး ယင်းငါးမှာပြုံးနေသည့် ပုံစံဖြင့် ချစ်စရာကောင်း သည့် လင်းပိုင်လေးများအားရည်ညွန်းသည်ဟုယူဆရကြောင်းသမိုင်းပညာရှင်တို့က ပြောဆိုထားသည်။

ယင်းအပြင် ပျူခေတ်နှင့်အပြိုင် တရုတ်ပြည် ‘ တန် ‘ မင်းဆက်၏မှတ်တမ်းတစ်ခုတွင် မြန်မာပြည်သို့ ရောက်လာ သည့် တရုတ်ကုန်သည်များသည်ဧရာဝတီမြစ်အတွင်း ရေဝက်ကို တွေ့ရှိခဲ့သည်ဟု ဆိုထားပြီး ရေဝက်သည် ယခု တွေ့ရှိရသည့် ဧရာဝတီလင်းပိုင်များအားရည်ညွှန်းခြင်း ဖြစ်နိုင်သည်ဟု သုတေသီများကလည်း ပြောဆို ထားသည်။

ဧရာဝတီလင်းပိုင်ဟု ဖြစ်ပေါ်လာမှုမှာ ၁၉ ရာစုတွင် ဖြစ်သည်။သဘာဝဗေဒပညာရှင် မစ္စတာ ဂျွန်အန်ဒါဆင်( John Anderson )သည် ၁၈၇၁ ခုနှစ်မှ၁၈၇၉ ခုနှစ်အထိ ရှစ်နှစ်ကြာ ဧရာဝတီမြစ်အတွင်း လေ့လာပြီးနောက် ငါးမျိုးစိတ်အသစ်ဖြစ်သည့် ရေချိုလင်းပိုင်ကို တွေ့ရှိခဲ့ကာ ဧရာဝတီမြစ်အတွင်း၌ တွေ့ရှိခဲ့သဖြင့် ဧရာဝတီ လင်းပိုင် (Irrawaddy Dolphin) ဟုမှတ်တမ်းတင်ခဲ့သည်။

ဧရာဝတီရေချိုလင်းပိုင်မှာ နှုတ်သီးဝိုင်းပုံသဏ္ဍာန် ရှိသည်။၁၄ လကြာကိုယ်ဝန်ဆောင်ပြီး ၁၈ လကြာနို့တိုက် လေ့ ရှိသည့် ရေတွင်ကျက်စားသော မီးခိုးရောင်ရှိ နို့တိုက်သတ္တဝါဖြစ်ကာ တစ်ကြိမ်လျှင် တစ်ကောင်သာ ပေါက်ဖွားသည်။

ငါးကို အဓိကစားသုံးကြပြီး အရွယ်အစား နှစ်ပေမှ ရှစ်ပေအထိ ရှည်လျားကာ အသက်၅၀ နှစ်အထိအသက်ရှည် တတ်ကြသည်။

မြန်မာနိုင်ငံတွင်တွေ့သည့် ငါးမျိုးစိတ်သစ်တစ်ခုအဖြစ် ကမ္ဘာ့မှတ်တမ်းပြုခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ရေချိုဒေသ အသီးသီး၌ တွေ့ရှိသည့်လင်းပိုင်များကို ဧရာဝတီလင်းပိုင်ဟုသာ အမည် ခေါ်ဆိုကြသည်။ သိပ္ပံအမည်မှာ Orcaella-Brevirostris ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဧရာဝတီမြစ်ကြောင်း(မန္တလေး-ဗန်းမော်)၊ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းမြောင် ဒေသနှင့်မြိတ်ကျွန်းစုဒေသတွင် တွေ့ရသည်။

ငါးလုပ်ငန်းဦးစီးဌာန၏စာရင်းများအရ ဧရာဝတီမြစ်ကြောင်းတွင် ၇၉ ကောင်၊ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ၂၀ ခန့်၊ ရခိုင်ကမ်းမြောင် ဒေသတွင် ၇၀ ခန့်၊မြိတ်ကျွန်းစုဒေသတွင် ၆၀ ခန့်ရှိသည် ဟုဆိုပြီး ဧရာဝတီမြစ်ကြောင်းမှလွဲ၍ကျန်ဒေသများ၏ စာရင်းမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း တွက်ချက်ထားမှုများ ဖြစ်သည်။

ဧရာဝတီရေချိုလင်းပိုင်ကို သြစတေးလျမြောက်ပိုင်း၊ နယူးဂီနိ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယ အရှေ့မြောက်ဒေသ ဂင်္ဂါမြစ်၊ အင်ဒိုနီးရှားနိုင်ငံ မဟာခမ်မြစ်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗြဟ္မပုတ္တရမြစ်၊ လာအို၊ ကမ္ဘာဒီးယားနှင့်ဗီယက်နမ်နိုင်ငံတို့ရှိ မဲခေါင်မြစ်ကြောင်းတစ်လျှောက်တို့တွင်လည်းတွေ့ရသည်ဟု ပညာရှင်တို့က ပြောဆိုထားသည်။

