ရသေ့တောင်စစ်ရှောင်တချို့ ရိက္ခာပြတ်ပြီး ထမင်းတောင်းရမ်းစားနေရတယ်လို့ဆို

Local News

ရသေ့တောင်စစ်ရှောင်တချို့ ရိက္ခာပြတ်ပြီး ထမင်းတောင်းရမ်းစားနေရတယ်လို့ဆို
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ရသေ့တောင်စစ်ရှောင်တချို့ ရိက္ခာပြတ်ပြီး ထမင်းတောင်းရမ်းစားနေရတယ်လို့ဆို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၂ နိုဝင်ဘာ ၂၀၂၂

ရသေ့တောင်

ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်မြို့ပေါ်မှာ ခိုလှုံနေကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေဟာ ပိတ်ဆို့ခံရမှုတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။စစ်ရှောင်ဦးရေ သောင်းချီခိုလှုံနေတဲ့ ရသေ့တောင်မြို့နယ်ကို ကုန်းလမ်းရော၊ ရေလမ်းပါ စစ်ကောင်စီက ဖြတ်တောက်ထားသလို မြို့နယ်အတွင်း ကျေးရွာတွေအချင်းချင်းကိုလည်း ဆက်သွယ်သွားလာခွင့်တွေ ပိတ်ဆို့ထားပါတယ်။

အကူအညီတွေ ရပ်တန့်နေ

ရသေ့တောင်

အသွားအလာကန့်သတ်မှုတွေကြောင့် ဒေသခံတွေရော၊ စစ်ရှောင်တွေပါ အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။ ဘာအကူအညီမှမရတော့တဲ့ စစ်ရှောင်ဒုက္ခသည်တွေဟာ တစ်နေ့တာစားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ အများအပြား ရင်ဆိုင်နေကြရတယ်လို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။

သြဂုတ်လလယ်လောက်ကစလို့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီတွေဆက်မပေးဖို့ စစ်ကောင်စီက တားမြစ်ခဲ့တာပါ။

ဒေသတွင်း ပရဟိတအဖွဲ့တွေနဲ့ လူမှုကူညီရေးအဖွဲ့အစည်းတွေကိုလည်း အခုလိုတားမြစ်မှုတွေပြုလုပ်ထားပြီး စစ်ရှောင်တွေအကိုအညီပေးဖို့ အလှူငွေကောက်ခံတဲ့ အဖွဲ့အစည်းတချို့ကိုတောင် ခေါ်ယူခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရှောင်တွေဟာ သုံးလတာအတွင်း အကူအညီတွေဖြတ်တောက်ခံနေကြရသလို အပိုဝင်ငွေလည်းမရှိတဲ့အချိန် အလုပ်အကိုင်တွေကလည်း မလုပ်ကိုင်နိုင် ဖြစ်နေပါတယ်။
အခုအချိန်မတိုင်ခင်က ဒုက္ခသည်တွေရဲ့လက်ထဲမှာ ရိက္ခာဆန်တွေအနည်းအကျဉ်း ရှိနေသလို ထောက်ပံ့ပေးထားတဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း ရှိနေတဲ့အတွက် ရိက္ခာဆန်တွေကုန်တဲ့အခါမှာ ပစ္စည်းတွေကိုရောင်းချစားသောက်ပြီး ရပ်တည်နေခဲ့ကြတာဖြစ်ပါတယ်။

အခုအခါမှာတော့ ရောင်းချစားသောက်စရာတွေမရှိတော့တဲ့အတွက် တချို့မိသားစုတွေဆိုရင် မြို့တွင်းဝင်ပြီးတော့ ငတ်မွတ်နေတဲ့အကြောင်းပြောပြပြီး ထမင်းတောင်းစားနေရတဲ့အခြေအနေကို ရောက်နေကြပြီလို့ ဆိုပါတယ်။
“တချို့ကျလို့ရှိရင် လုပ်မယ့်ကိုင်မယ့်သူတွေလည်း မရှိကြ။ သူတို့ကျလို့ရှိရင် ဘယ်လိုမှစားစရာမရှိတော့ဘူး။ သူများတွေဆီမှာသွားပြီး ထမင်းတစ်နပ်စာလေးပေးပါဦး။ အဲ့ဒီအထိတောင်ဖြစ်နေကြပြီ”လို့ ပြည်လုံးချမ်းသာကယ်ဆယ်ရေးစခန်းမှာနေထိုင်တဲ့ စစ်ရှောင်အမျိုးသမီး ဒေါ်မိုးယေက ပြောပါတယ်။

စစ်ရေးအခြေအနေတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေပါတယ်။ ရခိုင်မြောက်ပိုင်းတစ်ခုလုံးဟာ တစ်ကျော့ပြန်တိုက်ပွဲတွေပြင်းထန်နေပြီး မြို့နယ်အားလုံးနီးပါး စစ်ကောင်စီရဲ့ ဖြတ်တောက်ပိတ်ဆို့မှုတွေနဲ့ ကြုံနေကြရတာပါ။

ဆောင်းအဝင်မှာ စောင်ရောင်းပြီးဆန်ဝယ်နေရ

ရသေ့တောင်
လတ်တလောမှာ စားသောက်စရာတွေမရှိပေမယ့် နေရပ်ကိုလည်းမပြန်နိုင်ကြတဲ့အတွက် သူတို့မှာရှိတဲ့ စောင်တွေနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကို ရောင်းချပြီး တနေ့တာထမင်းစားရဖို့အတွက်ကို ဖြေရှင်းနေကြရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုအချိန်ဟာ ဆောင်းဦးရာသီဖြစ်တဲ့အတွက် အအေးဓာတ်ပိုလာနေပြီဖြစ်သလို အနွေးထည်နဲ့ စောင်တွေကိုအဓိကထား ကူညီပေးရမယ့်အချိန်ပါ။ သို့သော်လည်း စစ်ကောင်စီရဲ့ တားမြစ်မှုတွေကြောင့် ဘယ်အဖွဲ့အစည်းကမှ သူတို့တွေကို သွားရောက်အကူအညီတွေမပေးရဲကြပါဘူး။

မကြာခင်မှာ ဒီထက်ပိုပြီး ချမ်းအေးလာတော့မှာဖြစ်ပေမယ့် လောလောလတ်လတ် ထမင်းစားဖို့က ပိုအရေးကြီးနေတာကြောင့် ရှိတဲ့စောင်ရောင်းပြီး ဝယ်စားနေရတာလို့ ပြောပါတယ်။

မနက်လင်းလို့ အိမ်မှာလည်းစားစရာမရှိသလို လက်ထဲလည်းဆန်ဝယ်ဖို့ ငွေမရှိတဲ့အခါ ရှိတဲ့စောင်တွေကိုယူပြီး မြို့ထဲဝင်ပြီး လိုချင်ချင် မလိုချင်ချင် အကျိုးအကြောင်းပြောပြပြီး ပိုက်ဆံရဖို့အတွက် အတင်းရောင်းချနေကြတာလို့ ဆိုပါတယ်။

စောင်တစ်ထည်ကို ရောင်းချတာ ကျပ် ၅ ထောင်၊ ၆ ထောင်လောက် ရလာရင် အဲ့ဒီငွေနဲ့ ဆန်၊ ငရုတ်၊ ငပိ၊ဆားကအစ လိုအပ်တာတွေကို လောက်ငအောင်ဝယ်ပြီး မိသားစုတွေမျှမျှတတ စားသောက်နေကြရတယ်လို့သိရပါတယ်။

ဒီလိုအခက်အခဲတွေနဲ့ကြုံနေကြရတာဟာ အသွားအလာတွေကို ကန့်သတ်လိုက်ချိန်ကတည်းကဖြစ်ပြီး အခုအခါမှာတော့ ပိုဆိုးတဲ့အခြေအနေကို ရောက်လာခဲ့တာပါ။

ရာသီဥတုအေးလာတော့မှာ ဖြစ်ပေမဲ့ စားရေးအတွက် ဦးစားပေးဖြေရှင်းနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ဖြတ်တောက်ပိတ်ဆို့မှုက ဒေသခံတွေကို ရိုက်ခတ်

စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာဟာ ရက္ခိုင့်တပ်တော် အေအေနဲ့ဖြစ်ပြီး တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က အေအေတပ်ဖွဲ့တွေကို ဖြတ်တောက်မှုတွေလုပ်ရာမှာ ဒေသခံတွေပါ ရောပြီး ပိတ်ဆို့ထားတဲ့အတွက် အခုလိုအခြေအနေဆိုးခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒုက္ခသည်တွေအပြင် ဖြတ်တောက်ပိတ်ဆို့မှုတွေကို မြို့ပြရော ကျေးလက်တွေမှာနေထိုင်တဲ့ ဒေသခံပြည်သူတွေအားလုံး ဆိုးဆိုးရွားရွား ခံနေကြရတယ်လို့ ပြောပါတယ်။

