မြန်မာနိုင်ငံရဲ့ ဒေသ ၆ ခု အချိန်အခါမဟုတ် မိုးကြီးမည်

Local News

လေထု မငြိမ်မသက်ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအချို့အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။ မြန်မာနိုင်ငံအတွင်းသို့ ပြင်ပမှ တိုးဝင်လာနေသည့် လေအေးများကြောင့် ဒေသအများစုတွင် လေထုမငြိမ်မသက်ဖြစ်ပေါ်နေ၍ အချိန်အခါမဟုတ် မိုးရွာသွန်းမည့် သတိပေးချက် ထုတ်ပြန်ခြင်းဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ လတ်တလောရာသီဥတု အခြေအနေအရ ကချင်၊ ရှမ်းနှင့်ကယားပြည်နယ်၊ မန္တလေး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးရွာနိုင်တယ်လို့ သတိပေးထားပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှ ၂၀ ရက်အတွင်း မိုးရွာနိုင်မည့်အခြေအနေကိုမိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြိုတင်ခန့်မှန်းထားရာ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်သည် ကျန်ဒေသ များထက် မိုးပိုရွာနိုင်ကြောင်း သတိပေးထားပါတယ်။ ဆောင်းရာသီအတွင်းအချိန်အခါမဟုတ် မိုးရွာသွန်းပါက သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးမှု ကြုံတွေ့နိုင်သောကြောင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ထားရန် စိုက်ပျိုးရေးဦးစီး ဌာနက သတိပေးထားပါတယ်။

Leave a Reply