ရွှေရင်ကျော်ပညာနှင့် နှစ်တစ်ရာသရဲ အစွဲ

Local News

ဘဒိုတို့ ရွှေရင်ကျော်ပညာဆိုတာကြားဖူးလားဗျ။ မြန်မာ့နည်းမြန်မာ့ဟန် မြန်မာ့ရိုးရာ စစ်စစ်ပညာတစ်ခုပေါ့။ စုန်းတိုက် နတ်တိုက် သရဲတိုက် စတဲ့အောက်လမ်းမှန်သမျှကို ကောင်းကောင်းနိုင်တဲ့ ပညာရပ်တစ်ခုပဲ။ အခုကျွန်တော် ပြောပြမဲ့အကြောင်းက လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျွန်တော်တကယ်ဖြစ်ခဲ့တဲ့ အကြောင်းဗျ။

ကျွန်တော်နေတဲ့နေရာက ခြံဝင်းလို တန်းလျားပုံစံကြီးဗျ. အောက်ထပ်မှာနေတာ လမ်းထိပ်က ကြည့်ရင်တော့ ခြံဝန်းကြီးလို့တော့ မထင်ရဘူးပေါ့ဗျာ.. အရင်ကတော့ ကွင်းပြင်အလွတ်ကြီး နောက်မှ အိမ်တွေဆောက်လာကြတာ.. 

ဘာဘူကြီးတစ်ယောက်ပိုင်တယ်လို့တော့ပြောတာပဲ.. 

လမ်းထိပ်မှာမူလတန်းကျောင်းလေးလည်းရှိတယ် ကျောင်းလေးရဲ့ အနောက်ပေါက်တည့်တည့်က ကျွန်တော်တို့နေတဲ့ အခန်းဗျ.. စဝယ်လိုက်တုန်းက စုတ်ပြတ်သတ်နေတာ အဲ့ဒါကို အဖေက ကြွေပြားတွေပြန်ကပ် Aircon တွေ တပ်နဲ့ ကိုယ့်ဘာသာကိုယ်ပဲ ပြန်ရွိုင်းလိုက်တော့ နေလို့တော်တော် အဆင်ပြေသွားတယ်ဗျ..

ဒါနဲ့ ကျွန်တော်ပြောတဲ့အပင်ကြီးက ကျောင်းရဲ့ အနောက်ပေါက်တည့်တည့် မှာ ပေါက်နေတာ.. 

ကျွန်တော့အိမ်နောက်ဖေးနဲ့လည်းတန်းနေတာပဲ 

ဗန်ဒါပင်လား ဘာပင်လားတော့မသိဘူး တော်တော်တော့ကြီးတယ်. အိမ်အနောက်ဖေးဆိုတော့ အမှိုက်တွေ ဘာတွေနဲ့ဆိုတော့ အဲ့အနောက်ဖက်ကို သွားလို့တော့မရဘူးပေါ့ဗျာ

ဒီလိုနဲ့ 

တစ်ရက် အမေနဲ့အဖေက ညနေစောင်းလောက်တည်းက မြောက်ဒဂုံက အသိအိမ်ကို သွားပီး ပြန်လာတော့ ည ၁၂ ကျော်လောက်ရှိပီဗျ

အဖေနဲ့ အမေက ယောဂီရောင်တွေဝတ်သွားကြတာ ဂိုဏ်းစာအုပ်တွေရော ပုတီးတွေရော ယူသွားကြတာ အဘ ပင့်လို့သွားကြတာ ထင်တယ်ဗျ

ပြန်လာပီး လမ်းထိပ်ကနေလည်း ဝင်လာရော.. အမေက အမှတ်မထင် အဲ့အနောက်ဖက်က အပင်ကြီးဘက်ကို မျက်စိရောက်သွားတာ..အပင်ပေါ်ကနေ မဲမဲအကောင်ကြီး ဇောက်ထိုးကြီးဆင်းပီးလာနေတာဗျာ… အမေက သရဲမကြောက်တတ်တော့ သူမြင်လည်း ဆက်လျှောက်လာတာ.အဖေက ဘေးမှာပါနေပေမဲ့ အဖေ့ကိုတော့ သူမပြောပဲ မသိချင် ယောင်ဆောင်ပီး အိမ်ကိုပြန်လာတာပဲ 

(အဲ့အကြောင်းက အမေပြန်ပြောပြလို့သိတာ )

ကျွန်တော့အမေက သရဲမကြောက်တတ်ဖူးဗျ 

ကျွန်တော်ဆို အဲ့လို ေဇာက်ထိုးကြီးဆင်းလာမှာ သေအောင်ကြောက်တာ 😫

အဲ့လိုနဲ့ အဲ့အပင်ကြီးမှာ မကျွတ်မလွတ်တဲ့သူ ရှိတာ အမေက သိသွားတော့ ဘုရားရှိခိုး ပုတီးစိပ် ပဌာန်းရွတ်တိုင်း အမျှဝေတယ်ဗျ.. အမေ အမျှဝေပီးလို့ အနောက်ပေါက်က ကြည့်လိုက်ရင် အဲ့မဲမဲအကောင်ကြီးက အိမ်အနောက်ပေါက်တည့်တည့်မှာ ထိုင်ထိုင်နေတာတဲ့ဗျာ.. အမေကကျွန်တော်တို့ကြောက်မှာစိုးလို့မပြောပြဘူး. နောက်မှ ကျွန်တော်တယောက်တည်းကိုပြောပြတာ

