ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းတွေ တပ်မတော်တောင်းခံမှု ကော်မရှင်ပြောကြားချက်အပေါ် တပ်မတော် တုံ့ပြန်

Local News

ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းတွေ တပ်မတော်က တောင်းခံတဲ့ မေတ္တာရပ်ခံချက်နဲ့ပတ်သက်ပြီး ကော်မရှင်က ဥပဒေနဲ့မညီကြောင်း ပြောကြားချက်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ ကြေညာချက်တစ်စောင် ထပ်မံထုတ်ပြန်တုံ့ပြန်လာပါတယ်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ မေတ္တာရပ်ခံချက်အတိုင်း ဆောင်ရွက်ပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့အသီးသီးထံ ဥပေဒနဲ့မညီတဲ့ ညွှန်ကြားမှုကို ပြုလုပ်ရာရောက်မှာဖြစ်လို့ ညွှန်ကြားပေးနိုင်မှာမဟုတ်ကြောင်း ဒီဇင်ဘာ၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

ရွေးကောက်ပွဲခုံအဖွဲ့က စစ်ဆေးမယ့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအတွက် တင်သွင်းမယ့် စာတမ်းအမှတ်အသားတွေကို ကူးယူခွင့်တောင်းခံတာဟာ နိုင်ငံသားတစ်ဦးရဲ့ ဥပဒေနဲ့အညီ ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးနဲ့ ကန့်ကွက်ပိုင်ခွင့်အခွင့်အရေးတွေအရ တောင်းခံတာဖြစ်လို့ ဥပဒေနဲ့မညီတဲ့ ညွှန်ကြားချက်မဟုတ်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လာတာဖြစ်ပါတယ်။ 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ စာရွက်စာတမ်းများ ကူးယူခွင့်တောင်းခံခြင်းဟာ သက်ဆိုင်ရာမဲဆန္ဒရှင်များရဲ့ အခွင့်အရေးအရ တောင်းခံခြင်းဖြစ်ပြီး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အနေနဲ့လည်း ကူးယူခွင့်ပေးနိုင်တာတွေကို ကူးယူခွင့်ပြုပြီး ကူးခွင့်မပြုနိုင်တာတွေကိုလည်းခိုင်လုံတဲ့အကြောင်းပြချက်နဲ့ ခွင့်မပြုနိုင်တဲ့အခွင့်အရေးရှိကြောင်းလည်း အဲဒီထုတ်ပြန်ချက်က ဆိုထားပါတယ်။ 

ဒါ့အပြင် တောင်းခံလာတဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းတွေကို မိတ္တူကူးခွင့်ပြုရမယ်ဆိုတာကို သက်ဆိုင်ရာလွှတ်တော်ဥပဒေနည်းဥပဒေတွေမှာပြဌာန်းထားတာမရှိဘူးဆိုတဲ့ ဖော်ပြချက်ဟာလည်း ဥပဒေတစ်ရပ်လုံးအပေါ်လွှမ်းခြုံမှုမရှိကြောင်းကို ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုတွေနဲ့ ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းမှုဆိုင်ရာပြဌာန်းချက်တွေအရ တွေ့ရှိရမှာဖြစ်တယ်လို့လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။ 

ဒါနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်ပြောကြားခြင်းမရှိသေးပါဘူး။

 နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့ တပ်မဲရုံတချို့မှာ မဲပေးနေကြတဲ့မြင်ကွင်းများ

Leave a Reply