တစ်ကမ္ဘာလုံး စံနမူနာယူရတဲ့ တောင်ကိုရီးယားရဲ့ စွန့်ပစ်အစားအစာ စီမံခန့်ခွဲမှုစနစ်

International News Knowledge
တစ်ကမ္ဘာလုံး စံနမူနာယူရတဲ့ တောင်ကိုရီးယားရဲ့ စွန့်ပစ်အစားအစာ စီမံခန့်ခွဲမှုစနစ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်ကမ္ဘာလုံး စံနမူနာယူရတဲ့ တောင်ကိုရီးယားရဲ့ စွန့်ပစ်အစားအစာ စီမံခန့်ခွဲမှုစနစ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံး စံနမူနာယူရတဲ့ တောင်ကိုရီးယားရဲ့ စွန့်ပစ်အစားအစာ စီမံခန့်ခွဲမှုစနစ်

ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်နှစ်တိုင်း စွန့်ပစ်အစားအစာ တန်ချိန် ၁.၄ ဘီလျံရှိပြီး အများစုကတော့ အမှိုက်ကန်ထဲ ရောက်သွားကြပါတယ်။ စွန့်ပစ်အစားအစာတွေ ပုပ်သိုးသွားတဲ့အခါ ရေထု၊ မြေထုကို ညစ်ညမ်းစေပြီး အာနိသင်အပြင်းဆုံး ဖန်လုံအိမ်ဓာတ်ငွေ့တစ်မျိုးဖြစ်တဲ့ မီသိန်းဓာတ်ငွေ့ အများအပြား ထွက်လာစေပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ စွန့်ပစ်အစားအစာတွေကို အမှိုက်ကန်တွေမှာ မစွန့်ပစ်ဖို့ တားမြစ်ထားတာ နှစ် ၂၀ လောက် ရှိပါပြီ။ ၂၀၀၅ ခုနှစ်ကတည်းကပါ။ စွန့်ပစ်အစားအစာတွေကို သီးသန့်ခွဲခြား စွန့်ပစ်စေပြီး တိရစ္ဆာန်အစာ၊ ဓာတ်မြေသြဇာ၊ နေအိမ်အပူဓာတ်ပေးမယ့် လောင်စာတွေအဖြစ် ပြန်လည်ထုတ်လုပ်ပါတယ်။

စွန့်ပစ်အစားအစာဆိုတာ ရာသီဥတုပြောင်းလဲမှုရဲ့ အဓိကလက်သည်တွေစာရင်းမှာ ပါဝင်ပါတယ်။ မီသိန်းဓာတ်ငွေ့ ထွက်စေတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အစားအစာတွေ ထုတ်လုပ်၊ ပို့ဆောင်ဖို့ စွမ်းအင်နဲ့ ရင်းမြစ်အများအပြားကို သုံးစွဲရတာကြောင့်လည်း ပါပါတယ်။

တောင်တန်းထူထပ်တဲ့ ပထဝီဝင်အနေအထားကြောင့် တောင်ကိုရီးယားနိုင်ငံမှာ အမှိုက်ကန်တွေ တည်ဆောက်ဖို့ အခက်အခဲရှိပါတယ်။ ဒါကြောင့် တောင်ကိုရီးယားအစိုးရက စွန့်ပစ်အစားအစာတွေကို ထိန်းချုပ်စီမံခန့်ခွဲဖို့ စီမံကိန်း စတင်ခဲ့တာပါ။

စားသောက်ဆိုင်တွေရော၊ လမ်းဘေးအစားအသောက် ရောင်းချသူတွေရော အစားအစာ အကြွင်းအကျန်တွေကို သတ်မှတ်အမှိုက်ပုံးတွေမှာ စွန့်ပစ်ဖို့ အခကြေးငွေ ပေးရပါတယ်။ အစားအစာအကြွင်းအကျန် လီတာ ၂၀ စွန့်ပစ်ရင် ဝမ်ငွေ ၂၈၀၀ (အမေရိကန်ဒေါ်လာ ၂.၂) ပေးရပါတယ်။

အဲဒီအမှိုက်ပုံးတွေကို recycle လုပ်ပေးတဲ့ စက်ရုံတွေဆီ သယ်သွားပြီး ပလတ်စတစ်အိတ်တွေကို သပ်သပ်၊ စွန့်ပစ်အစားစာတွေကို သပ်သပ် ခွဲခြားပါတယ်။ အစားအစာတွေရဲ့ အရည်တွေကို စုပ်ယူလိုက်ပြီး အခြောက်ခံ၊ အပူပေးကာ ကြက်စာ၊ ဘဲစာတွေအဖြစ် ပြန်လည်ထုတ်လုပ်တာပါ။

နောက်တစ်နည်းကတော့ အစားအစာတွေကို ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ မီသိန်းဓာတ်ငွေ့အရောအနှော ထွက်စေတဲ့အထိ ဓာတ်ခွဲပြီး အပူပေးလောင်စာ ထုတ်လုပ်တာပါ။ ဒီလုပ်ငန်းစဉ်အတွက် ရေ လိုအပ်ပေမဲ့ အစားအစာတွေကနေ စုပ်ယူထားတဲ့ အရည်ကိုပဲ ပြန်လည်အသုံးပြုတာဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ စွန့်ပစ်အစားအစာ စီမံခန့်ခွဲမှုစက်ရုံတွေကို နိုင်ငံခြားအစိုးရအဖွဲ့ဝင်တွေ မကြာခဏ လာရောက်ကြည့်ရှုလေ့လာလေ့ရှိပြီး နယူးယော့ခ်မြို့ကလည်း တောင်ကိုရီးယားနိုင်ငံရဲ့စနစ်အတိုင်း စွန့်ပစ်အစားအစာ စီမံခန့်ခွဲမှုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ လာမယ့်ဆောင်းဦးကာလကစပြီး နယူးယော့ခ်မြို့မှာ နေထိုင်သူတွေအားလုံး စွန့်ပစ်အစားအစာကို တခြားအမှိုက်တွေနဲ့ ခွဲခြားစွန့်ပစ်ရမှာပါ။ ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စွန့်ပစ်အစားအစာ စီမံခန့်ခွဲမှုစနစ်က တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ တောင် ကုန်ကျတာကြောင့် ကမ္ဘာတစ်လွှားက နိုင်ငံတော်တော်များများ အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်ပါတယ်။l

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။