အဘဆရာကြီးမင်းသိင်္ခ၏အခက်အခဲဖြစ်နေသူများအတွက် ယတြာ

Astrology
အဘဆရာကြီးမင်းသိင်္ခ၏အခက်အခဲဖြစ်နေသူများအတွက် ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဘဆရာကြီးမင်းသိင်္ခ၏အခက်အခဲဖြစ်နေသူများအတွက် ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဘဆရာကြီးမင်းသိင်္ခ၏အခက်အခဲဖြစ်နေသူများအတွက် ယတြာ

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတော စပ်ရှိ အယူတော်မင်္ဂလာခြံကြီးအတွင်းသို့ ရန်ကုန်မြို့တွင် နေထိုင်ကြကုန် ကျွန်ုပ်၏မိတ်ဆွေများ ရောက်ရှိလာကြလေ၏။ ၎င်းတို့သည် ခြံတွင်း သို့ရောက်သည်နှင့်တစ်ပြိုင်နက် ကိုဝင်းနိုင်ဆိုသူက ကားပေါ်မှ စောလျင်စွာ ဆင်း၍ . . .

‘ကျွန်တော်တို့ သက်သတ်လွတ်မဟုတ်ဘူးနော်’ဟု အော်၍ ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က. . .ကိုရင်တစ်ယောက်တည်း သက်သတ်လွတ်မစားတာပဲ၊ ကျန်တဲ့လူ တွေက သက်သတ်လွတ်စားရင် စားမှာပေါ့”ဟု ပြန်၍ပြောလိုက်လျှင် ကိုဝင်းနိုင်က. . .
သူတို့လည်း သက်သတ်လွတ်မစားပါဘူး၊ ပြီးခဲ့တဲ့အပတ်က အိုင်တင် ခံပြီး ပြောတာ”
ဟု ပြောလျှင် ကျွန်ုပ်သည် ကျန်လူများ၏ မျက်နှာများကို ကြည့်လိုက်ရာ ၎င်းတို့၏ မျက်နှာများမှာ ပြုံးစိစိဖြစ်နေကြသည်ဖြစ်ရာ ကိုဝင်းနိုင်ပြောသည် မှာ မှန်ပေသည်ဟု ယူဆ၍ ကျွန်ုပ်၏ တပည့်ကလေး မောင်အောင်ညွန့်အား မှော်ဘီဈေးသို့ လွှတ်ရလေ၏။

ထိုအချိန်အတွင်း ကျွန်ုပ်သည် ၎င်းတို့အား လက်ဖက်ရည်အချိုဖြင့် ဧည့်ခံထားရလေ၏။ ၎င်းမောင်အောင်ညွန့်သည် ဈေးသို့ လွှတ်လိုက်သော အခါလွန်စွာကြာတတ်၏။ တစ်နေ့တွင် ကျွန်ုပ်သည် အဘယ့်အတွက် ကြာ သည်ကို သိလိုသောကြောင့် ဈေးသို့ လိုက်၍ ကြည့်ဖူး၏။

မောင်အောင်ညွန့်သည် ဈေးသို့ရောက်လျှင် ဈေးမဝယ်သေးဘဲ ဆီချက်ခေါက်ဆွဲဆိုင်သို့ သွား၏။ ဆီချက်ခေါက်ဆွဲနှင့် ဝက်နံရိုးပေါင်းကိုဝယ်၍ အေးဆေးစွာ စားသောက်သေး၏။ ထို့နောက်မှ အနီးရှိ လက်ဖက်ရည်ဆိုင်မှ လက်ဖက်ရည်ကိုမှာကာ သောက်ပြန်၏။ ပြီးလျှင် ရေနွေးကြမ်းတစ်အိုးကုန် သည်အထိ သောက်ပြီး လန်ဒန်စီးကရက်တစ်ဘူးကိုဝယ်ယူ၍ တစ်လိပ်ပြီး တစ်လိပ်သောက်ပြီးမှ ကုန်စိမ်းတန်းသို့လျှောက်၏။
ထို့နောက် ကုန်စုံဆိုင် ရှေ့တွင် ခြင်းတောင်းကိုချကာ ကုန်စုံရောင်းသော မိန်းကလေးအား ‘ထုံးစံ အတိုင်း’ဟုပြော၍ ဈေးထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်၏။