ဇာတ်လမ်း က ကျွန်တော် ဘုန်းကြီးဝတ်ပီး နောက်ပိုင်းမှာဖြစ်တာ

တစ်ရက် ငထက်နဲ့ ကျွန်တော် လမ်းထိပ်က လဘက်ရည်ဆိုင်မှာ လဘက်ရည်သောက်ရင်း

” သားကြီး. ငါလိုင်းပေါ်မှာ ရွှေရင်ကျော်ဆရာ တစ်ယောက် ပရောဂ ကုတာကို Live လွှင့်ပီးတင်တယ်ကွ. စိတ်ဝင်စားဖို့တော့ကောင်းတယ်.. မင်းကိတ်စကို အဲ့ဆရာဆီမှာ ထပ်စစ်ကြည့်မလား “ 

ဆိုပီး ကျွန်တော်က အစဆွဲထုတ်တာ 😁

ငထက်က ” အေး သားကြီးအဆင်ပြေရင် တရက်ဒိုးမယ်လေ. မင်းလည်းလိုက်မှာမလား.. ”

“လိုက်မှာပေါ့ဟ အဲ့ဆရာက မှော်ဘီဘက်မှာလို့ပြောတယ် မင်း အဆင်ပြေရင် မနက်ဖန်လောက် ဒိုးမယ် ငါလည်း စစ်ကြည့်မလို့ ရွှေရင်ကျော်ဆရာတွေနဲ့ ငါ ကြားပဲကြားဖူးတာ သူ့ Live တွေကြည့်တာ တော်တော် စိတ်ဝင်စားဖို့လည်းကောင်းတယ်သားကြီးရ ” ဆိုပီး ကျွန်တော်နဲ့ ငထက်နဲ့ နှစ်ကောင်တည်း ပရောဂ သွားစစ်ဖို့ မှော်ဘီသွားဖို့ ပြင်ကြတာပေါ့ဗျာ

နောက်တနေ့မနက်ကျတော့ ဆရာကြီး ငထက်ကို ဖုန်းဆက်ပီး မှော်ဘီဘက်ကို ကားစီးဖို့ လှည်းတန်းကို အရင် ကားစီးကြတာပေါ့ဗျာ..

စစီးတုန်းကတော့ အကောင်းပဲ လှည်းတန်းရောက်ပီး မှော်ဘီဘက်ကိုစီးမဲ့ကားဂိတ်လည်းရောက်ရော.. တိုက်ဆိုင်တာလား ဘာလား တော့မသိဘူး နှစ်ယောက်လုံး ဗိုက်အသေ နာလာတာ.. 

အဲ့မှာ ငထက်က

” သားကြီးရေ ငါဗိုက်တွေနာလာပီကွာ နောက်ရက်မှသွားရင်သွားရအောင် ” ဆိုပီးပြောတော့

ကျွန်တော်လည်း ဗိုက်နာနေတာကို မသိချင်ယောင်ဆောင်ပီး

” သားကြီး အဲ့ဒါ အဖျက်ကွ ငါတို့ မသွားနိုင်အောင် ဖျက်နေတာ. ရအောင်သွားမယ် မင်း အိမ်သာတက်ချင်ရင် Center ထဲဒိုးမလား ” ဆိုတော့.

ငထကျက 

” အိမ်သာတက်နေရင်ကြာဦးမှာ နေကလည်း မွန်းတည့်ခါနီးဆိုတော့ သေအောင်ပူမှာ.. ရှုပ်တယ်ကွာ ငါအောင့်ထားလိုက်မယ် ” တဲ့

ကျွန်တော်လည်း ဗိုက်နာနေတာကို သည်းခံပီး နှစ်ကောင်သား မှော်ဘီသွားတဲ့ကားကို နာရီဝက်လောက်သည်းခံစောင့်ပီး ကားလာတာနဲ့ အတင်းတိုးပီး ဒိုးကြရောဗျာ..

လမ်းမှာသွားကတည်းက ဆရာ့ဆီကိုဖုန်းဆက်ပီး လာနေပီဆိုတဲ့အကြောင်း လှမ်းဆက်ထားရသေးတယ်.. ဖြစ်ချင်တော့. ဆရာက ညီလေးတို့ မြန်မြန်တော့လာတဲ့ ဆရာက ညနေမစောင်းခင် ပဲခူးမှာ ဆေးသွားကုရဦးမှာတဲ့..

