အကျင့်ပျက်ဘဏ်ဝန်ထမ်းတွေကြောင့် လည်သူစားတမ်းခေတ်ကို ပြန်သွားနေပြီလား

Local News

အကျင့်ပျက်ဘဏ်ဝန်ထမ်းတွေကြောင့် လည်သူစားတမ်းခေတ်ကို ပြန်သွားနေပြီလား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကျင့်ပျက်ဘဏ်ဝန်ထမ်းတွေကြောင့် လည်သူစားတမ်းခေတ်ကို ပြန်သွားနေပြီလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အထက် အာဏာပိုင်အဖွဲ့အစည်းက အမိန့်တစ်ခုထွက်လာတိုင်း ဟာကွက်ကို စောင့်ကြည့်နေတဲ့ လုပ်စားအခွင့်အရေးသမားတွေက ကောက်ဆွဲစားသွားတာချည်းဘဲ။ Customer ဖြစ်တဲ့ အများစုကတော့ ခါးစည်းကာ ခံပေရော့ဘဲ။

ခုလည်း သိန်း ၂၀၀ အထက် ကားတွေကို အရောင်းအဝယ်လုပ်ရင် Bank Transfer နှင့် လုပ်ရမယ် စာထွက်လာတယ်။ ဒီ့အရင်က အိမ်ခြံမြေ ဝယ်ရောင်းမှာ ဘဏ်စနစ်နှင့် လုပ်ကြဘို့ အမိန့်ထွက်ခဲ့တယ်။

လိုက်နာကြသလား… ဘယ်လိုကျော်ခွကြသလား… ဘယ်လိုကျော်ခွကြသလဲဆိုတာ ကျုပ်လည်းအဲဒီလောကကမဟုတ်လို့ မသိဘူး။ ကျုပ်သိတဲ့ ကိုယ်တွေ့ဥပမာတစ်ခုဘဲ ပြောပါ့မယ်။ ပြီးခဲ့တဲ့ ၃ လက ကျုပ်အလုပ်တစ်ခု လုပ်ခဲ့တယ်။

၁။ လစာက US ဒေါ်လာဆိုပေမဲ့ ပေါက်ဈေးနှင့်ပေးမှာ။ ပေါက်ဈေးဆိုတာကလည်း ဗဟိုဘဏ်က သတ်မှတ်တဲ့ နေ့စဉ်ပေါက်ဈေးပေါ့။ 1 USD ကို 1780 ဝန်းကျင် နှင့်ပါ။ အိုကေ လက်ခံနိုင်တဲ့ အချက်ပါဘဲ။

၂။ လစာကို လကုန်တိုင်း Cash ပေးမှာ မဟုတ်ဘဲ Bank Account လုပ်ပြီး အဲဒီအထဲထည့်ပေးမှာ။ လင်မယား ဂျွိုင့်အကောင့်ထဲတော့ ထည့်မရ။ E.banking နှင့်ပေးမှာမို့တဲ့။ ဒါလည်း လက်ခံနိုင်တယ်။ ပိုတောင်ကောင်းသေး။ ကုမ္ပဏီက ပိုက်ဆံဝင်မဝင် မိမိဖုန်းနှင့် Mobile banking account ထဲဝင်ကြည့်လိုက်ရုံဘဲ။ ဒီအကောင့်ကနေ လှူချင်တာ၊ ဈေးဝယ်ချင်တာတွေ အလွယ်တကူလုပ်လို့ ရသလေ။

မိမိ လုပ်နေစဉ်အတွင်း အိမ်ကို မပို့ဖြစ်ပေမဲ့ အခြားလိုအပ်တဲ့ နေရာတွေ ပို့ဖြစ်ခဲ့တယ်။ ၃ လ အလုပ်လုပ်ပြီး ပြန်ထွက်လာတော့ မိမိလစာလက်ကျန်ထဲက ငွေ ၁၀ သိန်းလောက်ထုတ်ချင်လို့ ဘဏ်ကို သွားတယ်။