ကန်စွန်းရွက်ဆိုင်ရှေ့သို့ ရောက်သောအခါ ‘သုံးစည်း’ဟု ပြောခဲ့၏။ ဟင်းနုနယ်ဆိုင်ရှေ့သို့ ရောက်သောအခါ ‘သုံးစည်း’ဟု ပြောခဲ့ပြန်၏။ ဈေး သည်တို့သည် ၎င်းအတွက် ‘သုံးစည်းစီးဖယ်ထားလိုက်ကြ၏။ ခရမ်းချဉ်သီး ဆိုင်သို့ရောက်လျှင် ‘ငါးဆယ်သား’ဟု အော်သွား၏။ ဈေးသည်က ငါးဆယ် သားချိန်၍ အသင့်ထုပ်ထားရ၏။

ထို့နောက်မှ ဈေးသည်များ ထုတ်ထားသော အထုပ်များကို ယူ၍ ကုန်စုံဆိုင်တွင်ထားသော ခြင်းတောင်းကိုဆွဲကာ ဆိုက်ကားတစ်စီးငှား၍ လန်ဒန် စီးကရက်ကို မီးညှိဖွာရှိုက်ပြီး မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုတ်၍ စတိုင်နှင့် ပြန်လာတတ်လေ၏။

၎င်းမောင်အောင်ညွန့်၏ မျက်နှာမှာ မျက်နှာကဲခတ်သော ကျမ်း စာအုပ်တွင် လွန်စွာချီးမွမ်းသည့် မေးရိုးကားကားဆိုသော မျက်နှာပေါက်မျိုး ဖြစ်၏။ ထို့ကြောင့် ၎င်း၏ မေးရိုးနှင့်မျက်နှာကို ကြည့်ရသည်မှာ ဆယ်ပြားစေ့ ကို ကြည့်ရသကဲ့သို့ရှိ၏။

ယခင်က ဦးထုပ်ဆောင်းလေ့မရှိသော်လည်း တစ်စုံ တစ်ယောက်သောသူက ဦးထုပ်နှင့်ကြည့်၍ကောင်းသည်ဟု ချီးမွမ်းပြောဆို ပြီးကတည်းက ဦးထုပ်မဆောင်းဘဲ ဈေးသွားသည်ဟူ၍ မရှိပေ။

ကျွန်ုပ်သည် အလိုရှိသော ပစ္စည်းများကို မှာ၏။ မောင်အောင်ညွန့် သည် ခေါင်းညိတ်၏။ သို့ရာတွင် မည်သည့်အခါမှ ကျွန်ုပ်မှာသည်များမပါချေ။၄◌င်၏စေ◌ျး ခြင်းသည် အစဉ်သဖြင့် ‘ထုံစံအတိုင်း’ဖြစ်နေတတ်၏။

ထိုအခါမျိုး၌ ကျွန်ုပ်က. . .
‘မင်း ငါမှာတာတွေ ဘာလို့မဝယ်ခဲ့သလဲ’ဟု မေးမြန်း၍ ဆူမည်ပြု တတ်မြဲဖြစ်ရာ ၎င်း၏ပြူးသော မျက်စိများသည် ပို၍ပြူးလာပြီးလျှင် မလိုအပ် ပါပဲလျက် လက်ညှိုးကို ဟိုထိုးဒီထိုးထိုးကာ. . .’မေ့. . . မေ့ . . မေ့သွားလို့ပါ အဘ”
ဖြေလိုက်လျှင် ကျွန်ုပ်လည်း ၎င်းကိုမြင်ရသည်နှင့် သနားစိတ်များဖြစ် မဆူဖြစ်တော့ပဲ ရယ်မိလေတော့၏။

ယခုလည်း ကျွန်ုပ်သည် ပုစွန်တုပ်ဆီပြန်နှင့် ပဲကြီးဟင်းချိုချက်ရန် အတွက် ပစ္စည်းများကို စုံစေ့အောင် မှာလိုက်၏။ ထိုသို့မှာလိုက်သော်လည်း ဆီချက်ခေါက်ဆွဲစားရင်း ကျွန်ုပ်မှာသောအရာများ မေ့ကုန်မည်ကို စိုးရိမ်မိသေး၏။

သို့ရာတွင် မောင်အောင်ညွန့် ပြန်လာသောအခါ၌ ခြင်းတောင်းကို စစ်ဆေးကြည့်ရာ ကျွန်ုပ်မှာလိုက်သော ပစ္စည်းများ စုံစေ့စွာပါလာကြောင်း သိရလျှင် ကျွန်ုပ်သည် ပုစွန်တုပ်ကို ဆီပြန်ချက်၏။ ပဲကြီးဟင်းချိုကိုချက် ၍ ဆူးပုပ်ရွက်ခတ်၏။ သရက်ချဉ်သုပ်၏။

ထို့နောက် ငရုတ်သီးထောင်းတစ်ပန်းကန် စီမံ၏။ ထို့နောက်တွင် ကား ကျွန်ုပ်၏မိတ်ဆွေ ၈ ဦးကို ကျွန်ုပ်သည် ထမင်းကျွေးမွေးရလေတော့ ၏။ ၎င်းတို့သည် မြိန်ရှက်စွာ စားသောက်ကြလေ၏။

ထိုသို့ စားသောက်ပြီးနောက် ၎င်းတို့အား ဒိန်ချဉ်တွင် စတော် ဘယ်ရီယိုခတ်၍ တိုက်ကျွေးပြန်လေ၏။

ထိုအခါ ကျွန်ုပ်၏မိတ်ဆွေ ကိုဝင်းနိုင်က. ..
‘ဒိန်ချဉ်တော့ အပျစ်လည်းသောက်ဖူးတယ်၊ အကျဲလည်းသောက်ဖူး တယ်၊ ဒါပေမယ့် ဒိန်ချဉ်ထဲမှာ စတော်ဘယ်ရီယိုခတ်ပြီးတာတော့ တစ်ခါမှမသောက်ဖူးဘူး၊ ဒါ ပထမဆုံးပဲ”
ဟု ပြောလေ၏။

ထိုအခါ အန်တီရွှေဆိုသော အမျိုးသမီးက. . . ကျွန်မလည်း ဈေးက မိတ်ဆွေတွေကို ပြောပြရဦးမယ်”ဟု ပြောလေ၏။

ထို့နောက် ၎င်းတို့သည် ကျွန်ုပ်၏ ကျွေးမွေးဧည့်ခံပုံကို ချီးမွမ်းကြ ကုန်၏။ ထို့နောက် ဒေါ်ချောစုဆိုသော အမျိုးသမီးက. . .’ဒီလိုပါ ကိုအောင်ထွန်းရယ်၊ ကျွန်မတို့က အခက်အခဲလေးတွေရှိ တယ်၊ အဲဒီအခက်အခဲလေးတွေကို ပြေပျောက်ချင်တယ်”
ဟု စကားစလိုက်လျှင် မစိန်စိန်ထွန်းဆိုသော အမျိုးသမီးက သူ၏လက်ကလေး ကို ဝှေ့ယမ်းရင်း. . .
ဪ . . ဒေါ်ချောစုကလည်း ယတြာတောင်းတယ်ဆိုတာ အဲဒီ လို ယေဘုယျပြောလို့တော့ ဘယ်ရမလဲ၊ ဘယ်လို အခက်အခဲလဲ ဆိုတာ ပြောပြမှာပေါ့”
ဟု ဝင်၍ ပြောလေ၏။

ထိုအခါ ကိုအောင်ဖေက… “စိန်စိန်ထွန်း ပြောတာမှန်တယ်”ဟု ပြောလေ၏။
ထို့နောက် စီးပွားရေးကို အကျအန လုပ်ကိုင်သော ကိုမောင်ဟန်ဆိုသူက. . .
‘ဖိုးအောင်ထွန်လည်း သိသားပဲ၊ ကိုယ်က တခြားဘာမှစိတ်မဝင်စားဘူး၊ စီးပွားရေးပဲ၊ အခုလည်း အလုပ်တွေအများကြီးလုပ်ထား တယ်၊ အထူးသဖြင့်ကတော့ သစ်လုပ်ငန်းပဲ၊ သစ်ကိုဝယ်တဲ့ရောင်း တဲ့အပြင် သစ်ခွဲစက်တွေလည်း ထောင်ပြီး ပဲခူးဘုရားကြီးနားမှာ သစ်ခွဲတဲ့လုပ်ငန်းလည်း လုပ်ထားတယ်၊ အဲဒီတော့ လုပ်ငန်းတွေ များတဲ့အလျောက် အံချော်တာတွေအများကြီးပဲ၊ အံချော်တဲ့အခါ တိုင်းလည်း ကိုယ့်ခေါင်းပေါ်က ဆံပင်(၇)ပင်ကနေ (၅)ပင်အထိ ကျွတ်ကျွတ်သွားတယ်၊ အဲဒါကြောင့် ကိုယ့်ခေါင်းလည်း တော်တော် ပြောင်နေပြီ၊ အဲဒီလို မပြောင်ရလေအောင် ကာကွယ်တဲ့နည်းစနစ် လေး ကိုရင်တတ်ထားတဲ့ ပညာမှာ မရှိဘူးလား”
ဟု မေးလေ၏။

ထို့ကြောင့် ကျွန်ုပ်က. ..ရှိတာပေါ့ ကိုမောင်ဟန်ရယ်”ဟု ပြောလိုက်လျှင် ကျွန်ုပ်၏မိတ်ဆွေ (၈)ယောက်စလုံးက. . .အဲဒါကိုပြောပါ၊ အဲဒါကိုပြောပါ”ဟု ဝိုင်းဝန်းပူဆာကြလေ၏။

ထို့ကြောင့် ကျွန်ုပ်က. . .’အခက်အခဲ အကျပ်အတည်းတစ်ခုတွေ့ရင် တိတ်ဆိတ်ငြိမ်သက် တဲ့နေရာမှာ စိတ်ကိုလျှော့ပြီးထိုင်ရတယ်၊ အင်္ကျီအဝတ်အစားတွေ လည်း ကျပ်နေအောင် ဝတ်မထားရဘူး၊ ပြီးတော့ စိတ်ကိုလျှော့ပြီး အကြောအခြင်တွေလျော့အောင် အာရုံပြုပြီး ငြိမ်ငြိမ်ကလေးထိုင် နေရတယ်၊ ပြီးတော့မှ တောနက်ကြီးတစ်ခုကို စိတ်ကူးရတယ်၊ တော နက်ကြီးကို စိတ်ကူးလို့ အာရုံပေါ်လာရင် အဲဒီတောနက်ကြီးထဲက ရေကန်ကို အာရုံပြုရတယ်၊ ရေကန်ကို စိတ်ကူးလို့ ပြတ်ပြတ်ထင် ထင်ပေါ်လာရင် အဲဒီရေကန်မှာက အရည်အချင်းသုံးရပ်ရှိတယ်၊ အဲဒီအရည်အချင်း ၃ ရပ်တွင် သစ်ပင်ကြီးတွေအုပ်နေတဲ့အတွက် ရေကန်ကရေဟာ နေရောင်မတွေ့ ရလို့ အေးတယ်၊ လေတိုက်မခံရ လို့ လှိုင်းမထဘူး၊ ငြိမ်တယ်၊ ပြီးတော့ နက်ရှိုင်းတယ်၊ အလွယ်ပြော ရရင် အေးငြိမ်းနက်ရှိုင်းပေါ့ဗျာ၊ အဲဒီ ၃ ခုအနက်မှာ နက်ရှိုင်းကို ဖြုတ်ပစ်လိုက်၊ အေးတာနဲ့ ငြိမ်တာကိုပဲ အာရုံပြုရတယ်၊ အဲဒီအေး တာနဲ့ငြိမ်တာကို ပါးစပ်က တိုးတိုးရွတ်လို့ဖြစ်စေ၊ စိတ်ထဲက ရွတ်လို့ ဖြစ်စေ ရွတ်နေရမယ်၊ အေးတယ်၊ ငြိမ်တယ်၊ အေးတယ်၊ ငြိမ်တယ်၊ အဲဒီလိုမလုပ်ခင်မှာ ပြောဖို့တစ်ခုကျန်နေတယ်၊ ကိုယ့်အရှေ့မှာ ဖန်ခွက်ကြီးကြီးတစ်လုံးနဲ့ ရေအပြည့်ထည့်ထားရမယ်”ဟု ပြောလိုက်လျှင် ကိုမောင်စိန်က. . .