ငါးကူဖမ်းသည့် လင်းပိုင်များ။  ။ဒေသအသီးသီး၌ တွေ့ရသော်လည်း လူနှင့်အတူ ငါးဖမ်းသည့် ဧရာဝတီ လင်းပိုင်မှာမြန်မာနိုင်ငံ၌သာ ရှိပြီး ယင်းဓလေ့ကို မန္တလေးနှင့် ဗန်းမော်အကြားဧရာဝတီမြစ်ကြောင်းပေါ်တွင်သာ တွေ့ရမည် ဖြစ်သည်။ဧရာဝတီမြစ်ကမ်းဘေးမှ လက်ပစ်ကွန်ဖြင့်ငါးဖမ်းသည့် ရေလုပ်သားများသည်ဧရာဝတီ လင်းပိုင်များနှင့် အကျိုးတူ ပူးပေါင်း၍ ငါးဖမ်းဆီးသည့် အလေ့အထအကိုလွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရှိခဲ့သည်ဟု ဆိုသည်။

အသက် ၅၈ နှစ်အရွယ်ရှိ ရေလုပ်သားကြီး ဦးမောင်လေးသည်လည်းဆယ်ကျော်သက်အရွယ်ကတည်းက တံငါလုပ်ငန်းကို မိရိုးဖလာ လုပ်ကိုင်ခဲ့ရပြီးဧရာဝတီလင်းပိုင်များနှင့် ပူးပေါင်း၍ ငါးဖမ်းအတတ်ပညာကိုပါ အမွေဆက်ခံရရှိခဲ့သူဖြစ်သည်။

” ကျွန်တော်တို့ကို ကျွေးမွေးနေတဲ့ ဧရာဝတီလင်းပိုင်တွေပေါ့။ မိဘသဖွယ်လည်းဖြစ်တယ်။ မိတ်ဆွေလည်း ဖြစ်တယ် ” ဟု ရေလုပ်သားလုပ်သက် ၃၈နှစ်ရှိပြီဖြစ်သည့် ဦးမောင်လေးက ပြောသည်။

သူက မတ္တရာမြို့နယ် ဆင်ကျွန်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၁၉၈၄ခုနှစ်မှစတင်၍ ရေလုပ်သားအဖြစ်ရော၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအလုပ်ကိုပါ မိဘများထံမှ ရရှိခဲ့ကာ ထိုစဉ်က ၇၂ ကောင်ရှိသည်ဟု မှတ်သား ထားကြောင်း ဦးမောင်လေးက ရှင်းပြသည်။

ဧရာဝတီလင်းပိုင်များနှင့် ပူးပေါင်း၍ ငါးဖမ်းသည့်အတတ်ပညာသည်ရေလုပ်သားတိုင်း မတတ်ပေ။ကျွန်းသားဖြင့် ပြုလုပ်ထားသည့် သစ်သားချောင်းဖြင့် လှေနံကိုတစ်တောက်တောက် ခေါက်ကာ အချက်ပေးခြင်း၊ချောင်းဟန့်သံ နှင့် ကတူး ကတူးဟုအသံပေးခြင်းတို့ ပြုလုပ်ပြီးလျှင် ရေထဲကို ငါးဖမ်းပိုက်ကွန်ကိုပစ်ပြရသည်။

ထိုအခါ ရေထဲက လင်းပိုင်များက ကွန်သမားများရောက်လာသည်ကို သိပြီးငါးများကို လှေအနီးသို့ စုစည်းပေး သည်။ အသင့်ဖြစ်လျှင် လင်းပိုင်အုပ်စု၏ဦးဆောင်ဖြစ်သူက ရေပေါ်တက်လာပြီး အမြီးဖြင့် ရေပြင်ကို ရိုက်ကာ အချက်ပြသည်။ ထိုအခါ ကွန်သမားက ပစ်ကာ ဖမ်းဆီးရသည်။

” ကွန်ကထွက်ကျတဲ့ငါးတို့၊ ကွန်နဲ့ထိလို့ မူးနေတဲ့ငါးတို့ကိုလင်းပိုင်လေးတွေက ဖမ်းပြီးစားကြတယ်။ ဒီလို အကျိုးတူပူးပေါင်းဖမ်းဆီးကြတာပေါ့ ” ဟု လက်ပစ်ကွန်ရေလုပ်သားကြီး ဦးမောင်လေးကရှင်းပြသည်။

ဧရာဝတီလင်းပိုင်သည် တိရိစ္ဆာန်အဆင့်ထက်ပို၍ တန်ဖိုးထားအပ်သည့်သတ္တဝါဖြစ်ကြောင်း ဦးမောင်မောင်ဦး က ဆိုသည်။ရေချိုတွင် နေထိုင်သည့် ဧရာဝတီလင်းပိုင်သည် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ထိုင်း၊ ဗီယက်နမ် စသည့် နိုင်ငံများတွင်လည်း ရှိသော်လည်း ရေလုပ်သားနှင့်အကျိုးတူငါးဖမ်းသည့်ဓလေ့က မြန်မာနိုင်ငံတွင်သာ ရှိသော ကြောင့် မြန်မာ့လင်းပိုင်များက ပို၍ တန်ဖိုးမြင့်သည်ဟု ၎င်းက ပြောသည်။

” တန်ဖိုးရှိတဲ့သတ္တဝါအတွက် ထိန်းသိမ်းရမှာက အစိုးရတာဝန်၊နိုင်ငံသားတွေရဲ့ တာဝန် ” ဟု ဦးမောင်မောင်ဦးက သတိပေးစကား ပြောဆိုသည်။

