တပ်မတော် သတင်းမှန် ပြန်ကြားရေး Pageကို Facebook ဖယ်ရှား

Local News

တပ်မတော် သတင်းမှန် ပြန်ကြားရေး Pageကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း Facebookက အတည်ပြု ကြေညာခဲ့ပါတယ်။

မန္တလေးမြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အင်အားသုံး ပစ်ခတ် ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြ ပြည်သူနှစ်ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်အပြီး နောက်တစ်နေ့မှာပဲ အဲဒီ Pageကို Facebookက ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။ ကမ္ဘာကျော် လူမှုကွန်ရက် မီဒီယာကြီးက တပ်မတော် သတင်းမှန် ပြန်ကြားရေး Pageဟာ ဆူပူအကြမ်းဖက်မှုနဲ့ ဘေးအန္တရာယ် ကျရောက်စေမှုတွေကို မလှုံ့ဆော်သင့်ဘူးဆိုတဲ့ Facebookရဲ့ စည်းမျဉ်း သတ်မှတ်ချက်တွေကို ချိုးဖောက်ခဲ့ကြောင်း ကြေညာပါတယ်။

Facebookရဲ့ နိုင်ငံတကာ မူဝါဒတွေထဲမှာ ဆူပူအကြမ်းဖက်မှု၊ ဘေးအန္တရာယ် ကျရောက်နိုင်မှုတွေ ဖြစ်သွားအောင် လှုံ့ဆော်တာတွေ မလုပ်ဖို့ တားမြစ်ထားပေမယ့် မလိုက်နာဘဲ အကြိမ်ကြိမ် ချိုးဖောက်နေတာကြောင့် တပ်မတော် သတင်းမှန် ပြန်ကြားရေး Pageကို ဖယ်ရှားလိုက်ပြီလို့ ကုမ္ပဏီရဲ့ ကိုယ်စားလှယ် တစ်ဦးက ပြောကြားသွားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ် 

ဒါကြောင့် ဖေဖော်ဝါရီ ၂၁ ရက်ကစလို့ Facebookပေါ်မှာ တပ်မတော် သတင်းမှန် ပြန်ကြားရေး Page မရှိတော့ပါဘူး။ Reuters သတင်းဌာနက ဒီကိစ္စကို ဖုန်းဆက်သွယ် မေးမြန်းပေမယ့် တပ်မတော်ဖက်က ဘာမှ အကြောင်းမပြန်သေးဘူးလို့ ဆိုပါတယ်။

Facebookဟာ မြန်မာနိုင်ငံက လူမှုအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ ချိတ်ဆက်ပြီး အွန်လိုင်းပေါ်က အမုန်းစကား ဖြန့်ဝေမှုတွေကိုလည်း ထိထိရောက်ရောက် ချိုးနှိမ် တားဆီးဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။ ၂၀၁၈ တုန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက် အရာရှိကြီးတွေနဲ့ အဖွဲ့အစည်းကို Facebook အသုံးပြုခွင့် ပိတ်ပင်ခဲ့ဖူးပါတယ်။ ပြီးတော့ တပ်နဲ့ ဆက်စပ်တယ်လို့ ယုံကြည်ရတဲ့ အကောင့်တွေ၊ Pageတွေ ရာဂဏန်းလောက်ကိုလည်း ဖျက်ပစ်ခဲ့ပါတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကလည်း Facebookဟာ စစ်ဘက်က ကိုင်တွယ်နေတဲ့ အကောင့်တုနဲ့ Pageပေါင်း ၇၀ လောက်ကို ဖယ်ရှားလိုက်ကြောင်း ကြေညာခဲ့ဖူးပါတယ်။

Leave a Reply