ကိုဗစ်ကာလ အလုပ်လက်မဲ့မှသည် လိင်အလုပ်သမဘဝသို့

Local News

နာမည်က ဇင်မာ။ အသက်က ၃၀။ အလုပ်အကိုင်ကတော့ ပြည့်တန်ဆာလုပ်နေတာ နှစ်လနီးပါးရှိပြီ။

ပြည့်တန်ဆာလို့ ဆိုပေမဲ့လည်း သူက အရွယ်ရလာစဉ်ကတည်းက ပြည့်တန်ဆာအစစ်တော့ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် Professional ပြည့်တန်ဆာတော့ မဟုတ်ဘူးပေါ့။

အရင်ကတော့ မဇင်မာက အထည်ချုပ်က အလုပ်သမတစ်ဦးပါ။ သူမ မွေးရပ်ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်းကနေ ရန်ကုန်မြို့က ဆင်ခြေဖုံးမြို့နယ်တစ်ခုဖြစ်တဲ့ လှိုင်သာယာက စက်ရုံတစ်ခုမှာ လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးပေါ့။

လွန်ခဲ့နှစ်နှစ်က သူ့ယောကျ်ား ဆုံးပြီးနောက် စားသောက်ရေးအတွက် အကျပ်အတည်းဖြစ်ရာ သူရဲ့ တစ်နှစ်ခွဲအရွယ်သားကို အမေနဲ့ အပ်ထားပြီး ရန်ကုန်တက်ကာ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်ပါတယ်။

ဒါပေမဲ့လည်း ကိုဗစ်ကပ်ရောဂါရဲ့ရိုက်ခတ်မှုကြောင့် စက်ရုံအလုပ်ရုံတွေ ပိတ်သိမ်းခဲ့ရတာမှာ အထည်ချုပ်စက်ရုံတွေ အပါအဝင်ပါပဲ။ နိုင်ငံတကာက အမှာစာတွေ ရပ်ဆိုင်းပြီး အထည်ချုပ်စက်ရုံတွေ ရပ်နားလိုက်ရပါတယ်။

စက်ရုံ အလုပ်ရုံတွေ ရပ်ဆိုင်းလိုက်ရတော့ သူ့ရဲ့နောက်ဆက်တွဲ ဖြစ်တဲ့ အလုပ်သမားတွေ အလုပ်ရပ်နားခံရပြီး အလုပ်လက်မဲ့ ဖြစ်လာကြရပါတယ်။

ဒီလိုအလုပ်လက်မဲ့ဖြစ်တဲ့ အလုပ်သမားတွေထဲ မဇင်မာတစ်ယောက်အပါအဝင်ပါပဲ။ အထည်ချုပ်စက်ရုံကနေ အလုပ်ပြုတ်သွားပြီး ကျန်တဲ့အလုပ်တွေလည်း မည်မည်ရရမလုပ်တတ်၊ ပညာရေးကလည်း ၁၀ တန်းနဲ့ ကျောင်းထွက်ထားဆိုတော့ အခြားအလုပ်ရဖို့ အခုကာလမှာ တော်တော်အခက်အခဲဖြစ်နေပါတယ်။

အလုပ်ရပ်နားလိုက်ရတာကြောင့် နေဖို့ အဆောင်လခနဲ့ စားသောက်စရိတ်အတွက် ခေါင်းကြီးနေရပါပြီ။

“ တစ်ယောက်တည်းသမားဆိုလည်း ကိုယ့်ဘာသာဖြစ်သလို နေလို့ရသေးတယ်။ ရွာက အမေနဲ့ ကလေးကို ပြန်ထောက်ပံ့ရသေးတယ်။ ကိုယ်မှ မထောက်ပံ့ရင် သူတို့လည်း ငတ်မှာ” ဟု မဇင်မာက ဆိုသည်။

နေစရာသောက၊ စားစရာ သောကတွေ များလာတော့ ဒီလိုနဲ့ ကြံရာမရနဲ့ လိင်အလုပ်သမလုပ်ဖို့ ဖြစ်လာပါတော့တယ်။

“ စစချင်းကတော့ ကြောက်တယ်။ ရှက်လည်း တော်တော်ရှက်တယ်။ ဒါပေမဲ့လည်း ကိုယ့်ကို မှီခိုတဲ့ အမေ့မျက်နှာနဲ့ ကလေးမျက်နှာကို ပြန်မြင်တော့ ရှက်တာတွေ ကြောက်တာတွေ မရှိတော့ဘူး။ ငါမှ ဒါမလုပ်ရင် မရဘူးဆိုတဲ့စိတ်ကို သွင်းရတယ်” လို့ မဇင်မာက ပြောပါတယ်။