ဘတ္ထရီရှော့ခ် အန္တရာယ်။  ဧရာဝတီလင်းပိုင်များအတွက် အန္တရာယ်အရှိဆုံးမှာ ဘတ္ထရီဖြင့်ရှော့ခ်တိုက်ပြီး ငါးဖမ်းဆီးခြင်းဖြစ်သည်ဟု ထိန်းသိမ်းနေသူများကတစ်ညီတစ်ညွတ်တည်း ဆိုကြသည်။ဘတ္ထရီရှော့ခ်တိုက် ငါးဖမ်းခြင်းကို ဒေသအခေါ် ကျဉ်စက်ဖြင့်ငါးဖမ်းသည်ဟုလည်း ခေါ်ကြသည်။ ကားဘတ္ထရီနှင့် သတ္တုချောင်း အရှည်ကိုအသုံးပြုကာ ငါးများနှင့် ဧရာဝတီလင်းပိုင်များကို ဓာတ်လိုက် သေစေခြင်းဖြစ်သည်။

ယင်းစနစ်ကြောင့် ငါးများ နေထိုင်ကျက်စားရာနေရာများပျက်စီးခြင်း(ဂေဟစနစ်ပျက်စီးခြင်း)အပြင် ငါးသယံဇာတ များကို အလျှင်အမြန်ကုန်ဆုံးစေနိုင်သည်။ အဆိုးဝါးဆုံးမှာ အပြစ်မဲ့ ဧရာဝတီလင်းပိုင်များကိုပါသေဆုံးစေသည်ဟု ၎င်းတို့က ပြောသည်။

” ရှော့ခ်ဆိုတာ ပေါ်လာပြီးတဲ့နောက် ငါးဆိုတာလည်း နည်းသွားတယ် ” ဟုညည်းညူသူက စဉ့်ကူးမြို့နယ် မြစ်ကမ်းကြီးကျေးရွာမှ ရေလုပ်သားကြီးဦးဆန်းလွင် ဖြစ်သည်။

ယခင်က လင်းပိုင်သေဆုံးမှုသည် ဆယ်နှစ်နေမှ တစ်ကောင်ပင် မရှိသော်လည်း ၂၀၁၀ခုနှစ်နောက် ဘတ္ထရီရှော့ခ် များ ပေါ်လာပြီးမှသာ မကြာခဏ သေဆုံးမှုများဖြစ်လာသည်ဟု အသက် ၆၀ ဝန်းကျင်ရှိသည့် ဦးဆန်းလွင်က ပြောသည်။

ရှော့ခ်တိုက်ငါးဖမ်းခြင်းအပြင် အစောင့်မရှိသည့် မျှောပိုက်၊တန်းပိုက်တို့ဖြင့် ငါးဖမ်းဆီးမှုများကြောင့် ယင်းပိုက် များတွင်ဝင်တိုးမိသည့် လင်းပိုင်များ သေဆုံးခြင်းလည်း ရှိခဲ့သည်ဟု ဆင်ကျွန်းဒေသခံရေလုပ်သားကြီး ဦးမောင်လေးက ဆိုသည်။

မျှောပိုက်၊ တန်းပိုက်များကြောင့် ဧရာဝတီလင်းပိုင်သေဆုံးရခြင်းသည် ၁၉၈၄ခုနှစ်မှ ယနေ့အထိ နှစ်ကြိမ်သာ ရှိခဲ့ဖူးပြီးရှော့ခ်တိုက်ဖမ်းဆီးခြင်းကြောင့်သာ သေဆုံးမှု ပိုများကြောင်း ၎င်းက ပြောသည်။

စက်လှေတစ်စင်း၏ ရှော့ခ်တိုက်ကွင်းဧရိယာမှာ ပေငါးဆယ်ခန့်အထိ ရှိပြီးရေမည်မျှ နက်စေကာမူ လျှပ်စစ်အရှိန် ဖြင့် စက်လှေများအကြား ရောက်နေသည့်လင်းပိုင်နှင့် ငါးတို့မှာ မလွတ်နိုင်ပေ။လင်းပိုင်တို့သည် လျှပ်စစ်ရှော့၏ အန္တရာယ်ကို ကြိုတင်သိရှိနိုင်ကြသော်လည်းရုတ်တရက်ချသည့် ကျင်စက်အန္တရာယ်ကို ရှောင်တိမ်းနိုင်ခြင်း မရှိကြောင်းရေလုပ်သား ဦးမောင်လေးက သူ့အတွေ့အကြုံအရ ရှင်းပြသည်။

လက်ပစ်ကွန်ရေလုပ်သားအဖြစ် ရပ်တည်ရန်မှာ မြစ်ရေစီးကြောင်းကို နားလည်ခြင်း၊လှေလှော်တတ်ခြင်း၊ ငါးဖမ်း ပိုက် နေလှမ်း၊ ဖာထေး စသည့်အလုပ်များကိုတတ်ကျွမ်းရန် လိုအပ်သည်။ဘတ္တရီရှော့ခ်သမားအဖြစ် လုပ်ကိုင်ရန် အတွက်မှာ လှေမလှော်တတ်လည်း ရသည်။ပိုက်မသုံးသဖြင့် ပိုက်နှင့်ပတ်သက်သည့် အပိုအလုပ်များ မရှိ၊လူတိုင်း လုပ်ကိုင်ရန် လွယ်ကူသည်။

