နေမကောင်းလွန်းလို့ တောထဲကထွက်လာပြီး လူတွေကိုအကူအညီတောင်းခဲ့တဲ့ ကျားကြီး

Local News

လူနဲ့ ကျားသတ္တဝါတို့ဟာ တစ်ဦးနဲ့ တစ်ဦးအန္တရာယ်ကင်းအောင် ဝေးဝေးကရှောင်ပြီး နေလေ့ရှိကြပါတယ်။ ဒါပေမယ့် မျိုးတုံးပျောက်ကွယ်တော့မယ့် မျိုးစိတ်ဖြစ်တဲ့ ဆိုက်ဘီးရီးယား ကျားတစ်ကောင်ဟာ ဒီအတားအဆီးကို ချိုးဖျက်လိုက်ပြီး သူ့ရဲ့သွား အလွန်နာကျင်နေခဲ့တဲ့အတွက် ရွာတစ်ရွာကို အကူအညီ လာတောင်းခဲ့ရှာပါတယ်။

၎င်းရှားပါးမျိုးစိတ်ကျားကြီးဟာ ရုရှားမှာ အကောင်ရေ (၅၀၀)မှ (၆၀၀)အထိသာရှိတဲ့ ကျားတွေထဲမှ တစ်ကောင်ဖြစ်ပြီး ဆိုက်ဘေးရီးယား ရွာတစ်ရွာရဲ့ အိမ်တစ်အိမ်ရှေ့မှာ လဲကျနေခဲ့တာပါ။ လူတွေနဲ့ နီးစပ်စွာနေလေ့မရှိတဲ့ ကျားကြီးဟာ ဘာမှမစားနိုင်တော့လောက်အောင် သွားနဲ့သွားဖုံး နာကျင်နေခဲ့တာကြောင့် လူတွေရဲ့အကူအညီကို တောင်းဖို့ ဆုံးဖြတ်ခဲ့ရှာပုံပေါ်ပါတယ်။

အိမ်ရှင် Alexey Khaideyev က နံနက်ခင်း အိမ်အပြင်ထွက်ဖို့လုပ်ရာ တံခါးကို အပြင်ကနေ တစ်ခုခုတွန်းသလိုဖြစ်နေခဲ့တာကြောင့် တံခါးကိုပြန်တွန်းလိုက်တဲ့အခါ ကျားဟိန်းသံကို ကြားလိုက်ရပါတယ်။ ကျားမကြီးဟာ Alexey ကို အနားလည်း သိပ်အကပ်မခံသလို အန္တရာယ်လည်းမပြုပါဘူး။ Alexey ဟာ ချက်ချင်းအရေးပေါ်အဖွဲ့ကို ခေါ်ခဲ့ပြီး ကျားမကြီးကို ကယ်ဆယ်ရေးစခန်းသို့ ပို့ပေးခဲ့ကြပါတယ်။

ကယ်ဆယ်ရေးစခန်းက ပညာရှင်တွေ ကျားမကြီးဟာ အသက် (၁၀)နှစ်ခန့်ရှိပြီး ပြင်းထန်တဲ့ မေးရိုးဝေဒနာခံစားနေရကြောင်းပြောပါတယ်။ အခြေအနေဟာ ဆိုးရွားတဲ့အတွက် ကုသမှုလည်း ချက်ချင်းလိုအပ်နေခဲ့တာဖြစ်ပြီး ကျားမကြီးဟာလည်း အကူအညီကို လိမ္မာစွာစောင့်နေခဲ့ပါတယ်။ တစ်ကောင်တည်း မိုင် (၁၀၀၀)အထိ လျှောက်သွားနိုင်တဲ့ ဆိုက်ဘေးရီးယားကျားတွေဟာ ရောဂါဖြစ်လွယ်လာပြီး မျိုးတုံးမယ့်အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ မျိုးစိတ်ဖြစ်နေပါပြီ။

ဒီကျားမကြီးက ပြင်ပဒဏ်ရာတော့မရှိပေမယ့် အလွန်ပင်ပန်းနွမ်းနယ်နေကာ အပေါ်သွားတွေလည်း မရှိတော့ဘဲ ပြင်းထန်တဲ့ ခံတွင်းဆိုင်ရာ ဝေဒနာတွေကို ခံစားနေရကြောင်း ရုရှားသဘာဝအရင်းအမြစ်ထိန်းသိမ်းရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply