သူ့ရဲ့ကျောက်ကပ်လှူဒါန်းပေးပြီးတော့ ဖခင်ဖြစ်သူကို အံ့အားသင့်အောင်လုပ်ခဲ့သူ

International News Local News
သူ့ရဲ့ကျောက်ကပ်လှူဒါန်းပေးပြီးတော့ ဖခင်ဖြစ်သူကို အံ့အားသင့်အောင်လုပ်ခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူ့ရဲ့ကျောက်ကပ်လှူဒါန်းပေးပြီးတော့ ဖခင်ဖြစ်သူကို အံ့အားသင့်အောင်လုပ်ခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူ့ရဲ့ကျောက်ကပ်လှူဒါန်းပေးပြီးတော့ ဖခင်ဖြစ်သူကို အံ့အားသင့်အောင်လုပ်ခဲ့သူ

အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ကျောက်ကပ်ရောဂါဖြစ်နေတဲ့ ဖခင်ဖြစ်သူအတွက် ကျောက်ကပ်လှူဒါန်းပေးမယ့်အစီအစဉ်ကို သူ့ဖခင်မသိအောင် (၉) လကြာ လျှို့ဝှက်ထားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဖခင်ဖြစ်သူ ဂျွန် အီဗန်နိုစကီဟာ IgA nephropathy လို့ ခေါ်တဲ့ ကျောက်ကပ်ရောဂါတစ်မျိုးရှိတယ်ဆိုတာ သိခဲ့ရတာပါ။ ဂျွန်က သူ့သမီးဖြစ်သူ ဒီလေနီ အီဗန်နိုစကီကို သူ့အတွက် ကျောက်ကပ်လှူဒါန်းတာမျိုးမလုပ်ဖို့ အကြိမ်ကြိမ်ပြောထားခဲ့တာပါ။

ဒီလေနီက သူ့အဖေကျောက်ကပ်အစားထိုးမှုမလုပ်ရင် အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူးဆိုတာ သိခဲ့ရပါတယ်။ ကျောက်ကပ်မလှူဖို့ သူ့အဖေပြောထားတဲ့ကြားက သူ့ကျောက်ကပ်ကို လျှို့ဝှက်လှူဒါန်းပေးမယ့် အစီအစဉ်ကို ရှေ့ဆက်ခဲ့ပါတယ်။ ကျောက်ကပ်လှူဒါန်းသူမဖြစ်ခင် စမ်းသပ်စစ်ဆေးတာနဲ့ လိုအပ်တဲ့လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရတဲ့အတွက် သူ့ရဲ့အစီအစဉ်ကို (၉) လကြာ လျှို့ဝှက်ထားခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ဂျွန်က ကျောက်ကပ်ဆေးတာလုပ်နေရပြီး တစ်ပတ်ကို ၃ ကြိမ် အနည်းဆုံး ၃ နာရီ ကုသမှုခံယူခဲ့ရတာပါ။

ဂျွန်က သူ့သမီးရဲ့ကျောက်ကပ်တစ်ဖက်ကို လှူဒါန်းလိုက်ရင် ကြုံတွေ့ရနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာအကျိုးဆက်တွေအတွက် စိတ်ပူပန်နေခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ကင်ဆာရောဂါကြောင့် သူ့ရဲ့အခြားကလေးတစ်ဦးကိုလည်း ဆုံးရှုံးခဲ့ရတာပါ။
နောက်တော့ ဒီလေနီက သူ့အဖေအတွက် ကျောက်ကပ်လှူဒါန်းပေးဖို့ ကိုက်ညီတယ်ဆိုတာ သိခဲ့ရပါတယ်။ အစက ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့မှာ ခွဲစိတ်ကုသမှုလုပ်ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ဂျွန် မတော်တဆထိခိုက်မိတာကြောင့် သတ်မှတ်ထားတဲ့ရက်ကို ရွေ့ခဲ့ရပါတယ်။

ဒီလေနီရဲ့ကျောက်ကပ်လှူဒါန်းမှုက ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာတော့့ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ သူ အခုလိုလှူဒါန်းပေးလို့ သူ့အဖေစိတ်ဆိုးရင်လည်းဆိုးပါစေ။ အနည်းဆုံးတော့ သူ့အဖေ ကောင်းမွန်တဲ့ဘဝနဲ့နေထိုင်သွားရမှာလို့ ဒီလေနီက ပြောပါတယ်။ ကျောက်ကပ်အစားထိုးကုသမှုလုပ်တဲ့နေ့မှာ Washington University & Barnes-Jewish Transplant Center က ဝန်ထမ်းတွေက ဒီလေနီရဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးခဲ့ပါတယ်။

နောက်တစ်နေ့ကျမှ ဒီလေနီက လူနာဝတ်စုံဝတ်ထားပြီး အကြောဆေးသွင်းရက်ကြီးနဲ့ သူ့အဖေရဲ့လူနာခန်းထဲကို ဝင်လာပြီးအံ့အားသင့်အောင်လာလုပ်ခဲ့ပါတယ်။ ဂျွန်က သူ့အတွက် ကျောက်ကပ်လှူဒါန်းပေးတဲ့ သူက အမည်မဖော်လိုသူလို့သိထားတဲ့အတွက် သူ့သမီး လှူပေးခဲ့တာကို သိသွားတော့ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူ့ဇနီးဖြစ်သူကို ကြည့်ပြီး “ငါ့ကို စနေကြတာလား”တဲ့။ စိတ်ဆိုးစိတ်ပျက်သွားခဲ့ပေမဲ့ ဘာမှ ပြောင်းလဲလို့မရတော့ဘူးလို့ ပြောရင်း ဝမ်းသာပီတီမျက်ရည်ကျခဲ့ရပါတယ်။

အခုဆို ဒီလေနီက ဆေးကုသစရိတ်အတွက် GoFundMe ကတဆင့် ရန်ပုံငွေရှာနေပါတယ်။ အွန်လိုင်းကနေတဆင့် ဒေါ်လာ ၁၀၀၀၀ နီးပါး လှူဒါန်းထားကြပါတယ်။ အခုအချိန်ထိလှူဒါန်းပေးခဲ့တဲ့သူတွေကိုလည်း ဒီလေနီက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။