အထူးသဖြင့် လက်ပစ်ကွန်သမားထက် ရှော့ခ်သမားက ငါးပိုရပြီး ဝင်ငွေပိုကောင်းသည်။ယင်းအချက်ကြောင့်ပင် ခေတ်သစ်ရေလုပ်သားများသည် ဘတ္ထရီရှော့ခ်တိုက်ကြရန်အားသန်ကြခြင်း ဖြစ်သည်ဟု ငါးလုပ်ငန်း ဦးစီးဌာန၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးတာဝန်ခံ ဦးဟန်ဝင်းက ပြောသည်။

” အရင်တုန်းကလည်း အဖမ်းအဆီးက မရှိဘူးလားဆိုတော့ ရှိတော့ ရှိခဲ့တာပေါ့။ပြည်နယ်နဲ့ တိုင်းတွေရဲ့ ရေချိုငါး လုပ်ငန်း ဥပဒေတွေမှာ ဒါတွေကခွင့်ပြုထားတာ မရှိဘူး။ ထောင်ဒဏ် သုံးနှစ်၊ ဒဏ်ငွေ သုံးသိန်း ” ဟု ၎င်းက ဆိုသည်။

ငါးမျိုးပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့် လျှပ်စစ်ဓာတ်၊ဘတ္ထရီရှော့တိုက်(ကျင်စက်)တို့ဖြင့် ငါးဖမ်းဆီးခြင်းကို မန္တလေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ- ၃၄(ခ) အရတားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ယင်းဥပဒေပုဒ်မ – ၄၄ အရ ထောင်ဒဏ်သုံးနှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေ ကျပ်နှစ်သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရမည်ဖြစ်သည်။

ဥပဒေဖြင့် တားမြစ်ထားသော်လည်း၊ ဥပဒေ၌ ပြစ်ဒဏ်အတိအကျ ထည့်သွင်းထားသော်လည်းလက်တွေ့၌မူ ဘတ္ထရီရှော့ခ်တိုက်သူများသည် ဖမ်းဆီးခံရလျှင် လပိုင်းမျှသာပြစ်ဒဏ်ခံရပြီး ပြန်လည်လွတ်မြောက်ကြသဖြင့် လိုက်နာမှု အားနည်းနေကြောင်းဝေဖန်ထောက်ပြမှုများလည်း ရှိသည်။

” ဥပဒေသက်ရောက်မှုအပေါ် အားနည်းတဲ့အခါ လူတွေကလည်း လိုက်နာမှုနည်းတဲ့သဘောပါတာပေါ့။ များများ ရတော့ ဒီအလုပ်ကို မစွန့်လွှတ်ချင်ကြတဲ့သဘောမျိုးတွေရှိတာပေါ့။ ဒါကြောင့် ပပျောက်ဖို့တော့ကြိုးစားယူ ကြရဦးမယ် ” ဟုဦးဟန်ဝင်းက ပြောဆိုသည်။

ယင်းအပြင် ရွှေတူးဖော်ခြင်း၊ သောင်တူးဖော်ခြင်းများကြောင့် ဖြစ်ပေါ်လာသည့် အနည်အမှုန်များက ဧရာဝတီ လင်းပိုင်များ ကျက်စားရာနေရာကို ပျက်စီးစေပြီးရွှေရှာဖွေမှုကြောင့် ပြဒါးအဆိပ်သင့်နိုင်သည့် အန္တရာယ်ကလည်း ရှိနေသည်။မြစ်အတွင်း စက်တပ်ရေယာဉ် သွားလာမှုများကြောင့် ကျက်စားရာနေရာများမှရွှေ့ပြောင်းသွားရခြင်း၊ ရေယာဉ်ဒလက်များဖြင့် ထိခိုက်မိစေခြင်းများကိုလည်းဧရာဝတီလင်းပိုင်များ ကြုံတွေ့နေရကြောင်းသားငှက် ထိန်းသိမ်းရေးအဖွဲ့(မြန်မာ)(WCS)၏ ထုတ်ပြန်ချက်များအရ သိရသည်။

အစိုးရ၏ ထိန်းသိမ်းရေး။   ဦးမောင်လေး၊ ဦးဆန်းလွင်တို့အပါအဝင် မြစ်ကြောင်းရှိ ရေလုပ်သားများသည် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးကို ရှေးယခင် ကတည်းက လုပ်ခဲ့ကြသည်ဟုဆိုနိုင်ပြီး အစိုးရ၏ ထိန်းသိမ်းရေး လုပ်ငန်းများသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်ခဲ့သည်။

ကမ္ဘာတလွှားရှိ သားငှက်များ၊ တောရိုင်းနေရာများကိုထိန်းသိမ်းစောင့်ရှောက်နေသည့် သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WildlifeConservation Society)သည် ဧရာဝတီလင်းပိုင် စောင့်ကြည့်ရေးကို ၂၀၀၂ခုနှစ်တွင် မြန်မာပြည် တွင်း၌ စတင်ခဲ့သည်။

ငါးလုပ်ငန်းဦးစီးဌာနသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မင်းကွန်း(နန်းတော်ကျွန်း)မှ ကျောက်မြောင်းအထိ မြစ်အစိတ်အပိုင်း ဧရိယာကိုဧရာဝတီလင်းပိုင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးဧရိယာ(Irrawaddy Dolphin Protected Area)အဖြစ် WCS Myanmar ၏ အကူအညီဖြင့် ၂၀၀၅ ခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် သတ်မှတ်ခဲ့ သည်။