“ဘာအကူညီ ပေးရမလဲရှင့်” “ငွေ ၁၀ သိန်းလောက် ထုတ်ချင်လို့ပါ” “ဘဏ်စာအုပ် ခဏပြပါရှင်” “ရော့သမီး၊ အဲဒီအထဲမှာတော့ ဘလင့်ချည်းပါဘဲ။ စစ်ကြည့်ရင်တော့ အဝင်အထွက်စာရင်းတွေရှိပါတယ်။ တစ်ခါမှ ဘဏ်ကို လာမထုတ်ဘူးဘူးလေ” ကျုပ်က ဖုန်းထဲက AYA bank account ကို Log ဝင်ရင်း သူ့ကိုပြလိုက်တယ်။

“ခဏနော်။ မန်နေဂျာကို ပြကြည့်လိုက်ပါ့မယ်။” ဘာစာရင်းရှင်းတမ်းမှ မရေးသွင်းရသေးတဲ့ ကျုပ်ဘဏ်စာအုပ်ကို သူယူသွားတယ်။ တအောင့်နေတော့ သူပြန်လာတယ်။

“ ၃ သိန်း ရမယ်။ ဒီနေ့ဘွတ်ကင်တင်ခဲ့မလား၊ တင်ခဲ့ရင် သောကြာနေ့မှာ ရမယ်” “ ဟာ…..၃ သိန်းဘဲရမယ်။ mobile နှင့်တောင် ၁၀ သိန်း လွှဲရနေတာ၊ ၃ သိန်းက မနည်းလွန်းဘူးလား။ ဒီနေ့ကော မရနိုင်ဘူးလား”

“အန်ကယ်က အသက် ၆၀ ကျော်နော်။ အသက် ၆၀ ကျော်မို့ တစ်ခါတည်း ဘွတ်ကင်နံပါတ်ချက်ချင်း လုပ်ပေးတာပါ။ တစ်ပါတ်ကို ၃ သိန်း ရမယ်လေ” ကျုပ်ပိုက်ဆံကျုပ် ကိုယ်တိုင်ထုတ်တာတောင် ချက်ချင်းမရ။ လိုသလောက်မရ။

ကျုပ်အခုမှ သိသဗျ။ ကျုပ်ဘဏ်တွေဖက်ကို မရောက်တော့တာ ကိုဗစ်ရောဂါတွေ မြန်မာပြည်ကို ပျံ့နှံ့လာကတည်းပါ။ ဒါ့ကြောင့် ဘဏ်ဗဟုသုတ တော်တော်နည်းသွားခဲ့တာ။

ချွေးမကို သိန်း ၂၀ အေရာကနေ ပို့ထားတာ သိပ်မကြာသေး။ လက်ရှိအဖြစ်တွေ လူငယ်တွေက ပိုသိတယ်။ “အဖေပို့လိုက်တဲ့ သိန်း ၂၀ သမီးဘယ်လို ထုတ်ယူလည်းဟ။ ဘဏ်ဝန်ထမ်းကို လတ်ထိုးပြီး ထုတ်တာလား”

“အေယာပေး (AYA Pay) နှင့် ထုတ်တယ်လေ။ ဘယ်အချိန်ထုတ်ထုတ်ရတယ်။ အေးဂျင့်က အိမ်ဘေးမှာဘဲဥစ္စာ။ လွယ်မှ လွယ်” “အဲဒီအတွက် ထရန်စဖါချာ့ဂျတော့ပေးရမှာပေါ့။ များလား”

ကျုပ်ချွေးမ ဇက်ပု ဝင် သွားရင်း.. “ဒါကတော့ ထုံးစံအတိုင်း ရာခိုင်နှုန်းပေးရတယ်။ ၃ ရာခိုင်နှုန်း ပေးရတယ်” “ဟာ….နင့်မေကလွှား….သိန်း ၂၀ ဆို ၆ သောင်းတောင် ပေးပြီးထုတ်ရတာပေါ့” “ဟုတ်တယ် အဖေရ။ အရင်ကဆို ခွန်နရာခိုင်နှုန်းတောင် ပေးထုတ်ကြရတာ။”