ကျွန်တော်တို့ ရောက်တော့မှာပါ ခဏပဲ စောင့်ပါဆိုပီးအကျိုးအကြောင်းပြောပီးမကြာဘူး မှော်ဘီစျေးအကျော်က လျှပ်စစ်ရုံးမှတ်တိုင်မှာဆင်းပီး ဆိုင်ကယ်ကယ်ရီနဲ့ ဆရာ့လိပ်စာပြောပီး လိုက်ပို့ခိုင်းရတာပေါ့ဗျာ..

ကျွန်တော်တို့မှာက ပိုက်ဆံက ၅ထောင်တောင်မပြည့်ပဲ ေရာက်သွားတာ ဆရာ့ကို ကန်တော့ဖို့ ပိုက်ဆံသိပ်မပါတော့ အိမ်က အ မွှေးတိုင် ဖယောင်းတိုင်တွေ အထုပ်လိုက်ယူသွားတာ 😁

ဒီလိုနဲ့ ဆရာ့အိမ်ရောက်တော့ အိမ်လေးက တိုက်ပု လုံးချင်းလေးဗျ. ခြံလိုမျိုးလေးနဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ.. 

ကျွန်တော်တို့နှစ်ယောက်လည်း အိမ်ထဲရောက်တာနဲ့ ဘုရားဦးတိုက်လိုက်ကြရော.

အဲ့မှာ ရွှေရင်ကျော်ဆရာက ကဲ ပြော ညီလေးတို့ ဆရာ ဘာကူညီပေးရမလဲ ဆိုတော့

ငထက်က ကျွန်တော့ကို မင်းအရင်ပြောလိုက်ဆိုပီး မျက်စပစ်ပြရော 😑

အဲ့ဒါနဲ့မထူးပါဘူးဆိုပီး ကျွန်တော်လည်း

“ဒီလိုပါဆရာ.. ကျွန်တော် အလုပ်အကိုင်တွေလည်း တစ်ခုမှ အဆင်မပြေဖြစ်နေတယ်ဗျ.. အလုပ်တွေ လျှောက်တိုင်း ခန့်ခါနီးရင် သူတို့က မခေါ်တော့ပဲ Cancle ခံနေရတယ်ဗျ. ပီးတော့ ကျွန်တော်နဲ့ အတူတူ လျှောက်တဲ့ဘော်ဒါတယောက်တောင် သူ့ဘာသူ တယောက်တည်း သွားလျှောက်တာ အလုပ်ရတယ်ဆရာ..ကျွန်တော်ပဲ တိုင်ပတ်နေတာ.. ငွေကြေးအဆင်မပြေတော့ ကျန်တဲ့ ကိတ်စတွေပါ အဆင်မပြေတော့ဘူး ဆရာ.. ကျွန်တော် အဲ့ဒါလေး စစ်ကြည့်ချင်လို့ပါ ” ဆိုပီး ဖြစ်စဥ်ပြောပြလိုက်တော့

ဆရာက

အဲ့ဒါဆိုရင် ဆရာ စစ်ကြည့်ပေးပါ့မယ်ဆိုပီး

ကျွန်တော် live ထဲမှာ မြင်ဖူးနေသလို ကျွန်တော့ကို ခြေထောက်ဆင်းခိုင်းပီး စစ်တာဗျ..

” စုန်းတိုက် နတ်တိုက် ရွာသူတိုက် ရှိရင် ခြေထောက်ကို ကပ်ထားစမ်း ”

ညီလေးညာဘက်ခြေထောက်ကြွကြည့်စမ်းဆိုတော့ ကြွလို့ရတယ်ဗျ.. အဲ့ဒါဆို ပြန်ချထားဆိုပီး

ဆရာက ပါးစပ်က အသံထွက်ပီး မပြောတော့ပဲ 

သူ့စိတ်ထဲကနေပြောပီး တောက်တချက်ခေါက်တိုင်း ခြေထောက်မြှောက်ခိုင်းတာ အဲ့မှာစတာပဲ

ဆရာနှစ်ခေါက်လောက် တောက်ခေါက်ပီးမြှောက်ခိုင်းရာကနေ ၃ခေါက်လောက်လည်းရောက်ရော ဆရာက မြှောက်ကြည့်ဆိုတော့ မြှောက်လို့မရတော့ဖူး လုံးဝထူးဆန်းတာဗျာ..

ကျွန်တော့ခြေထောက်ကို တခုခုက ဖိထားသလိုကို အားကုန်ရုန်းပီး မြှောက်တာ မြှောက်လို့မရဘူး .. လူက ဇောချွေးတွေပါပျံလာတာ.. ငထက်ကို လှမ်းကြည့်တော့ ဆရာသမားက တခိခိနဲ့ ကြိတ်ရယ်နေတယ်ဗျာ 😑

ညီလေး စိတ်ကို အေးအေးထား ဘာမှမဖြစ်ဘူး ဆိုပီး ဆရာက စိတ်ထဲကပြောလိုက် တောက်တချက်ခေါက်လိုက်နဲ့စစ်တာ ခြေထောက်က မြှောက်လို့ရတဲ့အခါ ရတယ် မရတဲ့အခါ မရဘူး