” မြန်မာတစ်နိုင်ငံတည်း တွေ့ရတဲ့ လက်ပစ်ကွန် ရေလုပ်သားနဲ့ပူးပေါင်းငါးဖမ်းဆီးတဲ့ ဓလေ့ပေါ့နော်၊ဒါလေးက လည်း တကယ့်ကိုထိန်းသိမ်းသင့်တဲ့ အချက်ထဲက တစ်ချက်ပါ။ ဒါကြောင့် မျိုးတုန်းပျောက်ကွယ်မသွားအောင် မဖြစ်မနေ ထိန်းသိမ်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ် ”  ဟု WCS Myanmar ၏ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံ ဦးကျော်လှသိန်းကပြောသည်။

၂၀၁၈ ခုနှစ်တွင်မူ ထီးချိုင့်-ကသာ-ရွှေကူ မြစ်ကြောင်းတစ်လျှောက်ကိုဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ(၂) အဖြစ် သတ်မှတ်ခဲ့ပြီးထပ်တိုးဆောင်ရွက်ခဲ့သည်။

ထိန်းသိမ်းရေးဧရိယာများအတွင်း အနည်းဆုံး တစ်လနှစ်ကြိမ်ကင်းလှည့်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် ရှော့ခ်တိုက် ငါးဖမ်းဆီးမှုများလျော့ကျလာခဲ့သည်ဟု ငါးလုပ်ငန်းဦးစီးဌာနက ဆိုသည်။သို့သော် ကိုဗစ်ကာလအတွင်း ကင်းလှည့်ခြင်းမလုပ်နိုင်သဖြင့်ဧရာဝတီလင်းပိုင် ၇ ကောင်အထိ သေဆုံးမှုရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ်သည် ဧရာဝတီလင်းပိုင်များအတွက် ကံကောင်းကံဆိုးသည့်နှစ် ဖြစ်သည်။ ဧရာဝတီလင်းပိုင်များကို အစိုးရမှ စတင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်သည့် ၂၀၀၂ ခုနှစ်မှစ၍ နှစ်စဉ် အကောင်ရေ မှတ်တမ်းတင် ခြင်းများကိုလုပ်ဆောင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ၇၉ ကောင်ဖြင့် အများဆုံး မှတ်တမ်းတင်နိုင်ခဲ့သည်။

သို့သော် ယခုနှစ် စက်တင်ဘာလကုန်အထိ သေဆုံးစာရင်းများအရ ဧရာဝတီလင်းပိုင် ၇ကောင် သေဆုံးခဲ့ရပြီး တစ်နှစ်မပြည့်မီမှာပင် အများဆုံးစံချိန်တင် သေဆုံးမှုလည်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(International Union for the Conservation of Nature-IUCN)၏ လေ့လာသတ်မှတ်ချက်အရ ဧရာဝတီမြစ်အတွင်းရှိဧရာဝတီလင်းပိုင် အရေအတွက်သည် မျိုးတုံးမည့်အခြေအနေဖြင့် ရင်ဆိုင်နေရသည်ဟုဆိုသည်။

လက်ရှိ အရေအတွက်မှာလည်း စတင်ထိန်းသိမ်းခဲ့ချိန်မှ ၁၈ နှစ်ကာလအတွင်းအရေအတွက် လျော့ကျ မသွား စေရန် ထိန်းသိမ်းထားနိုင်သည့်သဘောမျိုး ဖြစ်နေသည်။၂၀၂၀ ခုနှစ်အတွက် ၇၉ ကောင်ဖြင့် အများဆုံး တွေ့ရှိခဲ့သော်လည်း ၇ ကောင်သေဆုံးခဲ့သဖြင့် ယခင်နှစ်၏ မှတ်တမ်းအတိုင်း ၇၂ ကောင်သာ ကျန်ရှိနေသည်။

လင်းပိုင်စာရင်းကောက်ယူခြင်းသည် ဧရိယာအပိုင်းအခြားအလိုက် ခန့်မှန်းဖြင့်ကောက်ယူနေခြင်းဖြစ်ပြီး အစိုးရ၏ စာရင်းနှင့် ဒေသခံတို့၏စာရင်းကွဲလွဲမှုများရှိကြောင်း ဦးမောင်မောင်ဦးက ဆိုသည်။

” အရင်နှစ်တွေက မတွေ့ရတဲ့ အကောင်ငယ်တွေက နောက်နှစ်မှာ တွေ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲ။ စာရင်းကောက်တဲ့အချိန်မှာ စေ့စေ့စပ်စပ်ကြည့်မိလို့ အကောင်ရေတိုးလာတာလည်း ဖြစ်နိုင်တာပဲ။ အခြား အကြောင်းကြောင့်တိုးတယ်ဆိုတာတော့ မတွေ့ရဘူး ” ဟု ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးကိုထဲထဲဝင်ဝင် ဆောင်ရွက်နေသူ ဦးမောင်မောင်ဦးက သူ့အမြင်ကို ပြောသည်။

အကောင်ရေမတိုးပွားရခြင်းသည် တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ကိုယ်စီတာဝန်ယူမှု နည်းပါးခြင်း တို့ကြောင့်

ထိန်းသိမ်းမှုတိုးတက်လာသော်လည်း လိုအပ်ချက်များ ရှိနေရဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

” ရှော့ခ်တိုက်တဲ့သူတွေက ဘယ်အချိန် ကင်းလှည့်လာမယ်ဆိုတာကို သူတို့ကြိုသိတယ်။ တာဝန်ရှိသူတွေ ကလည်း ညည်းတယ်။ ဒီသတင်းတွေ ဘယ်လမ်းကြောင်းကပေါက်နေသလဲဆိုပြီး။ တရားဥပဒေစိုးမိုးမှုဆိုတာ ကျွန်တော် ဒါမျိုးပြောတာပါ။လိုအပ်ချက်တွေက များနေပါတယ်လို့ ” ဟု ဦးမောင်မောင်ဦးက ရှင်းပြသည်။

လက်ရှိတွင် ထိန်းသိမ်းရေးဧရိယာ(၁)ဖြစ်သည့် မန္တလေးနှင့်ကျောက်မြောင်းကြားတွင် ဘတ္ထရီရှော့ခ်တိုက် ငါးဖမ်းဆီးမှုများပပျောက်စေရေးအတွက် တစ်နှစ်စီမံချက်ကို စက်တင်ဘာလ ၁ ရက်မှစတင်ဆောင်ရွက် နေကြောင်း WCS Myanmar ထံမှ သိရသည်။

ထိုစီမံချက်ကို မန္တလေးတိုင်းငါးလုပ်ငန်းဦးစီးဌာနလက်အောက်ရှိဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့၊သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)၊ ရေကြောင်းရဲတပ်ဖွဲ့၊ သက်ဆိုင်ရာမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသခံများ ပါဝင်ပြီး နေ့စဉ် ကင်းလှည့်လည်လျှက်ရှိသည်။

” WCS ကတော့ တစ်ရွာ နှစ်ယောက် သူတို့ တောင်းထားတယ်ဗျ။ တစ်နေ့ခြောက်ထောင်နှုန်း ပေးတယ်။ ဒီလို အဖွဲ့အစည်းတွေက များများလုပ်ပေးနိုင်ရင်(အစိုးရနဲ့ ဒေသခံ) နှစ်ဦးနှစ်ဖက် အဆင်ပြေမယ်လို့ ထင်တယ် ” ဟု ရေလုပ်သားကြီး ဦးဆန်းလွင်က ရေရှည်ထိန်းသိမ်းရေးအတွက်အဆင်ပြေမည့်အချက်ကို ပြောပြသည်။

တစ်နှစ်စီမံချက်၏ ပထမလပြီးဆုံးချိန်တွင် ရှော့ခ်တိုက်ငါးဖမ်းဆီးသည့်ရှပ်တန်းပါလှေ ၈ စီး၊ ရေလုပ်သား လေးဦးကို မန္တလေးတိုင်းရေချိုငါးလုပ်ငန်းဥပဒေဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း WCS Myanmar ထံမှ သိရသည်။

လက်ပစ်ကွန်ရေလုပ်သားများသည် ငါးအရနည်းလာမှုကြောင့် ထိုငါးဖမ်းစနစ်ဖြင့် အသက်မွေးဝမ်းကျောင်းမှု ပြုရန် ယခင်ကလို မလွယ်ကူကြတော့။ ထိုငါးဖမ်းဓလေ့ကိုလာရောက်လေ့လာသည့် ပြည်တွင်းပြည်ပ ခရီးသွား များ ရှိမှသာ နေ့တွက်ခယူ၍လိုက်လံပြသသည့်အလုပ်ကို အားကိုးလာကြရကြောင်း ဦးဆန်းလွင်က ရှင်းပြသည်။

” ဒီနှစ်ပိုင်းဆို ကိုဗစ်ကလည်းဖြစ်၊ လင်းပိုင်အသေကလည်း များလာတဲ့အတွက်စားဝတ်နေရေးမှာတော့ အဆင်မပြေဘူး ” ဟု ဦးဆန်းလွင်က ညည်းတွားသည်။

လင်းပိုင်များ မျိုးသုဉ်းမပျောက်ကွယ်စေရန် ဒေသခံများမှ ထိမ်းသိမ်းလိုစိတ်၊လင်းပိုင်များအပေါ်တွင် မြတ်နိုးစိတ်ရှိရန်လိုအပ်သည်။အချို့ရေလုပ်သားတို့ လင်းပိုင်ကိုချစ်မြတ်နိုးကြသော်လည်း ငါးရှားပါးလာခြင်း စားဝတ်နေရေးအစဉ်မပြေခြင်းများနှင့်ရင်ဆိုင်လာရသောကြောင့် ဘတ်ထရီလျှော့တိုက်ငါးဖမ်းခြင်းကိုလုပ် ဆောင်လာကြသည်ဟု ကြားသိရကြောင်း ဦးဟန်ဝင်း စိတ်မကောင်းစွာပြောသည်။

