ရခိုင်စစ်ရှောင်စခန်းတွေ ဖျက်သိမ်းဖို့ စစ်ကောင်စီ ပြင်ဆင်နေ

Local News

ရခိုင်စစ်ရှောင်စခန်းတွေ ဖျက်သိမ်းဖို့ စစ်ကောင်စီ ပြင်ဆင်နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရခိုင်စစ်ရှောင်စခန်းတွေ ဖျက်သိမ်းဖို့ စစ်ကောင်စီ ပြင်ဆင်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၆ ဒီဇင်ဘာ ၂၀၂၂

ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့နဲ့ စခန်းတွေကို ဖျက်သိမ်းရေးတို့အတွက် စစ်ကောင်စီကနေ ပြင်ဆင်နေပြီဖြစ်ပါတယ်။

စစ်ဘေးရှောင်စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမမှာ ကျင်းပခဲ့တယ်လို့ ဒေသခံတွေက တစ်ဆင့် သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ရက္ခိုင်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့ အပစ်ရပ်ခဲ့ကြပြီးနောက်ပိုင်းမှာ စစ်ကောင်စီက အခုလိုပြင်ဆင်လာတာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့ကြား ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အပစ်အခတ်ရပ်စဲလိုက်ပြီလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို နိုဝင်ဘာ ၂၆ ရက်မှာ အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ အေအေတို့ အပစ်ရပ်ထားပေမဲ့ စစ်ရှောင်တွေကတော့ တိုက်ပွဲတွေအချိန်မရွေးပြန်ဖြစ်လာနိုင်တယ်လို့ ယူဆထားကြလို့ အိမ်မပြန်ချင်ကြဘူးလို့ စစ်ရှောင်တွေကပြောပါတယ်။

ရခိုင်စစ်ရှောင်စခန်းတစ်ခု

ရခိုင်ပြည်နယ်အတွင်း ခရိုင်သုံးခုဖြစ်တဲ့ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နဲ့ မောင်တောခရိုင်တွေက ဒုက္ခသည်စခန်းပေါင်း ၁၀၀ ကျော်တို့မှာ စစ်ရှောင်ဦးရေ ၁ သိန်းကျော်ခိုလှုံနေကြတာ ဖြစ်ပါတယ်။

တိုက်ပွဲရှောင်တွေရွာပြန်ဖို့ဆိုရင် သူတို့ပြန်မယ့်ရွာတွေကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခကနေ အဲ့ဒီရွာတွေကို မိုင်းရှင်းပေးပြီး မိသားစုတစ်စုကို ပြည်နယ်အစိုးရက ငွေကျပ် ငါးသိန်း၊ ဘေးစီမံက ၁ သိန်းထောက်ပံ့ပေးပြီးတော့ ရိက္ခာသုံးလစာ ထောက်ပံ့ကူညီပေးတယ်လို့ ဦးလှသိန်းက ဘီဘီစီကို ဒီဇင်ဘာလ ၆ ရက်နေ့က ပြောခဲ့ပါတယ်။

အဲ့ဒီနေရပ်ပြန်တဲ့မိသားစုတစ်စုကို ငွေကျပ်ငါးသိန်းစီထောက်ပံ့ပေးတာဟာ ရခိုင်ပြည်နယ်အစိုးရမှာ သီးသန့်ဘတ်ဂျက်မရှိတဲ့အတွက် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးရန်ပုံငွေထဲကနေ ထုတ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။

အမ်းမြို့နယ်အတွင်းက စစ်ရှောင်တွေကတော့ အခုနှစ်မိုးဦးကာလက နေရပ်ကိုပြန်သွားခဲ့ကြပြီဖြစ်တဲ့အတွက် အမ်းမြို့နယ်အတွင်းမှာ ဒုက္ခသည်တွေမရှိတော့ဘူးလို့ ဆိုပါတယ်။

ပြည်နယ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်ဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ရေးနဲ့ စခန်းတွေဖျက်သိမ်းရေးအတွက် ပြင်ဆင်လျက်ရှိနေပြီး မြို့နယ်အလိုက် နေရပ်ပြန်ပို့နိုင်ရေးအတွက် စီမံချက်တွေရေးဆွဲနေတယ်လို့ သိရပါတယ်။

မြောက်ဦးခရိုင်အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကနေ အိမ်ထောင်စုပေါင်း ၁၂၀၀ ကျော်တို့ဟာ နေရပ်ပြန်ဖို့အတွက် စာရင်းပေးထားပြီးဖြစ်ပေမယ့် အမှန်တကယ်နေရပ်ပြန်မယ့်အိမ်ထောင်စုနဲ့ လူဦးရေစာရင်းတွေကို ပြန်လည်စိစစ် ကောက်ယူမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျေးရွာတွေအနီး စစ်ကောင်စီက တပ်စခန်းတွေစွဲထားလို့ လုံခြုံရေးစိုးရိမ်ချက်ရှိတယ်ဆိုကာ ဒေသခံတွေက နေရပ်ပြန်ဖို့ငြင်းဆိုနေကြပါတယ်။

“တပ်တွေက မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဖြစ်အောင်လုပ်ပေးမှာပါ ၊တပ်စခန်းတွေ ရှိနေတဲ့ ရွာတွေဘက်မှာလည်း တပ်တွေကြောင့် အနီးအနား ရွာတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရဘူးလို့ အသိပေးထားတယ်၊ တပ်ပိုင်းကလည်း ညွှန်ကြားထားတာရှိတယ်လို့ သိရပါတယ်။ “ လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

နေရပ်ပြန်ဖို့စာရင်းပေးထားတဲ့ အိမ်ထောင်စုပေါင်း ၁၂၀၀ ကျော်ဟာ တစ်ကျော့ပြန်တိုက်ပွဲတွေမဖြစ်ပွားခင် ဇွန်လလောက်ကနေ ကောက်ယူခဲ့တဲ့စာရင်းတွေဖြစ်တယ်လို့ သိရပါတယ်။

စစ်ရှောင်တွေဘက်ကတော့ ကျေးရွာအနီးဝန်းကျင်တွေ၊သူတို့လုပ်ကိုင်စားသောက်ကြတဲ့တောတောင်တွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်lat natပစ္စည်းတွေရှိနေသေးတာကလည်း စိုးရိမ်မှုတွေ ရှိနေကြတာဖြစ်တယ်လို့ ပြောကြပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား သုံလအကြာဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေအတွင်း စစ်ရှောင်ဦးရေ ၁ သိန်းကျော်အထိမြင့်တက်ခဲ့ပေမယ့် အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်းမှာတော့ တချို့စစ်ရှောင်တွေ နေရပ်ပြန်ခဲ့ကြပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၈ ခုနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ စစ်ရှောင်ဒုက္ခသည်ပေါင်း အနည်းဆုံး ၇ သောင်းဝန်းကျင်အထိ နေရပ်မပြန်နိုင်သေးဘဲ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ဘူးသီးတောင်မြို့ပေါ်က စစ်ရှောင်စခန်းသုံးခုမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို အောက်တိုဘာ ၃၁ ရက်နေ့နောက်ဆုံးထားပြီးတော့ နေရပ်ပြန်ကြဖို့နဲ့ သက်ဆိုင်ရာအာဏာပိုင်တွေဘက်က ဖိအားပေးတာတွေရှိခဲ့ပါတယ်။

စစ်ဘေးရှောင်တွေကတော့ နယ်မြေအေးချမ်းမှုစိတ်မချရသေးသလို စစ်ကောင်စီတပ်စခန်းတွေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေရှိနေတာကြောင့် နေရပ်ပြန်ဖို့ကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။