COVID-19 ကြောင့် ကာလရှည်ကြာ စီးပွားရေး လျော့ပါးလာ၍ ရန်ကုန်မြို့ရှိ Sule Shangri-La Hotel ကို ဖေဖော်ဝါရီ ၁ ရက်မှစကာ ယာယီပိတ်မည်

Local News

COVID-19 ကပ်ရောဂါကြောင့် ကာလရှည်ကြာ စီးပွားရေး လျော့ပါးလာ၍ ရန်ကုန်မြို့ရှိ Sule Shangri-La Hotel ကို ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ယာယီပိတ်သိမ်းမည် ဖြစ်ကြောင်း Sule Shangri-La Hotel က ဇန်နဝါရီ ၁၃ ရက်တွင် သတင်းထုတ်ပြန် ကြေညာသည်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး အကျိုးသက်ရောက်မှုများ လျော့နည်းစေရန် ဟိုတယ်အနေဖြင့် cost management နည်းလမ်းမျိုးစုံအား ကျင့်သုံးလာခဲ့သည်မှာ ပြီးခဲ့သော ဒီဇင်ဘာလအတွင်း ဝန်ထမ်းအင်အား ပြန်လည်ဆန်းစစ်ခဲ့ခြင်းလည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။

ကာလရှည်ကြာ စီးပွားရေး လျော့ပါးလာခြင်းကြောင့် နည်းလမ်းမျိုးစုံ ကြိုးပမ်းခဲ့ သော်လည်း ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ Sule Shangri-La Yangon Hotel အား ယာယီပိတ်သိမ်း သွားမည်ဖြစ်ကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးအပ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Shangri-La အုပ်စုအနေဖြင့် မြန်မာနိုင်ငံ တိုးတက်ရေးတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာမှစ၍ တစ်ဖက်တစ်လမ်းမှ တက်ကြွစွာ ပါဝင်ခဲ့ပြီး စျေးကွက်အတွင်း ဆက်လက် တည်ရှိသွားမည်ဖြစ်ပြီး Sule Square Mall & Office နှင့် Shangri-La Residences အနေနှင့် ဧည့်သည်များအတွက် ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Sule Shangri-La Hotel အနေဖြင့် စီးပွားရေး အခြေအနေ ပြန်လည်ကောင်းမွန်လာပါက ကိုးလအတွင်း ပြန်လည်ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

Sule Shangri-La Hotel နှင့် reservation ရှိထားသော ဧည့်သည်များအားလုံးအား တစ်ဦးချင်းစီ ဆက်သွယ် သွားမည်ဖြစ်ပြီး cancellation အတွက် ဧည့်သည်မှ ပေးချေရန် မလိုကြောင်း အသိပေးထားသည်။

ထို့ပြင် အဆိုပါ ဆုံးဖြတ်ချက်ကြောင့် အကျိုးသက်ရောက်မည့် ဝန်ထမ်းများအားလုံးအတွက် အတတ် နိုင်ဆုံး ကူညီပေးသွားမည် ဖြစ်ကြောင်းနှင့် ပိတ်ထားသည့် ကာလအတွင်း ဝန်ထမ်းအနည်းငယ်မှအပ ကျန်ရှိသော ဝန်ထမ်းအားလုံး အလုပ်လာရန် မလိုဘဲ ခွင့်မဲ့ပျက်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ဝန်ထမ်းအားလုံး လစာ၏ တစ်စိတ်တစ်ပိုင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု အကျိုးခံစားခွင့် အပြည့်အဝ ဆက်လက်ထားရှိ ပေးသွားမည်ဖြစ်ကြောင်းနှင့် ဤသည်မှာ မြန်မာ့ဟိုတယ်ဝန်ထမ်း အလုပ်အကိုင် အခြေအနေအား ထည့်သွင်းစဉ်းစား၍ ဟိုတယ်ဝန်ထမ်းများအား ကြည့်ရှုစောင့်ရှောက်ပေးခြင်း ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

Sule Shangri-La Yangon Hotel အနေဖြင့် လွန်ခဲ့သော ၂၅ နှစ်အတွင်း လာရောက်ခဲ့သော ဧည့်သည်များနှင့် လုပ်ဖော်ကိုင်ဖက်များ အားလုံးအား အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပြီး Sule Shangri-La Hotel ကို ၂၀၂၁ ခုနှစ် နောက်ဆုံးသုံးလတွင် ပြန်လည်ဖွင့်လှစ်သွားရန် မျှော်လင့်ထားကြောင်း သိရသည်။

Leave a Reply