ရသေ့တောင်မြို့မှာရှိတဲ့ ဒုက္ခသည်တွေငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ကြုံနေကြရပေမယ့် အနီးစပ်ဆုံးမှာရှိကြတဲ့ မြို့ခံတွေလည်း သူတို့ကိုယ်တိုင်လည်း စားရေးသောက်ရေး ခက်ခဲနေတာကြောင့် အကူအညီ မပေးနိုင်ကြဘူးလို့လည်း ဆိုပါတယ်။

တကယ်တော့ အခုအချိန်ဟာ တောင်သူတွေစိုက်ပျိုးထားတဲ့ လယ်ယာစပါးခင်းတွေမှာ စပါးတွေရိတ်သိမ်းလို့ရတဲ့ကာလ ကောက်သစ်ပေါ်ချိန်ပါ။ ဒါပေမဲ့ ဒေသတွင်း စစ်ရေးအခြေအနေတွေ၊ မလုံခြုံမှုတွေကြောင့် စပါးခင်းတွေကို သွားပြီး မရိတ်သိမ်းနိုင်ကြပါဘူး။

တချို့ဒုက္ခသည်တွေမှာလည်း စပါးတွေကိုစိုက်ပျိုးထားကြပေမယ့် တစ်နေရာနဲ့တစ်နေရာ သွားလာခွင့်မရှိတာကြောင့် စပါးခင်းတွေကို ပစ်ထားပြီး အငတ်ဘေးနဲ့ကြုံနေကြရတာလို့ ရသေ့တောင်မြို့နယ် သောင်းတရားကျေးရွာသားတစ်ဦးက ပြောပါတယ်။

“အခုက သွားလာလို့မရတော့ အခြေအနေကပိုဆိုးတာပေါ့နော်။ ကျွန်တော်တို့ ရွာမှာနေတဲ့သူတွေထက် ဒုက္ခသည်စခန်းကလူတွေက ပိုပြီးအခက်အခဲကြုံနေကြရတာပါ။ စခန်းကို လူတစ်ယောက်ဝင်လာလို့ရှိရင် အကူအညီများလာပေးသလားဆိုပြီး မျှော်နေကြတာ။ စပါးတွေလည်းသွားရိတ်လို့မရတော့ ပိုဆိုးတာပေါ့”လို့ သူက ပြောပါတယ်။

ကုန်ဈေးနှုန်းကလည်း အရင်ထက် သုံးဆလောက်ပိုပြီး မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ပိုက်ဆံရှာဖို့အသက်အန္တရာယ်နဲ့နီးစပ်တဲ့အခြေအနေ

ရသေ့တောင်က ဒုက္ခသည်တွေဟာ မြစ်ချောင်းတွေ တောတောင်တွေနဲ့ နီးစပ်တဲ့နေရာတွေမှာ နေထိုင်နေကြတာဖြစ်ပေမဲ့ ငါးရှာဟင်းခူးတောင်သွားဖို့ အခြေအနေမပေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ရသေ့တောင်မြို့ကို စစ်ကောင်စီက ကုန်းလမ်းရေလမ်း ပိတ်ထား
ရသေ့တောင်မှာ တိုက်ပွဲဖြစ်လာနိုင်လို့ ဒေသခံ ထောင်နဲချီပြီးထွက်ပြေးနေ

တစ်မြို့နယ်လုံး အသွားအလာကန့်သတ် အမိန့်ထုတ်ပြန်ထားသလို မေယုမြစ်ထဲမှာလည်း စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေ ရှိနေပါတယ်။ စစ်ရေးအခြေအနေတွေကြောင့် လှေနဲ့ သွားလာတဲ့ချိန် ပစ်ခတ်ခံရမယ့် အန္တရာယ်ကို စိုးရိမ်နေကြရပါတယ်။မြေပြင် ခရီးလမ်းသွားလာရေးမှာလည်း မြို့အဝင်အထွက်နေရာတွေမှာ စစ်ကောင်စီဘက်က ဂိတ်တွေချထားပြီး မှတ်ပုံတင် စစ်ဆေးမှုတွေ ရှိနေတာ၊ မသင်္ကာသူတွေကို ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေတွေကြောင့် ဒေသခံတွေ ဆိုးရွားတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။