‘ဆရာသမား၊ အဲဒီ အေးတယ် ငြိမ်တယ်က ဘယ်နှစ်ခေါက်ရွတ် ရမှာလဲ၊ ဘယ်လောက်ကြာကြာ ရွတ်ရမှာလဲ”ဟု မေးလေ၏။

အနည်းဆုံး ပုတီးတစ်ပတ်လောက်ရွတ်ရင် ကောင်းပါတယ်ဗျာ၊ အမှန်ကတော့ ပူလောင်နေတဲ့ ကိုယ့်စိတ်ဟာ အေးသွားတဲ့အထိ
ရွတ်ရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ အဲဒီလို ရွတ်ရင်း ရွတ်ရင်း အာရုံထဲက အေးတဲ့ ငြိမ်တဲ့ဓာတ်ဟာ ကိုယ့်ရဲ့မနောအိမ်ကိုကူးလာပြီး ကိုယ့်မနောပါ အေးလာတဲ့အခါမှာ ပထမအလုပ်ပြီးပြီ၊

ဒုတိယအလုပ်ကို စရတော့မယ်၊ ဒုတိယအလုပ်ကတော့ တိမ်တိုက်ထဲအဖွဲ့ တိုးထွက်နေတဲ့ တောင်ကြီးတစ်တောင်ကို အာရုံပြုရမယ်၊ ပြီးတော့ အဲဒီတိမ်တိုက်ထဲဝင်နေတဲ့ တောင်ထိပ်ကို ကိုယ်ရောက်နေတယ်လို့ အာရုံယူရမယ်၊ အာရုံထဲမှာ ပြတ်ပြတ်သားသားထင်ပြီဆိုရင် ပြီ၊ငါဟာမြင့်တဲ့နေရာကိုရောက်နေပြီ၊ ဒါကြောင့် မြင့်နေပြီ’လို့ ပါးစပ်က တိုးတိုးရွတ်. . . ရွတ်၊ မချွတ်ချင် စိတ်ထဲက ရွတ်. . . ရွတ်ရမယ်၊ တစ်ခါတစ်ခါလည်း ဘယ်လိုအာရုံပြု ဆိုတော့ အမြင့်ကနေ အောက်ကိုငုံ့ကြည့်လိုက်လို့ မြင့်ရတဲ့ မြင်ကွင်း မျိုး အာရုံပြုထားရမယ်၊

ဥပမာဆို တဲလေးတွေဟာ အပေါ်စီးက မြင်ရလို့ ပြားနေမယ်၊ အလွန်မြင့်တဲ့ သစ်ပင်တွေတောင် မြေကြီးမှာ ကပ်ပြီး ပြားနေလိမ့်မယ်၊ အဲဒီလို အာရုံမှာ ထင်ရှားလာပြီဆိုရင် စောစောက မြင့်နေပြီ. . . မြင့်နေပြီ ရွတ်ဆိုနေတာကို ရပ်လိုက် ရမယ်၊ ဒုတိယအလုပ် ပြီးသွားပြီ၊ တတိယအလုပ်ကို အာရုံပြုမှ တော့မယ်”

ဟု ကျွန်ုပ်ကစလိုက်လျှင် ကျွန်ုပ်၏မိတ်ဆွေ ကိုအောင်ဖေက. . ဆရာသမားဟာက အာရုံပြုရတဲ့ဟာတွေ များလှချည်လား”ဟု ဝင်၍ ထောက်လေ၏။

ဒီလို ကိုအောင်ဖေရဲ့ . . . ၊ စိတ်ကိုစေစားတဲ့ အလုပ်တွေမှာ လုပ် ရတဲ့ လုပ်ငန်းစဉ်က ၂ မျိုးပဲရှိပါတယ်၊ တစ်ခုက ဗစ်ဇူရယ်လိုက်ဇေးရှင်း တဲ့ အာရုံပြုတာတစ်ခုက အဖန်မေးရှင်းတဲ့၊ အတည်ပြုတာ၊ ဒါကြောင့် အာရုံပြုရင်ပြု၊ မပြုရင် ပါးစပ်က အတည်ပြုစကားတွေ ချွတ်ရတာဗျ၊ ဖြစ်အောင် လုပ်ကြည့်စမ်းပါ ကိုအောင်ဖေရာ၊ နည်းတယ် များတယ် မလုပ်စမ်းပါနဲ့၊ ကဲ… တတိယအဆင့်ကို ပြောမယ်။

တတိယ အဆင့်က ဒုတိယအဆင့်ကိုပြီးတာနဲ့ တစ်ပြိုင်နက် ဘာမှ ရွတ်ဆိုခြင်း မလုပ်ဘဲ ငြိမ်လိုက်ရတယ်၊ အဲဒီလို ငြိမ်လိုက်ပြီးတာနဲ့ စိတ်ထဲကနေ အာရုံညွတ်လိုက်ရမယ်၊ ငါ့အခက်အခဲကို ပြေပျောက် စေမယ့် နည်းလမ်း ကောင်းတစ်ခုရပြီလို့ စိတ်မှာ ထင်မှတ်ပြီး မျှော်လင့်ခြင်းကြီးစွာ နဲ့ ငြိမ်နေရမယ်၊ အဲဒီလို ငြိမ်နတဲ့အခိုက်မှာပဲ တစ်စုံတစ်ခု အာရုံ ထဲမှာ ပေါ်တာနဲ့ ‘ရပြီဟေး’လို့ အော်ရမယ်၊ အဲလို အော်ပြီးတာနဲ့ ရှေ့မှာချထားတဲ့ ဖန်ခွက်ထဲကရေကို သောက်ရမယ်၊ အဲဒီရေနဲ့ မျက်နှာသစ်ရမယ်၊ ဖြစ်နိုင်ရင် ခေါင်းကို လောင်းချိုး လိုက်ရမယ်”
ဟု ကျွန်ုပ်ကပြောလိုက်လျှင် အန်တီရွှေက မယုံသလို မျက်နှာထားဖြင့် ကျွန်ုပ် အားကြည့်၍ ပြုံးလေ၏။

စိန်စိန်ထွန်းဆိုသော မိန်းမက လက်ကလေးကို လှုပ်ယမ်းကာ ‘လွယ် လှချည်လား”ဟုပြောလေ၏။ ကိုဝင်းနိုင်ကမူ ကျွန်ုပ်အား. . .
အစ်ကိုရယ်. . . ဒီလောက်လွယ်နေရင် အခက်အခဲရှိတာ ရှိပါဦး
မလား စောဒကတက်လေ၏။

ထို့ကြောင့် ကျွန်ုပ်က. . .ကိုဝင်းနိုင် တစ်ခုစဉ်းစားကြည့်လေ၊ အခက်အခဲတွေ့တဲ့ လူတစ်ရာ ရှိတယ်ဆိုပါတော့၊ အခု ကျုပ်ပြောတဲ့နည်းနဲ့ ဖြေရှင်းတဲ့လူ ဘယ် နှစ်ယောက်ရှိမယ် ထင်သလဲ”
ဟု ကျွန်ုပ်က ပြန်၍ မေးလိုက်ရာ ၎င်းကိုဝင်းနိုင်က… ဒါတော့ မပြောတတ်ပါဘူး”
မပြောတတ်ရင် မပြောပါနဲ့ဗျာ၊ လုပ်ကြည့်ပါဦး၊ ကျုပ်အခု ပေးတဲ့ နည်းက မဟုတ်ဘူးဆိုရင်တောင် ဘာများနစ်နာစရာရှိလို့လဲ၊ ပိုက်ဆံ လည်း မကုန်ဘူး၊ အချိန်လည်း ပြောပလောက်အောင် မကုန်ဘူး၊ အရွယ်တည်းမရှိဘူးဗျာ၊ ဒါကိုများ ခင်ဗျားတို့က ဘာကြောင့် အပြစ်ပြောရတာလဲ၊ တစ်ခုတော့ ခင်ဗျားကို ပြောစရာရှိတယ်၊
ဒီနည်းကို ခင်ဗျားကိုယ်တိုင်ကော စမ်းဖူးသလားလို့ မေးချင်မေးပါ”ဟု ကျွန်ုပ်က ပြောလိုက်လျှင် ကိုမောင်ဟန်က. . .
ဟုတ်တယ်. . . ဟုတ်တယ်၊ ခင်ဗျားစမ်းဖူးသလား” ဟု ကျွန်ုပ်၏ စကားကိုနင်း၍ မေးလေ၏။

 

‘လွန်ခဲ့တဲ့သုံးနှစ်လောက်က ကျန်းမာရေးကြောင့် ကျုပ်ဟာ အသက် ဇီဝိန်ကြွေရတော့မယ့် အခြေအနေကို ရောက်နေတဲ့အချိန်မှာ ကျုပ်ဟာ ဒီနည်းကို အသုံးပြုခဲ့တယ်၊ ကျုပ်နဲ့နီးစပ်တဲ့လူတွေအားလုံး သိပြီးကြပါပြီ၊ ဒါကြောင့် ကျုပ်ကတော့ အဲဒီနည်းလေးကို အတော် ကို မြတ်နိုးတယ်ဗျို့၊ အခု ခင်ဗျားတို့ကို ပေးတာကလည်း ကျုပ်မစားဖူးသေးတဲ့ ဆေးကိုပေးတာ မဟုတ်ဘူးနော်၊ ကျုပ် စားဖူးပြီးသား၊ ကျုပ်ရောဂါပျောက်ကင်းသက်သာပြီးသား နည်းကလေးကို ပေးတာ ပါ၊ မယုံရင် မသုံးပါနဲ့၊ အပြစ်တော့ မတင်ထိုက်ပေဘူး၊ ဘာကြောင့် လဲဆိုတော့ ခင်ဗျားတို့ကို ပြောပြတဲ့နေရာမှာ ကျုပ်က စေတနာတွေ အများကြီးထည့်ထားတယ်”
ဟု ကျွန်ုပ်က ပြောလိုက်လျှင် ၎င်းတို့အားလုံး. . . ‘အဲဒီလို မဟုတ်ပါဘူး၊ ယုံပါတယ်ဗျာ” ဟူ၍ ပြိုင်တူပြန်၍ ပြောလိုက်ကြလေတော့သတည်း။

အဘဆရာကြီးမင်းသိင်္ခ၏ မနောမယထမင်းဝိုင်းစာအုပ်မှကောက်နုတ်ဖော်ပြလိုက်ပါသည်။

ရေးသားသူ – မင်းသိင်္ခဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။