အဲ့လိုနဲ့ ဆရာက ၁၀ခေါက်လောက် တောက်တချက်ခေါက် စစ်လို့ပီးတာနဲ့

“ရပီ ညီလေး ညီလေးမှာ အတိုက်ကြီးကြီးမားမား ဘာမှမတွေ့ရဘူး ဒါပေမဲ့ ပုဂ္ဂိုလ်စောင့်တွေ ရှိတာ တွေ့ရတယ်.. သူတို့ကိုခေါ်ပီးတော့ မေးကြည့်ရင် တစ်ခုခုတော့သိရမှာပါ လာညီလေး ဘုရားစင်ရှေ့ ဦးတိုက် လက်အုပ်ချီပီး ဘုရားကို အာရုံပြုထား ” ဆိုပီးပြောရော..

ကျွန်တော်လန့်သွားတာ.. အဲ့လို ပူးတာကပ်တာမျိုးကို ငထက်အိမ်မှာထဲက လန့်တာ.. ငါမလုပ်ပဲ သူ့အလိုလို တွေ Body က ဖြစ်နေတာကို ခံစားရမှာကို လန့်တာ.. ဇောချွေးတွေပါပျံတာဗျာ တကယ်.. နောက်ဆုံး မထူးပါဘူးကွာဆိုပီး ဆရာပြောတဲ့အတိုင်း ဘုရားအာရုံပြုပီး လက်အုပ်ချီထားလိုက်ရော..

ဆရာရွတ်သွားတာ အများကြီးပဲ မှတ်မိသလောက်တော့ချရေးပြမယ်

ဆရာက ” ဘုရားငါးဆူ အာဏာ ဂိုဏ်းတော်ကြီး ရဲ့ အဖ ဆရာတို့ အာဏာ တို့နဲ့ အခုရှေ့မှာရောက်နေတဲ့ သောကြာသားရဲ့ ပုဂ္ဂိုလ် စောင့် ဆိုတဲ့သူ အခုချက်ချင်း ငါဆရာ အရှေ့ ရောက်စေ မည်သူမျှ တားဆီးပိတ်ပင်နိုင်ချင်း မရှိစေရ.. တကိုယ်လုံးခြုံစီးပီး ရောက်စေ ” ဆိုပီးပြောတာဗျ

အဲ့ထိ ကျွန်တော်ကြားနေရတယ် 

ဆရာလည်း စကားလည်းဆုံးရော 

လက်အုပ်ချီထားတဲ့ လက်နှစ်ဖက်က လက်မ နှစ်ခုက သူ့အလိုလို လက်သီးဆုပ်တဲ့ပုံစံမျိုးဖြစ်လာတာ. အဲ့ဒါကို လုံးဝ စိတ်ကို တင်းထားတာ.. ဘယ်လိုမှ တင်းလို့မရဘူး.. ဆရာကလည်းကျွန်တော်စိတ်တင်းထားမှန်းသိတယ်ဗျ

ညီလေး စိတ်ကိုလျှော့ထား ဘာမှမဖြစ်ဘူး 

အဲ့လိုခေါ်မှ ငါ့ညီ ဘာဖြစ်နေလဲဆိုတာ ကုလို့ရမှာ ဘာမှမကြောက်နဲ့ ဘုရားသာ အာရုံပြုထားဆိုတဲ့ စကားတချက်ကြားလိုက်ရတယ်

ကျွန်တော်လည်း ဖြစ်ချင်ရာဖြစ်ကွာဆိုပီး စိတ်ကို လျှော့ထားလိုက်တာ ဆရာက နောက်ထပ်တခေါက်ထပ်လည်းပင့်ရော..ကျွန်တော် ခေါင်းပေါ်မှာ လက်သီးဆုပ်ပီး ကြမ်းကို အုန်းကို ခေါင်းနဲ့တိုက်လိုက်မိရော. အဲ့နောက်မှာ ကျွန်တော် ဘာမှမသိတော့ဘူး လူက အိပ်ပျော်နေသလို လို ဖြစ်သွားတာဗျ. အပြင်က ဆရာပြောနေတဲ့အသံကလည်းဝေးသွားသလိုဖြစ်သွားတာ..

အဲ့မှာ ဆရာက Liveရိုက်ထားတော့ သူ့ Live ကို ပြန်ကြည့်မှ ဘာဖြစ်လဲသိရတာ

အဲ့မှာ ဆရာက 

” အခု ရောက်လာတဲ့ ပုဂ္ဂိုလ်က ဘယ်လိုပုဂ္ဂိုလ်လဲ ဆရာ့ကို နှုတ်ဖွင့်ပြောနိုင်ပစေ ”

ကျွန်တော်က အဲ့ချိန် အံတွေကြိတ်ပီး အသက်ရှုသံတွေပါပြင်းလာတာ Live ထဲကတောင်ကြားရတယ်

” ဘီလူးလား ” ဆိုတော့ ခေါင်း ညိတ်ပြတယ်ဗျာ…

အဲ့ဒါဆရာက. ” အေး.. ပုဂ္ဂိုလ်စောင့် ဘီလူးဆိုရင် မူလပြန်စမ်းကွာ “လို့ပြောလည်းပြောလိုက်ရော

ကျွန်တော် ညာဘက်ဒူးတဖက်ကိုထောင် တဖက်ကို ချပီး လက်သီးကိုကျစ်နေအောင်ဆုပ်ပီး ဘီလူးထိုင်ကြီးကောက်ထိုင်တာဗျ.. ရွှေရင်ကျော်ပညာ တကယ်စွမ်းတာဗျာ..