ဘဏ်စနစ်အားနည်းချက်ကြောင့် ဒါတွေ ဖြစ်နေတာပါလား။ ဒီအားနည်းချက်အပေါ်ကို ရိုက်စားကြမဲ့ သူတွေက ဘယ်သူတွေဖြစ်မလဲ။ ခံရတာတော့ လူထုပါ။

ကျုပ်ရတဲ့ ငွေက US နှင့်မြန်မာငွေ လဲနှုန်းမှာ နာတယ်။ လစာ အပေါ်ကနေ AYA Pay နှင့် ထုတ်ရတော့ ထပ်ဆင့်နာတယ်။ တစ်ပါတ်တစ်ခါ ၃ သိန်းရဘို့က ဘဏ်ကို ၂ ခါတောင်သွားရမယ်။

အပေါင်းအသင်းမင်တဲ့ကျနော်က ဘဏ်ချိန်းရက်ကို မေ့တာကများလို့ ခုအချိန်ထိ သွားမထုတ်ဖြစ်သေးပါ။ ကျုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီက Staff ကိုတော့ စာပို့မေးကြည့်မိတယ်။ “သမီးတို့ဆို လစာ ၃ သိန်းလေးလောက်ကို ၄% ပေး ထုတ်ကြရတာပါ” တဲ့ဗျာ။

အော် သူတို့ကိုလည်း Mobil banking စနစ်နှင့် ပေးတာပါလား။ အဲလိုဆိုရင်.. ATM စက်တွေက အလုပ်လုပ်လို့လား ဘဏ်ဝန်ထမ်းကို မေးကြည့်တော့ လုပ်ပါတယ်တဲ့။ ငွေစစ်ကြည့်လို့ရတယ်။ ATM ကနေ ငွေလွှဲလို့ရတယ်။ သို့သော် ငွေတော့ ထုတ်မရပါဘူး တဲ့။

ငွေထုတ်စက်က ငွေထုတ်မရမှတော့ ဘာသုံးစားရမလဲနော်။ လူတွေက ဘဏ်တွေကို ဘယ်လိုလုပ်ယုံကြည်ကြတော့မတုံး။ ဒါဆိုရင် ကျုပ်ဘဏ်ထဲက လက်ကျန်ငွေတွေက နေရင်းထိုင်ရင်း ပွပွလာ။

တန်ဘိုးကျလာယုံမက ကိုယ့်ငွေကိုထုတ်ရင်တောင် ၃ % ဖြစ်လို့ သိန်း ၁၀၀ ထုတ်ရင် ၃ သိန်းတောင် ဝန်ဆောင်စရိတ်ပေးနေရပါပကောလား။ သိန်း ၁၀၀ ကို ရင်းပြီး စီးပွါးရှာရင်တောင် ၃ ရာခိုင်နှုန်းမြတ်ဘို့ မလွယ်ပါဘူး။

တွက်ကြည့်စမ်းဗျာ.. သိန်း ၃၀၀ အရင်းပြုထားပြီး တစ်လကို ပုံမှန် ၉ သိန်း ဝင်နေတဲ့ အလုပ်တောင် ကျုပ်တော့ ရှာမတွေ့ဘူး။ ဒီလိုဆက်သွားနေရင် ခံကြရမှာက အောက်က နင်းပြားဘဝတွေပါ။

အကျင့်ပျက် ဘဏ်ဝန်ထမ်းတွေနှင့် အချိန်ကိုက်ပေါ်လာတဲ့ မန်းနီးအေးဂျင့်တွေကတော့ ဒီစနစ်ကို ကြိုက်နေကြမှာ အမှန်ပါ။

ရေးသားသူ – ဘီနို (မြောက်ဒဂုန်)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။