ဗီယက်နမ်နဲ့ ထိုင်းက အဝယ်လိုက်နေလို့ပြည်တွင်းမှာ ကြက်သွန်နီနဲ့ ငရုတ်ဈေးမြင့်တက် အရင်နှစ်ထက် ကြက်သွန်နီ ဈေး ၃ ဆ၊ ငရုတ်ဈေး ၅ ဆ ခန့်မြင့်တက်နေ

Local News

ဗီယက်နမ်နဲ့ ထိုင်းက အဝယ်လိုက်နေလို့ပြည်တွင်းမှာ ကြက်သွန်နီနဲ့ ငရုတ်ဈေးမြင့်တက် အရင်နှစ်ထက် ကြက်သွန်နီ ဈေး ၃ ဆ၊ ငရုတ်ဈေး ၅ ဆ ခန့်မြင့်တက်နေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဗီယက်နမ်နဲ့ ထိုင်းက အဝယ်လိုက်နေလို့ပြည်တွင်းမှာ ကြက်သွန်နီနဲ့ ငရုတ်ဈေးမြင့်တက် အရင်နှစ်ထက် ကြက်သွန်နီ ဈေး ၃ ဆ၊ ငရုတ်ဈေး ၅ ဆ ခန့်မြင့်တက်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကနေ တစ်နှစ်ပတ်လုံး ဝယ်လိုအားများလို့ ကြက်သွန်နီနဲ့ ငရုတ်ဈေးမြင့်နေပြီး ပြည်တွင်းစားသုံးသူတွေအတွက် ဈေးနှုန်းကြီးမြင့်နေပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာ အခက်အခဲတွေ ရှိနေပေမဲ့ ကုန်တင်ပို့မှုတွေကို အဆင်ပြေအောင် ဆောင်ရွက်ပြီး ကြိုးစားတင်ပို့နေကြတာမို့ ကြက်သွန်နီနဲ့ ငရုတ်တို့ဟာ ထိုင်းနဲ့ ဗီယက်နမ်ကို ဆက်လက်တင်ပို့နေရပြီး အခု အသစ်ပေါ်ချိန်ရောက်နေပေမဲ့ ဈေးမကျနိုင်သေးဘူးလို့ ကုန်သည်တွေက ဆိုကြပါတယ်။
နိုဝင်ဘာ ၂၂ ရက်မှာ ကြက်သွန်နီတစ်ပိဿာကို ၄၅၀၀ ကျပ်ခန့် ဈေးရှိပါတယ်။ ကြက်သွန်နီ အသစ်လည်း စပေါ်လာပြီ ဖြစ်ပြီး အသစ်တစ်ပိဿာကို ၃၅၀၀ ကျပ် ခန့်ရှိတယ်လို့ ကြက်သွန်ပွဲရုံတွေက သိရပါတယ်။
“နယ်မှာကို အသစ် ပေါက်ဈေး ၁၅၀၀ က ၂၈၀၀ ကြားရှိတယ်။ ရန်ကုန်ဘက်ကို အသစ်တွေ အဝင်များလာပြီး အဟောင်းနည်းသွားတော့မယ်။ ဗီယက်နမ် တောက်လျှောက်ဝယ်တာ။ ထိုင်းကလည်းဝယ်တယ်။ သူတို့နိုင်ငံတွေမှာ မိုးများ ရေကြီးထားတော့ လိုအပ်ချက်က မြင့်နေတယ်။ သူတို့ဝယ်တာ အဓိက ဖြစ်နေတာ။ ဈေးထိန်းထားသလိုဖြစ်ပြီး ဈေးလုံးဝမကျဘူး။ တစ်နှစ်ပတ်လုံး တောက်လျှောက်ဝယ်နေတာ ” လို့ ကြက်သွန်ပွဲရုံ ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

မီးဖိုချောင်သုံးစားသောက်ကုန်များ/ပုံဟောင်း

ကြက်သွန်နီနည်းတူ ငရုတ်သီးကိုလည်း ဗီယက်နမ်နဲ့ ထိုင်းက ဝယ်လိုအားများလို့ ငရုတ်စို တစ်ပိဿာကို ကျပ် တစ်သောင်းခန့်၊ ငရုတ်ခြောက် တစ်ပိဿာကို ကျပ် နှစ်သောင်းခန့် အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ ဒီဈေးတွေဟာ အရင်နှစ်ဈေးနဲ့ယှဉ်မယ်ဆိုရင် ၅ ဆ ၀န်းကျင်ခန့် မြင့်တက်လာတာလို့ ငရုတ်ကုန်သည်တွေက ဆိုပါတယ်။
“ငရုတ် တောင်သူတွေ ဒီနှစ်တော့ တစ်ဧက သိန်း ၁၀၀ လောက်ရကြတယ်။ တောင်သူတွေမှာ စိုက်စရိတ်ကြီးတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဈေး၊ ရေတင်ရတာ၊ ဒီဇယ်ဈေး အားလုံး ဈေးကြီးနေတော့ စိုက်စရိတ်ကြေဖို့ ကို တော်တော်လုပ်ကြရတာ။ ဒီနှစ်တော့ ငရုတ်တောင်သူတွေ အဆင်ပြေကြပါတယ်” လို့ ငရုတ်ကုန်သည်တစ်ဦးက ဆိုပါတယ်။
တောင်သူတွေ အဆင်ပြေတဲ့နှစ် ဖြစ်ပေမဲ့ ပြည်တွင်းစားသုံးသူတွေ၊ အခြေခံ လူတန်းစားတွေအတွက် ဒီဈေးတွေဟာ အလွန်မြင့်မားတဲ့ ဈေးနှုန်းတွေ ဖြစ်ပြီး အခြေခံ စားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် ဈေးမြင့်မှုတွေကို ကြုံတွေ့နေကြရပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။