” ကဲ. အစောင့်ဘီလူးဆိုတော့ သောကြာသားက ဆေးထိုးဆေးသောက်ထားလို့ စောင့်တာလား” ဆိုတော့ ခေါင်းခါတယ်

ဆရာတစ်ယောက်ယောက်က ပညာအကူအညီနဲ့ စောင့်တာလားဆိုတော့လည်း ခေါင်းခါတယ်ဗျ

ဒီကလေးမွေးတည်းက မင်းစောင့်တာလားဆိုတော့ ခေါင်းညိတ်ပြရောဗျ.. 

အဲ့ဒါဆို မင်းတို့နဲ့ ပဌာန်းဆက်တွေပေါ့ဆိုတော့ ခေါင်းညိတ်ပြတယ်

အဲ့မှာ ဆရာက 

” ခေါင်းပဲ ညိတ်မနေနဲ့ကွာ နှုတ်က ဖွင့်ပြော ဆိုင်ရာက အခုရောက်နေတဲ့ ဘီလူးကို နှုတ်ဖွင့် ပြောနိုင်အောင် ကူညီပေးကြပါ ” လို့ပြောပီး

ကဲ အစောင့် ဘီလူး နှုတ်ကပြောကွာ ပြောလို့ရပလား ဆ်ုတော့ ခေါင်းခါတုန်းပဲ

ဆရာက ဒါဆို မင်းတို့ အထက်က နှုတ်ကပြောခွင့်မပေးထာတာလားဆိုတော့. ကျွန်တော့ကိုစီးနေတဲ့ ဘီလူးက ခေါင်းညိတ်ပြတယ်ဗျ..

“ဒါဆိုလည်း ငါမေးတာသာဖြေကွာ 

အခု သောကြာသား အလုပ်အကိုင်တွေ အဆင်မပြေတာ မင်းလုပ်ထားတာလား ”

ဘီလူးကြီးက ခေါင်းခါပြတယ်ဗျ

“ဒီကလေး က မင်းတို့နဲ့ပက်သက်ပီး အမှားတခုခုရောလုပ်ထားလို့လား ”

ခေါင်းခါတုန်းပဲ

“အဲ့ဒါဆို ဒီကလေးရဲ့ အိမ်အနားမှာ အတိုက်အခိုက်တွေ ရှိလို့လားလို့လည်း မေးရော.. ဝင်စီးနေတဲ့ ဘီလူးက ချက်ချင်းခေါင်းညိတ်ပြရောဗျာ..

အဲ့မှာဆရာက ” အေး ဟုတ်ပီ အဲ့ဒါဆိုရင် အဲ့ဒီ့တိုက်ထားတဲ့သူကို မင်းကိုယ်တိုင်ခေါ်ပေးနိုင်လား ခေါ်ပေးနိုင်ရင် အခုသွားခေါ် မင်းနောက်က ယက္ခစစ်သည် တွေထည့်ပေးလိုက်မယ်ရအောင်ခေါ်လာခဲ့ ရောက်ရင် မင်း ခဏထွက်ပီး ဘေးမှာနေ အဲ့အစွဲကို အရောက်ခေါ်ခဲ့. ” လို့ ဆရာကပြောလည်းပြောရော.. ဘီလူးကြီးက ဘီလူးထိုင်ကြီးဖြုတ်ပီး လက်သီးနှစ်ဖက်ဆုပ်ရင်း ကြမ်းပြင်ကို တချက်ခေါင်းတိုက်ပီးငြိမ်သွားရော..

” သောကြာသားကို တိုက်ထားတဲ့အစွဲ ငါဆရာရှေ့ အရောက်လာပစေ.. ပုဂ္ဂိုလ်စောင့်ဘီလူးက အစွဲရောက်ရင် ခဏထွက်ပေးပါ.. အစွဲရောက်ရင် ဘုရားဦးတိုက်စမ်း ဘုရားငါးဆူအမိန့် ” လို့လည်းပြောရော.. 

ကျွန်တော် ခုနက ကြမ်းကို ခေါင်းစိုက်နေရာကနေ တဖြည်းဖြည်းကုန်းထလာရောဗျ..

