ကိုတေဇာဆန်းပြောတဲ့ စစ်အာဏာရှင်ဖယ်ရှားရေး NUGကိုထောက်ခံပေး

Local News

ကိုတေဇာဆန်းပြောတဲ့ စစ်အာဏာရှင်ဖယ်ရှားရေး NUGကိုထောက်ခံပေး

အခုတင်ဆက်ပေးမယ့် အကြောင်းအရာကတော့ ကိုတေဇာဆန်းပြောတဲ့ စစ်အာဏာရှင်ဖယ်ရှားရေး NUGကိုထောက်ခံပေး လှုပ်ရှားမှုအကြောင်းပဲ ဖြစ်ပါတယ်။

အထူးအရေးပါသည့်_နိုင်ငံကိုယ်စားပြုခွင့်တိုက်ပွဲ CredentialChallengeCampaign
စစ်အာဏာရှင်ဖယ်ရှားရေး_NUGကိုထောက်ခံပေး

ကျနော်တို့ နိုင်ငံအတွက် အင်မတန် အရေးကြီးတဲ့၊ ကမ္ဘာ့အလယ် မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုခွင့် (Credential) အခွင့်အရေးကို ကျနော်တို့ ပြည်သူတွေ ထောက်ခံယုံကြည်တဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရရှိရေးအတွက် ကျနော်တို့တွေအားလုံး အတူတကွ နိုင်ရာကဏ္ဍကနေ တိုက်ပွဲဝင်ကြပါစို့။

ယခုလာမယ့် စက်တင်ဘာလလယ် ၂၀၂၁ ခုမှာ ကျင်းပမယ့် ကမ္ဘာကုလသမဂ္ဂ အထွေထွေညီလာခံကြီး (UN General Assembly) မှာ စဉ်းစားဆုံးဖြတ်မယ့် “နိုင်ငံကိုယ်စားပြုခွင့် (Credential Issue)” ကိစ္စဟာ ကျနော်တို့ မြန်မာပြည်သူလူထုအတွက်၊ နွေဦးတော်လှန်ရေးအတွက် အင်မတန် အရေးကြီးလှပါတယ်။

ဒါ့ကြောင့် ဒီ “နိုင်ငံကိုယ်စားပြုခွင့်” အကြောင်း အနည်းငယ် မျှဝေဆွေးနွေးပါရစေခင်ဗျား။

၁။ ကမ္ဘာ့ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုခွင့်ဆိုတာ ဘာလဲ။

ကမ္ဘာ့ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုခွင့်ဆိုတာကတော့ သက်ဆိုင်ရာနိုင်ငံ အစိုးရများက မိမိတို့ကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ခန့်အပ်လိုက်တဲ့ အမြဲတမ်းကိုယ်စားလှယ် (ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး) နဲ့ သံကိုယ်စားလှယ်တွေကို တရားဝင်ကိုယ်စားလှယ်တွေအဖြစ် ကုလသမဂ္ဂအဖွဲ့အစည်းကြီးက လက်ခံအသိအမှတ်ပြုတာကို ဆိုလိုတာပါ။

၂။ ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုခွင့်က ဘာကြောင့်အရေးကြီးတာလဲ။

ဒီကိစ္စဟာ သိပ်ကို အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို မိမိတို့စေလွှတ်တဲ့ သံတမန် ကိုယ်စားလှယ်များကို အသိအမှတ်ပြုခြင်းဟာ စေလွှတ်တဲ့အစိုးရကို “တရားဝင် အစိုးရ” အဖြစ် အသိအမှတ်ပြုတဲ့ သဘောဖြစ်ပါတယ်။

နောက်ပြီး အခုလိုအသိအမှတ်ပြုလိုက်တဲ့အတွက် ခန့်အပ်ထားတဲ့ အမြဲတမ်းကိုယ်စားလှယ်နဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ကုလသမဂ္ဂရဲ့ အစည်းအဝေးတွေ ညီလာခံတွေမှာ တရားဝင်တက်ရောက်ခွင့်နဲ့ တရားဝင်ပြောရေးဆိုခွင့်ရရှိပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ ပါဝင်မဲပေးဆုံးဖြတ်ပိုင်ခွင့်လဲ ရှိလာပါတယ်။ ဒါ့အပြင် တခြားနိုင်ငံက အစိုးရတွေနဲ့ ကုလသမဂ္ဂဌာနတွေကို တရားဝင်ဆက်သွယ် ပြောဆိုခွင့်ရလာပါတယ်။