သက်ရှိသယံဇာတကို ထိန်းသိမ်းပါ။  ဘတ္တရီဖြင့် ငါးရှော့ခ်တိုက်ဖမ်းဆီးမှုများကြောင့်မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရေချိုငါးသယံဇာတ၊ ရေချိုသတ္တဝါသယံဇာတနှင့်ရေချိုနေသတ္တဝါများ အစာကွင်းဆက်မှာ တစ်နေ့ တခြား ယုတ်လျော့လျှက် ရှိကြောင်းကျောက်ဆည်မြို့နယ် အမှတ် ၁ တိုင်းလွှတ်တော်အမတ် ဦးရဲမင်းထွန်းက ဆိုသည်။

ရှော့ခ်တိုက်ငါးဖမ်းသူများသည် ဆိုင်ကယ်များဖြင့် တစ်တိုင်းလုံးပတ်ကာရှော့ခ်တိုက်ဖမ်းဆီးကြသဖြင့် ဈေးကွက် ဝင်သော၊ စားသုံး၍ရသော ငါး၊ပုဇွန်များအပြင် စားသုံး၍မရသော ငါးသေး၊ ငါးသန်၊ ငါးနုပ်၊ငါးပေါက်များအပြင် အခြားရေနေသတ္တဝါများပါ သေဆုံးကြရသည်။

” တရုတ်ပြည်က ငါးရှော့ခ်တိုက်ကိရိယာတွေ ဝင်ရောက်လာတဲ့အတွက် အဲဒီကိရိယာတွေဟာ ပိုမိုအားကောင်းတဲ့ အတွက် ငါးကြီးတွေလည်း သေဆုံးရပါတယ်။အခု ဧရာဝတီမှာဆိုရင် လင်းပိုင်တွေဟာ ဒီရှော့ခ်သမားတွေကြောင့် သေဆုံးနေတာတွေလည်း ခဏခဏ ကြားနေရပါတယ် ” ဟု ယခုနှစ် ဇွန်လ ၉ ရက်နေ့ကကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဦးရဲမင်းထွန်းကပြောဆိုခဲ့သည်။

ထို့နေ့အစည်းအဝေးမှာပင် အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာကျော်ဦးကလည်း တရားမဝင်ရှော့ခ်တိုက်ငါးဖမ်းဆီးမှုများကြောင့် ဧရာဝတီ လင်းပိုင်များ သေဆုံးနေရခြင်းအပေါ် အစိုးရမှ အရေးပေါ်စီမံချက်များ ချမှတ်ထိန်းသိမ်းရန်အစီအစဉ်ရှိမရှိကို မေးမြန်းခဲ့သည်။

လက်ရှိတွင် တရားမဝင်ငါးဖမ်းဆီးမှုများ ပပျောက်ရေး ဒေသခံရေလုပ်သားများကိုပညာပေးခြင်း၊ သတိပေး တားမြစ်ခြင်း၊ ရဲတပ်ဖွဲ့၊အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် စီမံချက်ချ လုပ်ဆောင်နေခြင်း တို့ကြောင့်အရေးတကြီး စီမံချက်ချ ဆောင်ရွက်ရန် မလိုအပ်ဟု မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းကလွှတ်တော်၌ ဖြေကြားခဲ့သည်။

” ရှော့ခ်တိုက်ငါးဖမ်းတာတွေ၊ အဆိပ်ချငါးဖမ်းတာတွေ၊ကမ်းနှစ်ဖက်ပိတ်ပြီးတော့ ပိုက်တန်းတာတွေ၊ သတ်မှတ်ပေ ၃၀၀ ထက် ပိုတဲ့မျှောပိုက်တွေ အသုံးပြုပြီးတော့ ငါးဖမ်းတာတွေ၊မိုင်းခွဲပြီးငါးဖမ်းခြင်းတွေကြောင့် လင်းပိုင်တွေဟာလည်းငါးတွေနဲ့ရောပြီးတော့ သေသွားကြတယ်လို့ ယူဆပါတယ် ” ဟု ဒေါက်တာကျော်ဦးကဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့်ကာကွယ်ထားသည့် တောရိုင်းတိရိစ္ဆာန် များ စာရင်းကို သစ်တောဦးစီးဌာနက ၂၀၂၀ခုနှစ် မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ရာ၌ ဧရာဝတီလင်းပိုင် လည်း ပါဝင်ခဲ့သည်။ထိုသို့ကာကွယ်ထားသည့် တောရိုင်းတိရိစ္ဆာန်များအနက် စီးပွားရေးအလို့ငှာမွေးမြူခြင်းပြုနိုင်သော တောရိုင်းတိရိစ္ဆာန်အမျိုးအမည်များကို ၂၀၂၀ခုနှစ် ဇွန်လ ၃ ရက်နေ့က ကြေညာခဲ့ရာ၌လည်း ဧရာဝတီလင်းပိုင်၏ အမည်ပါဝင်လာပြန်သည်။

တိရိစ္ဆာန်ဥယျာဉ်လုပ်ငန်းနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းတို့အတွက်ခွင့်ပြုမည်ဟု ယင်းကြေညာချက်အရ သိရသည်။

သို့သော် ယင်းကြေညာချက်အပေါ် ဧရာဝတီလင်းပိုင်ချစ်သူတို့က ဝေဖန်ခဲ့ကြပြီး၎င်းတို့၏ သဘာဝအရ နေထိုင်မှုပုံစံများကြောင့် အခြားမျိုးစိတ်များကဲ့သို့မွေးမြူရန် လွယ်ကူနိုင်မည်မဟုတ်ဟု ပညာရှင်တို့က ပြောဆိုကြသည်။