“အစွဲရောက်ရင်ဦးတိုက်စမ်း ” ဆ်ုပီးဆရာက ထပ်ပြောတော့.ကျွန်တော့လက်တွေက ပြောရရင် အနူလက်လို ကွေးကွေးကြီးလုပ်ပီးလက်အုပ်ချီရောဗျ အဲ့ဒါ တွေ အပြင်မှာ ကျွန်တော်ဘာမှမသိဘူး Video ပြန်ကြည့်မှ သိတာ လူက အိပ်ပျော်နေသလိုဖြစ်နေတာကိုးဗျ…

“အခုရောက်နေတဲ့ အစွဲက ဘယ်သူလဲ နှုတ်ဖွင့်ပြောစမ်း. ”

အဲ့ချိန် ကျွန်တော်မပြောပဲ ကျွန်တော့ဆီက အက်ကွဲကွဲ အသံကြီးထွက်လာရော.. လုံးဝ အံသြစရာကြီးပါဗျာ တကယ်..

” သ… သရဲ ” 😫

” အေး သရဲဆို ဒီကလေး အလုပ်အကိုင်တွေ စီးပွားရေး အဆင်မပြေအောင် မင်းလုပ်နေတာလား ”

“ဟုတ်…ဟုတ်.. ဟုတ်တယ်.. ” တလုံးချင်း ထစ်ထစ်ကြီးနဲ့ သြသြကြီးဗျာ ကျွန်တော့အသံလုံးဝမဟုတ်ဖူး Video သာမဖျက်မိရင် တစ်ခါတည်းတင်ပေးလိုက်တယ် တကယ်

“ဒါဆို မင်းက ဒီကလေးကို ဘာလို့ နှောက်ယှက်နေတာလဲ ” လို့ဆရာကမေးတော့.

“ဒါ.. ဒါ.. ငါ့နေရာ… ငါ့နေရာမှာ သူတို့နေ.. နေကြတာ ”

” မင်းနဲ့က ဘဝချင်းက မတူတော့ဘူးလေကွာ 

လူ့ဘဝက မင်းပိုင်ခဲ့တာဆိုပေမဲ့ မင်းက အခု ပရလောကသားဖြစ်နေပီ မင်းနဲ့မဆိုင်တော့ဘူး ဒီကလေးတွေက တန်ရာ တန်ကြေးပေးပီးဝယ်ထားတာကွ မင်း ဘာတွေလုပ်ထားလဲပြော ”

” စီး.. စီးပွား… ပျက်…….” ဆိုပီးအဲ့သရဲဲကြီးကပြောတာ..

“အခု ဒီကလေးရဲ့ အသက်နဲ့ခန္ဓာကို ဆရာ့ကို အပ်ထားပီးပီ မင်းဘာမှလုပ်လို့မရတော့ဘူး..ဒါနဲ့ မင်းက ဘယ်မှာနေတာလဲ ”

” အိမ်.နောက်…..က ..အ….ပင်..ကြီး ”

“မင်းသက်တမ်းကရော ဘယ်လောက်ရှိပီလဲ ”

” တ…တ…တစ်ရာ .ကျော်…ပီ “😱

” ဟ.. မင်းက တော်တော်ကြီးနေပီပဲ အစွယ်တွေတောင်ပေါက်နေရောပေါ့ ဟုတ်လား..ဒါဆို ဒီဝင်းကြီးကို မင်းပိုင်ခဲ့တာပေါ့ဟုတ်လား ”

“ဟုတ်…ဟုတ်တယ်..”

” မင်းတိုက်ထားတဲ့ အတိုက်တွေ အကုန်ထုတ်သွားပေးရမယ် ဒီကလေးကို နောက်ထပ်လည်း မနှောက်ယှက်ရဘူး မင်းအတွက်လည်း နတ်မင်းကြီးလေးပါးဆီမှာ နေရာတောင်းပးမယ် အမျှလည်းဝေပေးမယ် ဆရာ့စကားနားထောင်မလား ” ဆိုတော့ သရဲကြီးက ခေါင်းညိတ်ပြတယ်ဗျ..

“ဆရာမေးတာ ကောင်းကောင်းမွန်မွန်ဖြေရင် ဆရာက မနှိပ်စက်ဘူး.. မဖြေပဲ ပေကပ်နေရင်သာ ဆရာက ဆိုင်ရာနဲ့ ဒဏ်ပေးပီး မေးရတာ 

မင်းလုပ်ထားတာတွေ အိမ်ပေါက်ဝဖက် ခြေထောက်ဆင်းပီး အကုန်ထုတ်သွား.. ငါပြန်စစ်လို့ တွေ့ရင် တော့ မင်းနာပီမှတ် ”

အဲ့မှာသရဲကြီးက အိမ်ပေါက်ဝဖက်ကိုဆင်းပီး ခေါင်းကနေစပီး လက်နဲ့ တဖတ်ဖတ်ရိုက်ပီး ထုတ်တော့တာပဲဗျ.. ခများတို့လည်း မြင်ဖူးကြမယ်ထင်တယ်..

ဆရာက..” ကုန်ပီဆို ဘုရားစင်ဖက် လှည့်နိုင်ပစေ 

လိမ်လည်လှည့်ဖျားရင် သောကြာသားရဲ့ ပုဂ္ဂိုလ်စောင့်ဘီလူးက သံလျက်နဲ့ ပိုင်းပစ် ”

မကြာဖူး ဗျ ဝင်ပူးနေတဲ့သရဲ ကြီး ဘုရားစင်ဘက်လှည့်ပီး လက်အုပ်ချီနေရော..