၃။ ဒီလို နိုင်ငံကိုယ်စားပြုခွင့်အတွက် ဆုံးဖြတ်ဖို့ တာဝန်ရှိတဲ့ ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီ (Credential Committee) မှာ ဘယ်သူတွေ ပါသလဲ။

နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာကော်မတီဆိုတာဟာ နိုင်ငံတွေက တင်သွင်းလာတဲ့ ကိုယ်စားလှယ်စာရင်းတွေကို စစ်ဆေးကြည့်ရှုတဲ့ ကော်မတီဖြစ်သလို ကိုယ်စားလှယ် တင်သွင်းလာမှုနဲ့ ပတ်သက်ပြီး အထွေထွေညီလာခံထံ အကြံပြုချက်တွေ တင်ပြပေးရပါတယ်။ နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာကော်မတီမှာ အဖွဲ့ဝင်နိုင်ငံ (၉) နိုင်ငံ ပါဝင်ပါတယ်။

အမြဲတမ်းအဖွဲ့ဝင် (၃) နိုင်ငံကတော့ ရုရှ၊ တရုတ်နှင့် အမေရိကန်တို့ဖြစ်ပြီး ကျန်တဲ့ အလှည့်ကျအဖွဲ့ဝင် (၆) နိုင်ငံကိုတော့ နှစ်စဉ်နှစ်တိုင်း ရွေးချယ်တင်မြှောက်လေ့ရှိပါတယ်။

ဒီကော်မတီမှာ ပါတဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ (၃) နိုင်ငံဟာ လုံခြုံရေးကောင်စီမှာလို ဗီတိုအာဏာမရှိပါဘူး။ ကိစ္စတခုခုနဲ့ပတ်သက်လို့ မဲခွဲဆုံးဖြတ်ရင် တနိုင်ငံတမဲသာပေးရပြီး မဲအနည်းအများနဲ့ ဆုံးဖြတ်ပါတယ်။ ဒီကော်မတီ၏ လက်ရှိဥက္ကဋ္ဌကတော့ မော်ဒိုက်ဗ်နိုင်ငံ ဖြစ်ပါတယ်။

၄။ တကယ်လို့ နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာကော်မတီကို ကိုယ်စားလှယ်တင်သွင်းတဲ့စာရင်းက တခုထက်ပိုပြီး အပြိုင် တင်သွင်းလာကြရင် ဘယ်လိုလုပ်မလဲ။ (အခု ကျနော်တို့ မြန်မာနိုင်ငံဆိုရင်လည်း ဒီလို ဖြစ်တော့မှာပါ။ အကြမ်းဖက်စစ်ကောင်စီကလည်း သူ့ကိုယ်စားလှယ်အဖွဲ့ကို အမည်စာရင်းတင်သွင်းမှာ ဖြစ်သလို ကျနော်တို့ NUG ကလည်း မိမိတို့ ကိုယ်စားလှယ်အဖွဲ့ကို တင်သွင်းမှာပါ)

နိုင်ငံကိုယ်စားပြုခွင့်ဆိုင်ရာ ကော်မတီရဲ့တာဝန်ဟာ အဆိုပြုတင်သွင်းလာတဲ့ အမည်စာရင်းတွေကို လေ့လာဖတ်ရှုပြီး ပြဿနာရှိမရှိ အငြင်းပွားဖွယ်ရာရှိမရှိတို့ကို ထည့်သွင်းစဉ်းစားရပါတယ်။