ဒီလို အလုပ်လက်မဲ့ဖြစ်တာကြောင့် လိင်လုပ်သားဘဝကို ရောက်သွားတာကတော့ မဇင်မာ တစ်ယောက်တည်းတော့ မဟုတ်သေးပါဘူး။

ကိုဗစ်ကာလစီးပွားရေး အကျပ်အတည်းများနဲ့ အလုပ်လက်မဲ့များ

ကိုဗစ်ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့်် မတ်လပိုင်းကစပြီး စက်ရုံ၊ အလုပ်ရုံတွေနဲ့ အထည်ချုပ်လုပ်ငန်းတွေက အခက်အခဲတွေ ရင်ဆိုင်လာရပါတယ်။နိုင်ငံခြားက အမှာစာတွေ ရပ်နားလိုက်တာကြောင့် လုပ်ငန်းရှင်တွေ အခက်တွေ့ပြီး တချို့လုပ်ငန်းရှင်ထွက်ပြေးတာတွေ၊ စက်ရုံပိတ်သိမ်းတာတွေ၊ အလုပ်သမား အင်အား လျှော့ချတာတွေကြောင့် အလုပ်သမား သိန်းနဲ့ချီပြီး အလုပ်လက်မဲ့ ဖြစ်ပွားခဲ့ပါတယ်။

ယခုလက်ရှိ အလုပ်သမားဝန်ကြီးဌာနရဲ့စာရင်းအရ အလုပ်သမား သုံးသိန်းခန့် အလုပ်လက်မဲ့ဖြစ်ပွားခဲ့ပြီး ၈၅ ရာခိုင်နှုန်းသော အလုပ်လက်မဲ့တွေဟာ အမျိုးသမီးတွေလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

အလုပ်သမားတစ်ဦးမှာ မှီခိုနေတဲ့ မိသားစုနှစ်ဦးရှိလျှင် အလုပ်လက်မဲ့သုံးသိန်းကြောင့် လူ ခြောက်သိန်းဟာ ဒီကာလမှာ ဆာလောင်မှုဒဏ်ကို ခံစားနေရပါပြီ။

မြန်မာနိုင်ငံရဲ့ အနည်းဆုံးလုပ်ခ တစ်ရက်စာက ၄၈၀၀ နဲ့ မလောက်တဲ့အတွက် အလုပ်သမားတွေက အချိန်ပိုတွေ ဆင်းကြရပါတယ်။ အခုတော့ ကိုဗစ်ကာလကြောင့် အလုပ်လက်မဲ့တွေ ဖြစ်ကြတဲ့အခါမှာတော့ ထောက်ပ့ံကြေးတွေက သူတို့အတွက် ဘယ်လိုမှ မလောက်င နိုင်ခဲ့ပါဘူး။

လူမှုဖူလုံရေး ၄၀ ရာခိုင်နှုန်းကလည်း နေရေးအတွက် သုံးရမလား။ စားရေးအတွက် သုံးရမလားဆိုတာကို မသိနိုင်တဲ့အပြင် အဆိုပါ ငွေကြေး လက်ထဲရောက်လာမယ့်အချိန်ကို စောင့်နေရတာကိုက အဆင်မပြေနိုင်ဘူးလို့ အနာဂတ်အလင်းတန်းဆုံမှတ်မှ အဖွဲ့ဒါရိုက်တာ ဒေါ်သက်သက်အောင်က ဆိုပါတယ်။

ဒီလိုအခက်အခဲတွေကြားမှ လိင်လုပ်သားဘဝကို ရောက်သွားတဲ့ အမျိုးသမီးတွေ ရှိနိုင်တယ်လို့ ဒေါ်သက်သက်အောင်က ပြောပါတယ်။

“ ဘဝရပ်တည်ချက်၊ စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် ဒီဘဝကို ရောက်သွားတဲ့ လူအနည်းအကျဉ်းကတော့ ရှိနိုင်တယ်။ အခက်အခဲတွေကြောင့် ဒီလိုမျိုးတွေ ဖြစ်သွားတယ်ဆိုရင်လည်း သူတို့မှာ ဖေးမကူညီနိုင်တဲ့ လက်အစုံတွေလိုအပ်တယ်” လို့ ၎င်းက ပြောပါတယ်။

