မသင်္ကာဖွယ် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် မြန်မာနိုင်ငံသူတို့ အိမ်ငှားနေထိုင်ပါက သတင်းပေးကြပါ

Local News

  နိုင်ငံခြားက ပစ္စည်းပို့လိုက်တယ်ဆိုပြီး ငွေလွှဲခိုင်းတဲ့အွန်လိုင်းကနေလိမ်လည်သူတွေအဖွဲ့ မှာ နောက်ထပ်ပါဝင်သူ‌ေတွဖမ်းဆီးရမိတယ်လို့သိရတယ်။

 ဖမ်းမိရမိကြောင်းကိုအခုလိုထုတ်ပြန်ဖော်ပြထားပါတယ်

“အယုံလွယ်သူများထံမှ ငွေကြေးလိမ်လည်ရယူသည့် နိုင်ဂျီးရီးယားနိုင်ငံသားများနှင့်ဆက်စပ်ပတ်သက်သူများ ထပ်မံဖော်ထုတ်ဖမ်းဆီး

ငွေကြေးလိမ်လည်ရယူသည့် နိုင်ဂျီးရီးယားနိုင်ငံသားများနှင့်ဆက်စပ်ပတ်သက်သော ဂိုဏ်းကို လိမ်လည်ပုံနည်းလမ်း MPU ကတ်များ၊ ဖုန်း SIM Card များ၊ ငွေကြေးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး ပြီးနောက် ဆက်လက်ခြေရာခံမှုများပြုလုပ်ခဲ့ရာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်နှင့် သန်လျင်မြို့နယ် နေ မြန်မာနိုင်ငံသား အမျိုးသား(၂)ဦး၊ အမျိုးသမီး (၅)ဦးတို့ကို ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ထပ်မံဖော်ထုတ်ရရှိသူများထံမှ MPU ကတ်မျိုးစုံ (၅၂)ကတ်၊ ဘဏ်စာအုပ်မျိုးစုံ (၆၈)အုပ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု (၃၉)ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (၄၃)ခု၊ ကုမ္ပဏီမှတ်ပုံတင် လက်မှတ် (၄)ခု၊ နိုင်ဂျီးရီးယားနိုင်ငံ Passport စာအုပ် (၃)အုပ်၊ Memory Stick (၅)ခု၊ တံဆိပ်တုံး အတုမျိုးစုံ (၂၇)ခု၊ လက်ကိုင်ဖုန်း(၈)လုံးနှင့် SIM Card မျိုးစုံ (၇၃)ခု၊ ipad (၁)လုံး၊ BMW အမျိုးအစား မော်တော်ယာဉ်(၁)စီးနှင့် ငွေကျပ်သိန်း(၈၀)ကျော်တို့အားထပ်မံ သိမ်းဆည်းရမိပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

ထွက်ဆိုချက်များအရ ပစ်မှတ်များကို Facebook Messenger မှတစ်ဆင့် ဆက်သွယ်၍ လိမ်လည်သည့် ပြောစကားများမှာ လက်ဆောင်ပစ္စည်းများပို့ထားကြောင်း၊ ဒေါ်လာနှင့် ရွှေချောင်း များပို့ထားကြောင်း၊ နိုင်ငံခြားငွေနှင့် အသုံးအဆောင်ပစ္စည်းများ၊ အဖိုးတန်စိန်ထည်နှင့် လက်ဝတ် ရတနာပစ္စည်းများပေးပို့ထားကြောင်း၊  နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သည့် အမေရိကန် ဒေါ်လာများ ပေးပို့လိုက်ကြောင်းစသည်ဖြင့် ပြောဆိုကာ အဆိုပါ ပစ္စည်းများနှင့် ဒေါ်လာများအတွက် အခွန်ဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရန် ငွေလွှဲခိုင်းခြင်း၊ နိုင်ငံခြားသား(၁)ဦး မြန်မာနိုင်ငံတွင် နေထိုင်ရန် နေအိမ်နှင့် ကားကြိုတင်ဝယ်ယူ ပေးထားရန်အတွက် အမေရိကန်ဒေါ်လာများ ပေးပို့လိုက် သဖြင့် ဝန်ဆောင်ခငွေလွှဲပေးရန် ငွေလွှဲခိုင်းခြင်း၊ ဟောင်ကောင်ထီပေါက်သည်ဟု ပြောဆို၍ ထီဖိုးငွေ အဖြစ် ငွေလွှဲခိုင်းခြင်းစသည်ဖြင့် ပြောဆိုလိမ်လည်မှုကျူးလွန်ခြင်းဖြစ်ကြောင်း၊ ငွေလိမ်လည်မှုကို ဦးဆောင်ပြုလုပ်သည့် နိုင်ဂျီးရီးယားနိုင်ငံသားများသည် ၎င်းတို့နှင့်အတူနေ မြန်မာအမျိုးသမီးများနှင့် ရပ်ကွက်များအတွင်း အိမ်ငှားနေထိုင်ပြီး အိမ်ငှားရာတွင်လည်း အတည်တကျ မငှားဘဲ ၆ လခန့်သာ ငှားရမ်း၍ မကြာခဏနေရာရွှေ့ပြောင်း နေထိုင်ကြောင်း သိရသဖြင့် ပြည်သူများအနေဖြင့် မသင်္ကာဖွယ် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် မြန်မာနိုင်ငံသူတို့ အိမ်ငှားနေထိုင်ပါက သက်ဆိုင်ရာမြို့နယ်/ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ သတင်းပေးပို့ကြပါရန် အသိပေးအပ်ပါသည်။

Leave a Reply