တကယ်လို့ တင်သွင်းလာတဲ့ကိုယ်စားလှယ်စာရင်းက တခုထက်ပိုလာပြီဆိုရင် (ဥပမာ- အာဏာသိမ်းခံရတဲ့အစိုးရနဲ့ အာဏာသိမ်းအစိုးရ၊ ရွေးကောက်ခံအစိုးရနဲ့ အာဏာသိမ်း စစ်တပ်၊ ပြည်တွင်းအစိုးရနဲ့ အဝေးရောက်အစိုးရ စသည်ဖြင့်) ကော်မတီရဲ့ လုပ်ဆောင်မှုကတော့ နှစ်ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ ကော်မတီအတွင်းမှာဘဲ ဆုံးဖြတ်ချက်ချမှတ်ပြီး ဆုံးဖြတ်တာပါ။ လိုအပ်ရင် မဲခွဲဆုံးဖြတ်နိုင်ပါတယ်။ ကော်မတီဝင် (၉) နိုင်ငံမှာ တစ်နိုင်ငံ မဲတစ်မဲနှုန်းနဲ့ မဲပေးကြပါတယ်။

သက်ဆိုင်ရာနိုင်ငံရဲ့ ကိုယ်စားပြုခွင့်နဲ့ပတ်သက်တဲ့ ကော်မတီ ဆုံးဖြတ်ချက်ကို အစီရင်ခံစာအဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံထံ ပေးပို့ပါတယ်။ ကော်မတီကနေ တင်သွင်းလာတဲ့ အစီရင်ခံစာမှာပါတဲ့ ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံကြီးမှာ လက်ခံ၊ မခံ ထပ်ပြီးဆွေးနွေးပါတယ်။ လက်ခံတယ်ဆိုရင် အတည်ပြုသာသက်သက်ဖြစ်ပေမဲ့ တကယ်လို့ ကော်မတီက တင်သွင်းလာခဲ့တဲ့ဆုံးဖြတ်ချက်အတိုင်း သဘောမတူရင်တော့ ပြောင်းလဲဖို့အတွက် အထွေထွေညီလာခံမှာ ကုလအဖွဲ့ဝင် နိုင်ငံတွေအားလုံးက မဲခွဲဆုံးဖြတ်ပါတယ်။ မဲများတဲ့ဖက်က အဆိုကို အတည်ပြုပါတယ်။

၅။ လာမယ့် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကိုယ်စားပြုခွင့်ကိစ္စက ဘယ်လို ဖြစ်နိုင်ချေအလားအလာတွေ ရှိသလဲ။

မြန်မာနိုင်ငံအတွက် ဖြစ်တန်ခြေ အနေအထား (၃) မျိုးရှိပါတယ်-

(၁) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံအသိအမှတ်ပြုခြင်း

(၂) စစ်ကောင်စီက စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံအသိအမှတ်ပြုခြင်း

(၃) Deferral of Consideration လို့ခေါ်တဲ့ အပြိုင်တင်သွင်းလာတဲ့ ကိုယ်စားလှယ်နှစ်ဘက်စလုံးကို ချက်ချင်းမဆုံးဖြတ်ဘဲ ဆိုင်းငံ့ထားပြီး အချိန်တစ်ခုယူပြီး ဆက်လက်သုံးသပ်ခြင်းတို့ ဖြစ်ပါတယ်။

(ဒီလို ဖြစ်တန်ခြေပုံစံ ၃ အချိန်ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ နောက်ဆက်တွဲ ဖြစ်တန်ခြေ နှစ်မျိုးရှိနိုင်ပြန်ပါတယ်။ လက်ရှိအသိအမှတ်ပြု၊ လက်ခံထားတဲ့ အမြဲတမ်းကိုယ်စားလှယ် (ဦးကျော်မိုးထွန်း) ကိုပဲ ဆက်လက်အသိအမှတ်ပြုမှာလား၊ သို့မဟုတ် သူ့ကို အသိအမှတ်မပြုတော့ဘဲ မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်နေရာကို လစ်လပ်ဆိုပြီးပဲ ထားမှာလားဆိုတာ နှစ်မျိုး ဖြစ်ပါတယ်)