” အေး ဟုတ်ပီ.. မင်းကို ဒီဘဝထက် ကောင်းမွန်တဲ့နေရာကို နတ်မင်းကြီးလေးပါးဆီမှာ နေရာတောင်းပေးမယ်.. နတ်မင်းကြီးလေးပါးနဲ့ဆိုင်ရာပိုင်ရာများ ယခုဝင်ရောက်နေတဲ့ သရဲကို သူနေရမဲ့နေရာတစ်နေရာ ပြပေးလိုက်ပါ..ဆိုင်ရာကလည်း မြင်နိုင်အောင် အမြင်စက်ဖွင့်ပေးလိုက်ကြပါ.. ကဲ.. မင်းနေရမဲ့နေရာ မြင်ပီလား ”

“မြင်.. မြင်ပီ…..”

” ဘယ်နေရာလဲ ဆရာ့ကို ပြောပြ ”

“ရေ.. ရေစပ်…နားမှာ.. ”

” အေး အဲ့ဒါမင်းနေရမဲ့နေရာပဲ မင်းအဲ့မှာ ကောင်းကောင်း နေ.. ဆရာကလည်း မင်းကို အမျှဝေပေးမယ် မင်း ကျွတ်ချိန်တန်တဲ့အထိ ကောင်းကောင်းနေ ဘယ်သူ့ကိုမှ ဒုက္ခထပ်မပေးနဲ့ ဆရာ အမျှဝေပေးမယ် သာဓုခေါ်. ” ဆိုပီး ဆရာက သူပြုသမျှတွေကို တိုင်တည်ပီး အမျှလည်းပေးရော..

” သာ….ဓု….. သာ…..ဓု.. သာ…ဓု ” ဆိုပီသ အသံသြသြကြီးနဲ့ သာဓုခေါ်တာဗျာ.. ကျွန်တော့ပင်ကိုယ်သံလုံးဝပျောက်နေတာ.

“ကဲ.. မင်းကဆရာ့စကားနားထောင်တဲ့အတွက် မင်းကို သစ္စာရေမတိုက်တော့ဘူး ဟုတ်ပလား 

မင်းနေရမဲ့နေရာ မင်းသွားတော့ ပီးရင် ခုနက သောကြာသားရဲ့ ပုဂ္ဂိုလ်စောင့် ဆိုတဲ့ ဘီလူး ပြန်ဝင်လာခဲ့. ” ဆိုပီးပြောပီးတာနဲ့

ခုနက သရဲကြီးက ထွက်သွားပီး..

ကျိကျိကျိကျိ နဲ့သွားတွေပါကြ်ိတ်ပီး ခုနက ဘီလူးကြီး ပြန်ဝင်လာပီး ဘီလူးထိုင်ကြီးထိုင်ရော..

ဆရာကလည်း

” ခုနက အစောင့် ဘီလူးလား ” ဆိုတော့ခေါင်းညိတ်တယ် အဲ့ထိ ကျွန်တော် ဘာမှမသိဘူး

” အေး.. မင်းက ဒီကလေးရဲ့ ပုဂ္ဂိုလ်စောင့်လည်းပြောသေးတယ်.. ဒီကလေးကို တိုက်နေတာ မင်းတို့က ကြည့်နေတာလားကွ ဟမ်.. ” ဘီလူးကြီးက ဘာမှပြန်မပြောဘူးဗျ..

” ဒီကလေးက အိမ်မှာ ကံနိမ့်နေလို့ ခံနေရတယ်ဆိုပေမဲ့. မင်းတို့ အစောင့်တွေကလည်း ကြည့်မနေနဲ့ကွ.. ” ဆိုတော့ ဘီလူးကြီးက ခေါင်းညိတ်ပြတယ်ဗျ..

ဒါဆို မင်း နေရာ မင်း ပြန်လို့ရပီ 

သောကြာသားကိုလည်း မင်းတို့ကို မေတ္တာပို့ အမျှဝေခိုင်းလိုက်မယ် မင်းတို့ကလည်း စောင့်ရှောက်ပေး ဟုတ်ပီလား.. ဘုရားဦးတိုက်ပီး ထွက်တော့ ” လို့ပြောရော..

အသက်ရှူခံကြီးပါ ပြင်းလာတာဗျ.. 

ဘီလူးထိုင်ကြီး ပြန်ဖြေပီး ကြမ်းကို လက်သီးနှစ်ဖက်ထောက်ပီး တရှူးရှူးးနဲ့ ဖြစ်နေတာ..

” ဆရာက. မင်း ဘာမှာဦးမလို့လဲ အသက်ရျူနေတာကလည်းကွာ ဘီလူးလို့မပြောရဘူး ပြင်းလိုက်တာ မင်းဟာက လည်း.. မှာစရာမရှိရင် ထွက်တော့ ” ဆိုတော့ နှဖူးနေရာမှာ လက်သီးနှစ်ဖက်ဆုပ်ပီး ကြမ်းကို ဒုန်းခနဲ မြည်အောင် ၃ကြိမ်တိတိ ဦးတိုက်ပီး ငြိမ်သွားရော….

အဲ့မှာ ဆရာက ကျွန်တော့ကို ညီလေး ညီလေးဆိုပီး ပုတ်နှိုးတာ. ကျွန်တော် အဲ့ဆရာ ခေါ်သံကြားမှ ဆတ်ခနဲ သတိပြန်ရသလို အိပ်ရာကနိုးသလို ဖြစ်ပီး သတိရသွားတာ..

ဆရာက. ညီလေး ခေါင်းတွေ ဘာတွေ မူးသေးလား ဘယ်လိုနေလဲ ဆိုတော့.. ကျွန်တော် သိတာ ကျွန်တော်တော်တော်မောနေတာဗျ..

ရင်ဘတ်ထဲမှာ ဟာတာတာကြီးလိုမျိုးဖြစ်ပီး မောတာ..

ကျွန်တော်မောတယ်ဆရာ လို့ပြောလိုက်တော့ ဆရာက ငထက်ကို မင်းဘော်ဒါကို ရေခပ်တိုက်လိုက်ပါဦးကွာ ဆိုပီး ပြောတော့ ငထက်က ရေခွက်လေးလာကမ်းတယ် 😁 ပီးတော့ နားနားကပ်ပီး..

သားကြီး မင်းကို Live လွှင့်ထားတယ်တဲ့.. မင်း video ကို ကြည့်နေတာ viewer 4k ကျော်တယ်တဲ့ ဟိုကောင်တွေလည်း မင်း Live ကို လဘက်ရည်ဆိုင်က ကြည့်ပီး မင်းကို ကြိတ်ခွီနေကြတယ်တဲ့ 👿

ကျွန်တော်လည်း…စိတ်ထဲကနေ ဟ..ငါတော့ စောက်ရှက်ကွဲပီလားမသိဘူးဆိုပီး တွေးမိသေးတယ် 🤣 viewer 4k ကျော်တောင် ကျွန်တော့ကိုကြည့်တာဆိုတော့ ရှက်လည်းရှက်တာပေါ့..

ဆရာက. .

ကဲ ညီလေး မင်းမှာ အတိုက်အခိုက်တွေ မရှိတော့ဘူး.. ဘာတွေဖြစ်လဲသိချင်ရင် ဆရာ Live လွှင့်ထားတယ် ပြန်ကြည့်လိုက်..

နောက်ပီး ငါ့ညီမှာ အစောင့် ဘီလူးတွေရှိတယ် ကွ… သူတို့ကို လည်း ကုသိုလ်လုပ်တိုင်းမေတ္တာပို့ အမျှဝေပေး.. ငါ့ညီကို သူတို့စောင့်ရှောက်လိမ့်မယ် ဆရာ ကိုယ်လုံဆေးတော့ မပေါက်ပေးတော့ဘူး.. ရွှေရင်ကျော်ဆေးပေါက်ပီဆို..တာနဲ့ ကိုယ်မှာရှိနေတဲ့ အစောင့်တွေက ဖယ်ပေးရတာကွ.. ဒါမဲ့ ဆရာ ဆေးမပေါက်ပေးလိုက်တော့ဘူး.. ငါ့ညီနဲ့ပဌာန်းဆက်တွေဆိုတော့.. ဆရာပြောတာတွေသာမမေ့နဲ့ ” ဆိုပီးကျွန်တော်ကို မှာတာ.

ကျွန်တော်နဲ့ငထက်လည်း

” ကျွန်တော်တို့မှာ ဆရာ့ကို ကန်တော့ဖို့ပါတယ်” ဆိုပီး အိတ်ထဲက အမွှေးတိုင် ဖယောင်းတိုင်အထုပ်လိုက် ကန်တော့လိုက်တယ်. 

အဲ့ဆရာက အသပြာဆရာမဟုတ်ဖူးဗျ… 

ကုကြေးဘယ်လောက်ပေးရမယ်ဆိုပီး မတောင်းဖူး စေတနာရှိသလောက်ပဲ.. သူကုထားတဲ့ ပွဲတွေလည်းမနည်းဘူး Live တွေတင်ထားတာ.. 

ဘော်ဒါတို့ သိချင်ရင်ပြော ဆရာ့အကောင့်လင်းပေးမယ်.. video ကတော့ Factory reset ပါသွားလို့ မရှိတော့ဖူးဗျ..

ဒါနဲ့ အဲ့ဆရာ တင်ထားတဲ့ Live ရဲ့ Caption က ဘာလဲသိလား 

” မွေးရာပါဘီလူးအစောင့်နဲ့ နှစ်တစ်ရာသရဲအစွဲ” တဲ့ဗျာ……….

ကိုယ့်အမျိုး ကိုယ်မမေ့ကြနဲ့ဗျို့

Leave a Reply