မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်စရာများ

Local News
မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်စရာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်စရာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်စရာများ

အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ”(MOCHA) ဟာ ရခိုင်ကမ်းရိုးတန်းကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်ဖို့ ရှိနေပါတယ်။

ဒါကြောင့် အားလုံးအတွက် မုန်တိုင်းအန္တရာယ် သက်သာစေဖို့ ပြင်ဆင်စရာ ၊ သတိပြုစရာတွေကို မျှဝေလိုက်ရပါတယ်။ သတိဆိုတာ ပိုတယ်မရှိတာမို့ ဖတ်ရှုပြင်ဆင်ထားဖို့ အကြံပြုလိုက်ပါတယ်။

အောက်ပါ အချက်တွေကို ခြုံငုံ စဉ်းစားထားရမှာ ဖြစ်ပါတယ်။

၁ ) အိမ်လုံခြုံရေး – မုန်တိုင်းက သင့် အိမ်ကို ဘယ်လို ဘယ်ပုံတွေနဲ့ ထိခိုက်စေနိုင်မလဲ ၊ အိမ်မှာ နေရင် ဘယ်နေရာတွေက မုန်တိုင်း အန္တရာယ် အသက်သာဆုံး ဖြစ်မလဲ ၊ အိမ်ကနေ မဖြစ်မနေ ထွက်ခွာဖို့ လိုမယ်ဆိုရင် ဘယ်နေရာဆီ ထွက်ခွာမှာလဲ

၂) ဆက်သွယ်ရေး – မုန်တိုင်း သတင်းတွေကို အချိန်နဲ့ အမျှ သိနေဖို့ ဘယ်ကနေ နားစွင့်နေနိုင်မလဲ ။ အိမ်သားအချင်းချင်း ၊ မိတ်ဆွေ အိမ်နီးနားချင်း အချင်းချင်း အဆက်အသွယ်ပြတ်သွားရင် ဘယ်နည်းနဲ့ ဆက်သွယ်မလဲ ၊ လူကွဲသွားခဲ့ရင် ဘယ်နည်းနဲ့ ဆက်သွယ်မလဲ၊ အရေးပေါ် ကိစ္စတွေအတွက် ဘယ်ကို ဘယ်လို ဆက်သွယ်နိုင်မလဲ

၃) လုံခြုံရေး အတွက် ၊ စားနပ်ရိက္ခာအတွက် ၊ အရေးပေါ် သုံးစွဲဖို့အတွက် ဘာပစ္စည်းတွေ အဆင်သင့်ထားရှိရမလဲ (ဒီ အတွက် စာရင်းကို အောက်မှာ အကြံပြုထားပါတယ် )

၄) ကလေးသူငယ်တွေ ၊ နာမကျန်း ဖြစ်သူ၊ မသန်စွမ်းသူတွေအတွက် ဘာတွေလိုအပ်မလဲ ၊ အိမ်မွေးတိရစ္ဆာန်တွေအတွက် ဘယ်လို အကာအကွယ်ပေးနိုင်မလဲ

၅) စာရွက်စာတမ်း – အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ဘယ်လို ပြင်ဆင်ထိန်းသိမ်းထားမလဲ

မုန်တိုင်းဝင်ရောက်ရာ ဒေသမှာ ရှိသူတွေအတွက် အဲဒီ အချက်တွေကို ထည့်သွင်းစဉ်းစားထားရမှာ ဖြစ်ပါတယ်။

ပြင်ဆင်ထားသင့်တဲ့ ပစ္စည်းတွေကို အကြံပြုရရင်
– မိုးလေဝသ သတင်းတွေ ဖမ်းယူဖို့ ရေဒီယို (ဓာတ်ခဲ အားအပြည့် ဖြည့်ပြီး)
– လက်နှိပ်ဓာတ်မီး (ဓာတ်ခဲ အနေအထား ကောင်းမွန်ပြီး (သို့) အပြည့်အားသွင်းပြီး )
– အရေးပေါ် ဆေးဝါးပစ္စည်းများ ( အရက်ပျံ ၊ ဂွမ်း၊ ပတ်တီး ၊ အနာကပ် ပလာစတာ၊ အိမ်သုံးဆေးဝါးများ စသည်ဖြင့် )
– ဖုန်း (ဓာတ်ခဲ အား ကောင်းမွန်စွာ သုံးပြီး )
[ ဖုန်းဆက်မရရင်တောင် မီးရောင်နဲ့ အချက်ပြတာတွေ လုပ်နိုင်ပါတယ် ]
– သောက်ရေနဲ့ စားနပ် ရိက္ခာ (မိသားစုဝင် အားလုံးအတွက် အနည်းဆုံး ၃ ရက်စာလောက် လိုလိုမယ်မယ် ပြင်ဆင်ထားသင့်ပါတယ် )
– မိုးကာ အင်္ကျီ/ ရေစိုခံနိုင်မယ့် အဝတ်အစားများ
– အရေးကြီး စာရွက်စာတမ်းများ ( အိမ်ဂရန် ၊ သန်းခေါင်စာရင်း၊ မှတ်ပုံတင် ၊ အောင်လက်မှတ်၊ ဘွဲ့လက်မှတ် ၊လိုင်စင် ၊ နိုင်ငံကူးလက်မှတ် စသည်ဖြင့်)
[ဒါတွေကို ရေလုံတဲ့ အိတ်တွေနဲ့ သေချာ ထုပ်ပိုး ပြင်ဆင်ထားသင့်ပါတယ် ]
– အသက်ကယ် ပစ္စည်းများ ( ဘောကွင်း ၊ အသက်ကယ် အင်္ကျီ၊ ရေပေါ် ပေါ်နိုင်မယ့် ၊ လူ့ ခန္ဓာကိုယ် အလေးချိန်ကို ခံနိုင်မယ့် ပစ္စည်းတွေ )
– ကြိုး ရှည်ရှည် ( လိုအပ်တဲ့ ပစ္စည်းတွေ ချည်နှောင်ဖို့ ၊ ရေထဲ လူ ကျခဲ့ရင် လှမ်းပေးဖို့ အမျိုးမျိုး သုံးနိုင်ပါတယ်)

ဒီ အချက်တွေဟာ stormwise.com က အချက်အလက်တွေကို အခြေခံပြီး အခြားလိုအပ်နိုင်တဲ့အချက်တွေ ဖြည့်စွက် ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ စာဖတ်သူတွေ အနေနဲ့လည်း မုန်တိုင်းအန္တရာယ်ရှိနိုင်တဲ့ ဒေသက မိတ်ဆွေတွေအတွက် လိုအပ်မယ့် အကြံပြုချက်တွေကို မေတ္တာရှေ့ထားပြီး comment မှာ ဖော်ပြပေးသွားဖို့၊ ဝိုင်းဝန်းမျှဝေပေးကြဖို့ တောင်းဆိုပါရစေ ခင်ဗျာ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။