၆။ ကျနော်တို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံကြီးက တရားဝင်အသိအမှတ်ပြုဖို့ ကျနော်တို့ ပြည်သူတွေ ဘာလုပ်နိုင်မလဲ။ (ကျနော်တို့ အားကိုးယုံကြည်တဲ့ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ NUG အစိုးရ၊ CRPH လွှတ်တော် စတဲ့အဖွဲ့အစည်းတွေကလည်း ဒီအရေးအတွက် အစွန်းကုန် ဆောင်ရွက်နေကြမှာပါပဲ။ ဒီမှာတော့ ကျနော်တို့ ပြည်သူတွေအနေနဲ့ ဘာတွေ ဆောင်ရွက်ကြမလဲဆိုတာကို အလေးပေး ဆွေးနွေးလိုပါတယ်)

အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့အစိုးရမဟုတ်ကြောင်း၊ အာဏာသိမ်းအကြမ်းဖက်သမားတွေသာ ဖြစ်ကြောင်းကို ကျနော်တို့ ခိုင်ခိုင်မာမာ၊ စဉ်ဆက်မပျက် ဖော်ထုတ်ပြသနေဖို့ လိုအပ်ပါတယ်။

နောက်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ ကျနော်တို့ ပြည်သူလူထုက အသိအမှတ်ပြု ထောက်ခံကြောင်း လှုပ်ရှားမှုတွေကို ကျနော်တို့ အရှိန်အဟုန်မြှင့်လုပ်ဆောင်နေဖို့ လိုအပ်ပါတယ်။ ဒီလှုပ်ရှားမှုကမ်ပိန်းတွေကို အခုကစပြီးတော့ စက်တင်ဘာလ ကုလအထွေထွေညီလာခံအချိန်ထိ တောက်လျောက်ဆောင်ရွက်နေကြရမှာ ဖြစ်ပါတယ်။

ဒီအတွက် NUG ကိုထောက်ခံကြောင်းပြသတဲ့ လူထုလှုပ်ရှားမှုကမ်ပိန်းတွေ များစွာ ဆောင်ရွက်နိုင်ပါတယ်။

ဥပမာ-

– စစ်ကောင်စီကို လက်မခံကြောင်း၊ NUG ကိုသာ ထောက်ခံကြောင်း မိမိတို့ အဖွဲ့အစည်းအလိုက်၊ ပါဝင်တဲ့ တပ်ပေါင်းစုအင်အားများအလိုက် သဘောထားကြေညာချက်တွေ ထုတ်ပြန်ခြင်း၊ သံရုံးနဲ့ ကုလအဖွဲ့အစည်းတွေကို ပေးပို့ခြင်း၊

– ပြည်သူလူထုရဲ့ လက်မှတ်ပေါင်းများစွာကို စုဆောင်းကောက်ခံပြီး သက်ဆိုင်ရာကို ပေးပို့တဲ့ Signature Campaign များ ဖော်ဆောင်ခြင်း

– စစ်ကောင်စီကို ဆန့်ကျင်ကြောင်း၊ NUG ကို ထောက်ခံကြောင်း ပြသတဲ့ လူထုသပိတ်တိုက်ပွဲတွေ၊ လူထုစုရုံးစည်းဝေးပွဲတွေ ဖော်ဆောင်ခြင်း၊ စသည်

ဒါ့အပြင် ကျနော်တို့အနေနဲ့ လူမှုကွန်ရက်တွေမျိုးစုံ (ဥပမာ၊ Twitter, Facebook) တွေမှာလည်း ဒီအတွက် ကမ်ပိန်း Campaign မျိုးစုံကို စနစ်တကျ ဖော်ဆောင်ကြဖို့ လိုပါတယ်။ လူထုကို လွှမ်းမိုးမှုရှိတဲ့ သတင်းမီဒီယာများမှတဆင့်လည်း သတင်းစကား ပြောတာ၊ တိုက်တွန်းနှိုးဆော်တာတွေကို လုပ်ဆောင်သင့်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာမှာ ထင်ရှားပြီး ဂုဏ်သိက္ခာကြီးတဲ့ သတင်းမီဒီယာကြီးတွေရဲ့ ထောက်ခံမှုရအောင် ကျနော်တို့ ဆောင်ရွက်ဖို့လိုပါတယ်။