အခြေခံကဏ္ဍမှ အလုပ်ပြုတ်သွားတဲ့ အမျိုးသမီးတချို့ဟာ ပညာရေးနိမ့်ပါးမှုနှင့် ကျွမ်းကျင်တဲ့လုပ်ငန်း အတွေ့အကြုံမရှိတာကြောင့် အခြားအလုပ်ပြောင်းဖို့ မလွယ်သလို အခြားအလုပ်မတတ်တတ်တာကြောင့် ပြည့်တန်ဆာလို့ ခေါ်တဲ့ လိင်လုပ်သားဘဝကို လုပ်ကိုင်နေရပါတယ်။

Sex Workers အရေး ကူညီဆောင်ရွက်ပေးနေတဲ့ တော်ဝင်ခရေအဖွဲ့ရဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက “ ပထမလှိုင်းတုန်းကတောင် အစ်မနယ်ဘက်ကို ရောက်နေတဲ့အချိန်မှာ အဲဒီမှာလူ ၄၀ လောက် ရောက်နေတယ်။ စက်ရုံကနေ အလုပ်တွေပိတ်လိုက်လို့  ဒီမှာလာလုပ်နေကြတယ်။ စားဝတ်နေရေးခက်ခဲလာတဲ့ အခါကျတော့တခြားသူတွေဆီကလည်း အကူအညီတွေ မရကြတော့ ဒီလိုပဲဖြေရှင်းလာကြတာတွေ ရှိပါတယ်” ဟု ပြောပါတယ်။

စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်းတွေ များများမဖန်တီးပေးနိုင်ရင် မြန်မာအမျိုးသမီးတွေအတွက် စိုးရိမ်စရာအခြေအနေတစ်ခု ဖြစ်လာနိုင်တယ်လို့လည်း (CTUM) မှ လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပြပါတယ်။

“ အလုပ်အကိုင်အခွင့်အလမ်း မဖန်တီးပေးနိုင်ရင်တော့ ဒီလိုမျိုးစိုးရိမ်ဖွယ်ရာ အနေအထားတွေ ရောက်လာနိုင်တာပေါ့။ အစ်မတို့က ပြောချင်တာကတော့ အထည်ချုပ်လုပ်ငန်းကဏ္ဍက ပြုတ်သွားတယ်ဆိုရင်လည်း တခြားသောစီးပွားရေးကဏ္ဍတစ်ခုကို အချိန်မီ အလျင်အမြန် ကူးပြောင်းနိုင်ဖို့အတွက် သူတို့ရဲ့လုပ်ငန်းကျွမ်းကျင်မှုကို ထောက်ပံ့ပေးရမယ်။ တခြားစီးပွားရေးလုပ်ငန်း ကဏ္ဍတစ်ခုကို မှန်မှန်ကန်ကန် အသွင်ကူးပြောင်းနိုင်ဖို့အတွက် အစိုးရ၊ အလုပ်ရှင် အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးသင့်တယ်” လို့ ဒေါ်ဖြိုးစန္ဒာစိုးက ဆိုပါတယ်။

အမျိုးသမီးအလုပ်သမားတွေက အထည်ချုပ်လိုစက်ရုံတွေမှာ အရေအတွက်အားဖြင့် ပိုမိုများပြားနေတာဖြစ်တဲ့အတွက် ဒီလိုလုပ်ငန်းကြီး ရပ်ဆိုင်းသွားတဲ့အခါမှာ တခြားလုပ်ငန်းကို ပြောင်းရွှေ့နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် အထည်ချုပ်လုပ်ငန်းတစ်ခုထဲမှာပဲ အမျိုးသမီးတွေကို ပ့ံပိုးကူညီတာမျိုးမဟုတ်ဘဲ တခြားသော လုပ်ငန်းကျွမ်းကျင်မှုတွေအတွက် ကူညီဆောင်ရွက်ပေးသင့်တယ်လို့ ဒေါ်ဖြိုးစန္ဒာစိုးက မှတ်ချက်ပြုပြောကြားပါတယ်။

ကိုဗစ်မှာ အလုပ်သမားတွေထဲက အထည်ချုပ်လုပ်ငန်းပြီးလျှင် ပထမဦးဆုံး အထိခိုက်ဆုံးက ကေတီဗွီက၊ မာဆတ်၊ စင်တင်က အမျိုးသမီးတွေပဲဖြစ်ပါတယ်။ သူတို့ဟာ လခစားမဟုတ်ပါဘူး။ ဧည့်သည်ပေးတဲ့အပေါ်မှာပဲ မှီခိုရတာပါ။

ကေတီဗွီ၊ မာဆတ်နဲ့ စင်တင်တွေ ပိတ်ထားရတာကြောင့် အဲဒီမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်နေကြပါပြီ။

သူတို့ဟာ အိမ်ပြန်ထောက်ပံ့ရတာလည်းရှိသလို ရသမျှပေါ့ပေါ့သုံးတဲ့ အမျိုးသမီးတွေလည်းရှိပါတယ်။ သို့သော် ရရစားစားကုန်တာပါပဲ။ အခြားအလုပ်ပြောင်းဖို့မလွယ်။ အတတ်ပညာအားနည်းတာကြောင့် ကိုဗစ်ကာလမှာ အကျပ်အတည်းကို သူတို့လည်း ဆိုးဆိုးရွားရွားရင်ဆိုင်ရပါတယ်။

ကေတီဗွီ၊ မာဆတ်နဲ့ စင်တင် အမျိုးသမီးတချို့ဟာ အရင်က လိင်လုပ်သားမဟုတ်ပေမဲ့လည်း အခုတော့ အလုပ်လက်မဲ့ဖြစ်မှုကြောင့် လိင်လုပ်သားဘဝကို မရောက်ရောက်အောင် တွန်းပို့နေပါပြီ။

“ လူဆိုတာက ကိုယ့်ကိုယ်တိုင် ဒုက္ခရောက်မှ သိကြတာပဲလေ။ အခုဆိုရင် လက်ရှိမှာ အလုပ်လက်မဲ့တွေ အများကြီးဖြစ်နေကြပြီ။ ဒီအမျိုးသမီးလေးဆိုရင်လည်း တခြားအလုပ်ပြောင်းလုပ်ချင်ကြမှာပဲလေ။ ဒါပေမဲ့ ပညာလည်း မတတ်ကြဘူး။ တခြားကျွမ်းကျင်တဲ့အလုပ်လည်း မရှိဘူး။ အဲဒီလိုအမျိုးသမီးတွေကို လောက်လောက်လားလား ထောက်ပ့ံကူညီနိုင်တဲ့အဖွဲ့တွေကလည်း နည်းတယ်” ဟု တော်ဝင်ခရေအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ဆိုပါတယ်။

ကေတီဗွီ၊ မာဆတ်နဲ့ စင်တင်တို့ဟာ ကိုဗစ်စဖြစ်ကတည်းက အစောဆုံးထိခိုက်ခဲ့တဲ့ လုပ်ငန်းတွေဖြစ်ပြီး  ပြန်ကောင်းသွားတောင် ဒီအလုပ်က ချက်ချင်းလည်ပတ်ဖို့ ခက်နေဦးမှာပါ။ ဒီအမျိုးသမီးတွေဟာ လူ့အသိုင်းအဝိုင်းမှာ အခြေခံအလွှာက အများစုဖြစ်ပြီး အခုထိခိုက်မှုမှာ အနစ်နာဆုံးပါ။

ရန်ကုန်မြို့မှာ ကေတီဗီ၊ မာဆတ်နဲ့ စင်တင် အခု ၁၀၀ ရှိတယ်ဆိုပါစို့။ ဆိုင်တစ်ဆိုင်မှာ ဝန်ထမ်း ၁၅ ယောက် လုပ်ကိုင်နေတယ်ဆိုရင် ဆိုင် ၁၀၀ ဆိုတော့ ဝန်ထမ်း ၁၅၀၀ အလုပ်လက်မဲ့ဖြစ်နေမှာပါ။ ဒါတင် မပြီးသေးပါဘူး။ ဒီဝန်ထမ်းတစ်ဦးရဲ့ နောက်မှာ မှီခိုနေတဲ့ မိသားစုသုံးယောက်ရှိရင် ဝန်ထမ်း ၁၅၀၀ ဆိုတော့ လူအယောက် ၄၅၀၀ က အခုကာလမှာ ဆာလောင်မှုကျပ်တည်းကို ခံစားနေရပါပြီ။ ရန်ကုန်မြို့မှာ ကေတီဗွီ၊ မာဆတ်နဲ့ စင်တင်ဆိုင် ၁၀၀ ဆိုတာ ခန့်မှန်းခြေပါ။ ကိန်းဂဏန်းဟာ ဒီထက်များနိုင်ပါတယ်။

ကိုဗစ်ကာလ လိင်အလုပ်သမတွေရဲ့ အခက်အခဲ

“ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေထိုင်ပါ” ၊ “ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာနေပါ” ၊ “ တတ်နိုင်သလောက် အိမ်ထဲမှာသာနေပါ” စတဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဆောင်ပုဒ်တွေဟာ လိင်အလုပ်သမတွေ အတွက်တော့ မဆိုင်သလိုပါဘဲ။

သူတို့ လုပ်ကိုင်တဲ့ အလုပ်အကိုင်က တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေပြီး လုပ်လို့ရတဲ့ အလုပ် မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်ခြောက်ပေကွာခြားပြီး လုပ်ကိုင်လို့ရတဲ့ အလုပ်မလုပ်ပါဘူး။

အဲဒါကြောင့် ကိုဗစ်ဆိုတဲ့ ဗိုင်းရပ်စ်ကို အမှုမထားနိုင်ဘဲ ကိုဗစ်ထက်ဆိုးတဲ့ ဝမ်းရေးသောက၊ နေရေးသောက၊ အဝေးမှာ ရှိနေတတ်ကြတဲ့ ကျန်မိသားစုသောကကိုပဲ အာရုံစိုက်နိုင်ပါတယ်။

ဒါ့ပြင် လုပ်အားခကလည်း ကိုဗစ်မဖြစ်ခင်ကကာလတုန်းကလို မရတော့ဘဲ အနှိမ်ခံပြီးမှသာ ရပါတော့တယ်။

“ အရင်က ရောဂါတွေမရှိတဲ့ အချိန်မှာတောင် သူတို့ရဲ့အုပ်ထိန်းသူ (ခေါင်းတွေ) က တစ်ဆင့်ဆိုတော့ သူတို့ထက်ဝက်ကြေးတောင် မရကြတာတွေရှိတယ်လို့ ကြားတယ်။ အဲဒီတော့ ဒီကာလဆိုတော့ ပိုဆိုးတာပေါ့။ အရင်ကထက် ထက်ဝက်တောင် မရကြတော့ဘူး။ ဒါပေမဲ့ သေချာတာကတော့ အရင်ကတောင် အဆင်မပြေတာဆိုတော့ ဒီကာလဆိုတော့ ပိုဆိုးတယ်” လို့ လိင်လုပ်သားများ အရေးကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့မှ ဒေါ်နှင်းနှင်းယုက ဆိုသည်။

အစိုးရရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လိင်လုပ်သား ၆၅၀၀၀ ရှိပါတယ်။ လိင်အလုပ်သမတွေကို ပတ်ဝန်းကျင်က “ဖာ” ၊ “ကြက်” ၊ “ပူစီ” ၊ “ပြည့်တန်ဆာ” ၊ “ ညငှက်” စဖြင့် နာမည်အမျိုးမျိုး တပ်ခေါ်ဆိုကြပါတယ်။

ရဲလိုက်ဖမ်းလို့ ပြေးရတာတွေလည်းရှိသလို ဧည့်သည်တွေရဲ့ အကြမ်းဖက်မှုအမျိုးမျိုးကိုလည်း ခံရတယ်လို့ မသင်ဇာ (နာမည်လွှဲ) က ပြောတယ်။

“ ဒီလိုဧည့်သည်က ရိုက်နှက်လည်း ရဲတိုင်လို့မရဘူးလေ။ သွားတိုင်ရင် ကိုယ့်ကို အရင်ဆုံးဆွဲစေ့ (အဖမ်းခံရ) သွားမှာ” ဟု လိင်လုပ်သမတစ်ဦးဖြစ်တဲ့ မသင်ဇာ (နာမည်လွှဲ) က ဆိုပါတယ်။

လိင်လုပ်သားတွေဟာ လူ့အဖွဲ့အစည်းရဲ့ ပစ်ပယ်အခံရဆုံး၊ အပြစ်တင်အခံရဆုံး လူသားတွေ ဖြစ်နေပါတယ်။

ကိုဗစ်အလွန်မှာ ပြည်ပက ပြန်လာတဲ့ အလုပ်လက်မဲ့ အလုပ်သမားတွေ၊ ပိတ်သွားတဲ့လုပ်ငန်းတွေကြောင့် အလုပ်လက်မဲ့ ဝင်ငွေမဲ့တွေ အရမ်းများလာနိုင်ပါတယ်။ အဲဒီရဲ့နောက်မှာ လုယက်၊ ခိုးဝှက်၊ ဒုစရိုက်မှုတွေ များလာနိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့လည်း မာဆတ်၊ ကေတီဗွီ၊ Sex Workers တွေ ပိုများလာနိုင်ပါတယ်။

“ ဒီဘဝရောက်မယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် မထင်ခဲ့ဘူး။ ဘယ်သူမှတော့ ဒီလိုအလုပ်မလုပ်ချင်ဘူးလေ။ ဒီဘဝက ရုန်းမထွက်နိုင်မှာပဲ စိတ်ပူတယ်” လို့ မဇင်မာက ဆိုတယပရ

Leave a Reply