တိရိစ္ဆာန်ဥယျာဉ်အတွင်း ထည့်သွင်းမွေးမြူခြင်းထက် သဘာဝအတိုင်း ရှင်သန်စေကာခရီးသွားလုပ်ငန်း ပိုမိုတိုးတက်အောင် လုပ်ဆောင်သင့်သည်ဟုအကြံပြုခဲ့ကြသည်။

ဧရာဝတီမြစ်ကမ်းဘေးရှိ ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာတွင်ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနှင့် ကျေးရွာ လူထုအခြေပြုခရီးသွားလာရေးအဖွဲ့က လုပ်ဆောင်သည့် Dolphin Community Lodge ကို ၂၀၁၉ခုနှစ် ဧပြီလမှစတင်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများကို စတင်လက်ခံခဲ့သည်။

ထိုနေရာ၌ သဘာဝအလှတရားကို ခံစားအနားယူရင်း ဧရာဝတီလင်းပိုင်နှင့်ရေလုပ်သားအကျိုးတူငါးဖမ်းခြင်းကို လေ့လာခြင်း၊ ကျေးရွာများမှလက်မှုပစ္စည်းများဖြစ်သည့် ယက်ကန်း၊ အိုး၊ ဝါးခမောက်လုပ်ငန်းများကိုလေ့လာခြင်း၊ မြန်မာ့ပထမဆုံးဘေးမဲ့တောဖြစ်သည့် တောရကြီးဘေးမဲ့တောနှင့်ဟန်လင်းမြို့ဟောင်းတို့ကို လေ့လာနိုင်မည်လည်း ဖြစ်သည်။

သို့သော် ကိုဗစ်ကပ်ရောဂါကြောင့် ဧပြီလဆန်းမှစ၍ ဧရာဝတီလင်းပိုင်လေ့လာခွင့်ကို ပိတ်ပင်ထားသဖြင့် လက်ပစ်ကွန်ရေလုပ်သားတို့အခက်ကြုံတွေ့နေရသည်။

ဧည့်သည်များ မည်သည့်အချိန် ပြန်လာမည်ကို မသိနိုင်သော်လည်းဧရာဝတီလင်းပိုင်နှင့် ရေလုပ်သားတို့၏ ချစ်ခင်ရင်းနှီးမှု၊သံယောဇဉ်ဖြစ်မှုတို့ကို မပြတ်တောက်သွားစေရန်အတွက် ငါးရက်တစ်ကြိမ်ခန့်မြစ်ကြောင်း အတိုင်းသွားကာ ပြန်လည်လေ့ကျင့်ထိန်းကျောင်းခြင်းများပြုလုပ်ပေးနေသည်ဟု ရေလုပ်သားကြီး ဦးမောင်လေးက ပြောသည်။

မဲခေါင်မြစ်အတွင်းရှိ ဧရာဝတီလင်းပိုင်ကို သွားရောက်ကြည့်ရှုမည်ဆိုလျှင်ရေကူးနေခြင်း၊ မြူးနေခြင်းလောက် ကိုသာ မြင်နိုင်မည်ဖြစ်ပြီးဧရာဝတီမြစ်အတွင်းမှာကဲ့သို့ လူနှင့် တရင်းတနှီးဖြစ်မှုကို လုံးဝမမြင်နိုင်ကြောင်း သဘာဝစိမ်း (Natural Green Alliance)ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တည်ထောင်သူ လည်း ဖြစ်သည့် ဦးမောင်မောင်ဦးက ပြောသည်။

မိမိတို့သည် ဘိုးဘွားစဉ်ဆက် ငါးက ငါးချင်းသင်ကြား၊ လူကလူချင်းလေ့ကျင့်ပြီးမှ ဖြစ်တည်လာခဲ့ခြင်းဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

မိမိတို့လက်ထက်၌ ကမ္ဘာသိ သက်ရှိသယံဇာတ ပျက်စီးယိုယွင်းသွားမည်ဆိုလျှင်ကိုယ်အသုံးမကျကြောင်း ဝန်ခံ ရမည်ဟုလည်း ၎င်းက တပ်လှန့်သည်။

ထို့အတူ အောင်မြေသာစံ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦးကလည်းဧရာဝတီလင်းပိုင်များ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည်။

” (ထိန်းသိမ်းမှုအားနည်းရင်) ကျွန်တော်တို့ ဧရာဝတီမှာ စတင်တွေ့ရှိခဲ့တဲ့ဧရာဝတီလင်းပိုင်ကို အပိုင်စား နာမည် ရတဲ့ ကျွန်တော်တို့ မြန်မာတွေဟာနောင်တစ်ချိန်မှာ ဧရာဝတီလင်းပိုင်ကို ကြည့်ချင်တယ်ဆိုရင် တခြားနိုင်ငံမှာ ရင်နာနာနဲ့ သွားကြည့်ရမယ့်အချိန် ရောက်မှာ မလွဲပါဘူး ” ဟု ဧရာဝတီတွင်ပျော်မြူးသည့်ဧရာဝတီလင်းပိုင်များကို အလျှင်အမြန်ကာကွယ်ရန်လိုအပ်နေပြီဖြစ်ကြောင်း ၎င်းက သတိပေးစကား ပြောဆိုလိုက်သည်။

crd#original uploader

Leave a Reply