နိုင်ငံတကာရောက် မြန်မာအရေးလှုပ်ရှားသူများအနေနဲ့ မိမိတို့ရောက်ရှိနေသောနိုင်ငံ၏ အစိုးရပိုင်း၊ လွှတ်တော်ပိုင်း စတဲ့တာဝန်ရှိသူများကို စည်းရုံးချိတ်ဆက်ပြီး ကုလသမဂ္ဂမှာ အကြမ်းဖက် စစ်ကောင်စီကို မထောက်ခံရေး၊ NUG ကိုသာ ထောက်ခံရေးအတွက် တင်ပြပေးဖို့လည်း အလွန်အရေးကြီးပါတယ်။

နိုင်ငံတကာက ထင်ရှားပြီး လူသိများတဲ့ လူပုဂ္ဂိုလ်များနဲ့ နိုင်ငံခေါင်းဆောင်ဟောင်းများအား ချဉ်းကပ်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ရာဇဝတ်ကျုးလွန်နေမှုများပေါ် ပြင်းထန်စွာ ရှုတ်ချကာ မြန်မာပြည်သူများအတွက် နိုင်ငံတကာက ဝိုင်းဝန်းကူညီကာကွယ်ပေးဖို့အတွက် တိုက်တွန်းလာအောင် လုပ်ဆောင်ကြရပါမယ်။

ကျနော်တို့ ပြည်သူလူထုများအနေနဲ့ သက်ဆိုင်ရာ အခြားနိုင်ငံများမှ မိမိတို့ Counterpart များ-

ဥပမာ၊ ပြည်သူမှ ပြည်သူသို့ (People to People)
နိုင်ငံရေးပါတီများမှ နိုင်ငံရေးပါတီများသို့ (Party to Party)
အရပ်ဖက်အဖွဲ့အစည်းများမှ အရပ်ဖက်အဖွဲ့အစည်းများ (CSOs to CSOs) သို့ ချိတ်ဆက်ပြီး လိုအပ်သလို နှိုးဆော်တိုက်တွန်းပေးကြရပါမယ်။

ဒီကုလသမဂ္ဂညီလာခံမှာ NUG က သံကိုယ်စားလှယ်ကို အသိအမှတ်ပြု၊ လက်ခံလိုက်ရုံနဲ့ ကျနော်တို့ နွေဦးတော်လှန်ရေး အောင်မြင်သွားမှာလား၊ အကြမ်းဖက် စစ်ကောင်စီက ပြုတ်ကျသွားမှာလားလို့ မေးခွန်းရှိနိုင်ပါတယ်။

ဟုတ်၊ ဒါနဲ့တော့ တော်လှန်ရေးကြီး မအောင်မြင်သေးပါဘူး၊ စစ်ကောင်စီ ပြုတ်မှာ မဟုတ်သေးပါဘူးလို့ပဲ ဆိုချင်ပါတယ်။ သို့သော် ကျနော်တို့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ရာအတွက် ဒီ Credential issue ဟာ နိုင်ငံတကာ သံခင်းတမန်ခင်းမှာ အရေးအကြီးဆုံး စစ်မျက်နှာစာ တိုက်ပွဲတစ်ခုလို့ပဲ ပြောလိုပါတယ်။

တော်လှန်ရေးကြီး တစ်စုံလုံး အောင်မြင်ဖို့ရာမှာ အရေးအကြီးဆုံးနဲ့ ပဓာနအကျဆုံးကတော့ ပြည်တွင်းအင်အားပါပဲ၊ ကျနော်တို့ ပြည်သူလူထုရဲ့ သွေးစည်းညီညွတ်မှုပါပဲ။ ပြည့်အင်အားဟာ ပြည်တွင်းမှာပဲ ရှိစမြဲမို့လား။

#တစ်ယောက်အားဖြင့်ယူသော်မရ_တစ်သောင်းအားဖြင့်ယူသော်ရ #WeSupportNUG
#AcceptNUG #RejectSAC #TakeAction #NoMoreWords
#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည် #အရေးတော်ပုံ_အောင်ရမည်

ရေးသားသူ Dr. Tayzar San

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply