ဘိုးသိကြားကိုတိုင်တည်ပါ

Astrology
ဘိုးသိကြားကိုတိုင်တည်ပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘိုးသိကြားကိုတိုင်တည်ပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘိုးသိကြားကိုတိုင်တည်ပါ

တစ်နေ့သ၌ ကျွန်ုပ်၏ မိတ်ဆွေ “ကိုပြောင်ကြီး” ဆိုသူသည် ကျွန်ုပ်ထံသို့ ရောက်ရှိလာလေ၏။ ထို့ကြောင့် ကျွန်ုပ်က-
“ကဲ ကိုပြောင်ကြီး ဘာတွေ ဒုက္ခတွေ့လာပြန်ပြီလဲ” ဟု မေးလိုက်ရာ ကိုပြောင်ကြီးက-
“ကြိုးစားပြီး အလုပ်လုပ်ပါလျက် ဘဝမှာ မပြည့်စုံ တာတွေ ပြောပြချင်လို့ပါ . . . ၊ ကျွန်တော့်လောက် ကြိုးစားတဲ့လူလည်း ကျွန်တော်ပဲရှိတယ် . . . ၊ ကျွန်တော့်လောက် အလုပ်လုပ်တဲ့လူလည်း ကျွန်တော်ပဲရှိတယ်၊ ဒါပေမယ့်လို့ ပြည့်စုံမှုရှိတယ်လို့ကို မရှိပါဘူး ဆရာရယ် . . . ၊ ဥပမာဗျာ ဒီနေ့ခေတ်မှာ အိမ်တိုင်းလိုလိုမှာ တီဗွီရှိတယ်၊ အောက်စက်ရှိတယ်၊ စလောင်းရှိတယ်၊ ကျွန်တော့် အိမ်မှာ မရှိဘူးဗျာ. . . ၊ အဲဒါလေးတွေ ဝယ်ဖို့ ကြိုးစားတိုင်း မမြောက်ခဲ့ဘူး. . . ၊ လူတိုင်းလိုလို တယ်လီဖုန်းရှိတယ်၊ ကျွန်တော့်မှာ မရှိဘူးဆရာရယ် . . . ၊ မော်တော်ကား ဆိုတာကတော့ အိပ်မက်တောင် မမက်ဘူးပါဘူး ဆရာရယ် . . . ၊ ကြာတော့ သားသမီးတွေကတောင် အထင်သေးလာပြီ၊ အဖေ သိပ်ညံ့တာပဲတဲ့၊ အဲဒါ နည်းကောင်းလမ်းကောင်းလေး ပေးစမ်းပါဦး ဆရာရယ် . . .”
ဟု သနားဖွယ်ရာ ပြောလေတော့၏။

“အဲဒါ ကျုပ်မတတ်နိုင်ဘူးဗျ . . . ၊ အဲဒီကိစ္စအတွက် ဘိုးသိကြားကို တိုင်တည်ရမယ် . . . ၊ ဒါမှ အကျိုးများမှာ အဲဒီ တိုင်တည်တဲ့ပွဲကလည်း တစ်ပတ်မှာ (၂)ရက်တည်း ရှိတယ်၊ တနင်္ဂနွေနေ့နဲ့ သောကြာနေ့ပဲရှိတယ်၊ ကြွေပန်းကန် ပြားပေါ်မှာ ဖီးကြမ်းငှက်ပျောသီး ပျော်ပျော်ဆယ်လုံး၊ အခွံနွှာ ပြီး စီပြီးထည့်ထားရမယ်၊ နေရာမဆန့်ရင် ထပ်ပြီးထည့်လို့ ရတယ်၊ ပြီးတော့မှ သကြား(၁၅)ကျပ်သားကို အပေါ်က ဖြူးရမယ်၊ ပြီးရင် အဲဒီငှက်ပျောသီးပုံပေါ်မှာ ဖယောင်း တိုင်တစ်တိုင်စိုက်ရမယ်၊ ဖယောင်းတိုင်မှာတော့ ကျုပ်ရေး ပြထားတဲ့ သိကြားစမ ပုံတော်ကို ကပ်ရမယ်၊ မနက်(၅)နာရီ ထိုးလောက်မှာ မီးထွန်းပြီး သိကြားမင်းကို တိုင်တည်ရမယ်. . . ၊ ပြည့်စုံမှုအတွက်ပေါ့ဗျာ . . .”
ဟု ကျွန်ုပ်က ပြောလိုက်လျှင် ကိုပြောင်ကြီးက –

“သကြားစမ ကျွန်တော်မဆွဲတတ်ဘူးဆရာရဲ့ . . . ၊ ဆရာဆွဲပြထားတဲ့ပုံကိုပဲ ကူးပြီးသုံးလို့ ရသလား . . .” ဟု ပြန်၍မေးလေ၏။

“ရပါတယ်ဗျာ . . . ခင်ဗျား အဲဒီလိုသုံးဖို့ ဆွဲပြထားတာပဲ. . . ၊ သောကြာနေ့၊ တနင်္ဂနွေနေ့ကြုံတိုင်းလုပ်ဗျာ . . . ကြာကြာမလုပ်ရပါဘူး အကျိုးထူးလာမှာပါ . . .”
ဟု ကျွန်ုပ်က ပြောလိုက်လျှင် ကိုပြောင်ကြီးက
“စောစောက ဆရာ့ဆီမလာမိတာ ကျွန်တော့်အဖို့ အများကြီးနစ်နာတာပဲ . . .”
ဟု ပြော၍ ပြန်သွားလေ တော့၏။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး များမကြာမီ၌ပင် ကိုပြောင်ကြီးသည် ကျွန်ုပ်ထံသို့ ရောက်လာပြန်၏။ ဤတစ်ခေါက်တွင်မူ ရှမ်းစတားဂျစ်ကို ကိုယ်တိုင်မောင်း၍ ရောက်လာခြင်းဖြစ်၏။

“ဆရာရေ . . . ဆရာပြောလိုက်ကတည်းက ငှက်ပျောသီးနဲ့ ဘိုးသိကြားကိုတိုင်တည်လိုက်တာ ဘိုးသိကြားတော့ ဘယ်လောက် နားငြီးလိုက်မလဲမသိဘူး . . . ၊ ကျွန်တော့်မှာတော့ အတော့်ပြည့်စုံသွားပြီ . . . ၊ ကျွန်တော့်ကားနဲ့ ကန်တော်ကြီးလိုက်ပြီး စီးစမ်းပါဦး . . . ၊ ဆရာ့ကို တင်ပြီး မောင်းချင်လို့ပါ”ဟုဆိုသဖြင့် ကျွန်ုပ်လည်း ကန်တော်ကြီးတစ်ပတ် ကားလိုက်၍ စီးရလေ၏။ ကိုပြောင်ကြီးသည် ကျေနပ်ပျော်ရွှင် နေပုံရ၏။ ကျွန်ုပ်လည်း ၎င်းနှင့်အတူ ပျော်ရွှင်ပီတိ ဖြစ်ရလေတော့သတည်း။

ရေးသားသူ – မင်းသိင်္ခ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။