” ခင်ပွန်းကြီးဆယ်ပါးယတြာ “

Astrology
” ခင်ပွန်းကြီးဆယ်ပါးယတြာ “

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ” ခင်ပွန်းကြီးဆယ်ပါးယတြာ ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

” ခင်ပွန်းကြီးဆယ်ပါးယတြာ “

ကုသိုလ်ပွားများနေသူများအတွက် ခင်ပွန်းကြီးဆယ်ပါးယတြာလေးအား ဖော်ပြပေးလိုက်ရပါတယ်ရှင့်။
ခင်ပွန်းကြီးဆယ်ပါး စော်ကားမိရင် အဆောင်ဆောင်ထားလည်း အဆောင်မစွမ်းနိုင်ပါ။ အစီအရင် ယတြာတွေလည်း အစွမ်းမထက်ဘဲ ရှိတတ်ပါတယ်။ ဒါကြောင့် ခင်ပွန်းကြီးဆယ်ပါးကို ပူဇော်ကန်တော့ပြီးမှ မိမိ၏ ဖြစ်လိုသည့်ကိစ္စများကို ပြုလုပ်စီမံကြပါရှင့်။ အစွမ်းမထက်လူတွေမှာက ဘယ်တော့မှ မပြစ်မှားရမယ့် ခင်ပွန်းကြီးဆယ်ပါး ရှိပါတယ်။ ပြစ်မှားမိရင် အန္တရာယ်ဆိုး ကျရင်ကျ မကျရင်လည်း အခုလို ဘာလုပ်လုပ် အရာမထင်တဲ့အဖြစ်ဆိုးမျိုးနဲ့ ကြုံရတတ်တယ်။
ယတြာချေလို့ ဘယ်တော့မှ မရဘူး။ ဒီဘ၀မှာတင် မဟုတ်ဘူး။ အတိတ်ဘ၀ တစ်ခုခုတုန်းက ကျူးလွန်မိရင်တောင် ဒီဘ၀မှာ လာပြီး ဒုက္ခပေးနိုင်တယ်။
ခင်ပွန်းကြီး(၁၀)ပါးပုဂ္ဂိုလ်များကို စော်ကားပြစ်မှားမိလျှင်
(၁) ရောဂါဆန်းတွေ ဖြစ်တတ်တယ် ။
(၂) စီးပွားကို ခက်ခဲ ဆင်းရဲ ပင်ပန်းစွာ ရှာရတတ်တယ်။
(၃) ခန္ဓာကိုယ် နာကျင် ကျိုးကန်း ထိခိုက်ဒဏ်ရာ ရတတ်တယ်။
(၄) ပွေး၊ ဝဲ၊ ယားနာ အရေပြားရောဂါ ဖြစ်တတ်တယ်။
(၅) ဘေးရန် အန္တာရာယ် ကျရောက်တတ်တယ်။
(၆) မင်းဘေးမင်းဒဏ် သင့်တတ်တယ်။
(၇) အကဲ့ရဲ့ အစွပ်စွဲ ခံရတတ်တယ်။
(၈) ဇနီး၊ မယား သမီး သားနှင့် ရှင်ကွဲ၊ သေကွဲ ကွဲတတ်တယ်။
(၉) လွန်စွာ ဆင်းရဲ ဒုက္ခရောက်တတ်တယ်။
(၁၀) ဥစ္စာ ပစ္စည်းများ အရောင်းအ၀ယ် မဖြစ်၊ အလိမ်ခံရ၊ အခိုးခံရ၊ ဓားပြတိုက်ခံရ၊ မီးလောင်ခံရ စသည်ဖြင့် တနည်းနည်းဖြင့် ဆုံးရှူံးသွားတတ်ပါတယ် …။
စော်ကားပြစ်မှားပြီးမှ ရှိခိုးတောင်းပန်တာထက် နောက်နောင် မစော်ကား မပြစ်မှားမိအောင် သတိထားဂရုစိုက်ဖို့ လည်း အရေးကြီးလှပါတယ်။ အဲဒါမျိုးဆိုရင် ခင်ပွန်းကြီးဆယ်ပါးကို တောင်းပန်ပွဲတွေ လုပ်ပြီး တောင်းပန်ရတယ်။ ဒီယတြာကို ဘယ်နေ့မှာ ပြုလုပ်ရမလဲဆိုတော့ မွေးနေ့မှာ ပြုလုပ်တာကောင်းပါတယ်။ မိမိမွေးနေ့မှာ လုပ်ဖို့အဆင်မပြေရင်လည်း မိမိအဆင်ပြေတဲ့နေ့ကိုလည်း လုပ်နိုင်ပါတယ်။ အာရုဏ်တက်ချိန်ဆိုရင် မနက်စောစော ငါးနာရီအချိန်မှာပြုလုပ်ရမှာပါ။
အကယ်၍ အချိန်ကိုလည်း နေ့ဆွမ်းအချိန်မကျော်မီအချိန်ထိ ပြုလုပ်နိုင်ပါတယ်။ အာရုဏ်ဆွမ်းအလှူသည် လောကုတ္တရာ နွယ်သောအလှူဖြစ်ပါသည်။ နံနက် ( ၉ )နာရီသည် လောကီ အကျိုးစီးပွား ရည်ညွှန်းအလှူပါ။ ဒါက သမားစဉ် အဘိုးဆရာတော်တစ်ပါးပြောကြားသည်ကို ထည့်သွင်းရခြင်းပါရှင့်။


ဒါက မနက်စောစောအဆင်မပြေသူများအနေနဲ့ပါ။ ခင်ပွန်းကြီးဆယ်ပါးမှာ ဦးဆုံးက ဗုဒ္ဓဘုရားရှင်ဆိုတော့ ဘုရားစင်ရှေ့မှာပဲ့ ပြုလုပ်ရမှာပဲ့ ဖြစ်ပါတယ်။ ဆယ့်နှစ်လရာသီ၏ လပြည့်နေ့တိုင်း ခင်ပွန်းကြီး ဆယ်ပါး ကို ဓာတ်ကြီးလေးပါးဖြ့င့် ပူဇော်ကန်တော့နိုင်ရင်လည်း အတိုင်းထက်အလွန်ပါပဲ။
ဘုရားစင်ရှေ့မှာ ထမင်းစားပွဲဝိုင်းကြီး ခင်းပြီးတော့ အဲဒီစားပွဲ ဝိုင်းပေါ်မှာ ပန်းကန်ဆယ်ချပ်တင်။ အလယ်မှာက ပန်းကန်ပြား အကြီးတစ်ချပ်ထား။ ပန်းကန်ပြား လတ်လတ် (၉)လုံးကိုတော့ ဘေးမှာထားရမယ်။ မိမိ မိတ်ဘက် မိမိ ဓာတ်ဘက်ကျသော
သစ်သီး (၇)မျိုး ( သို့ ) (၉) မျိုးယူပါ။
မိတ်ဘက်ဆိုတာက ———— ( အောင်ပ ကုလား ဆွေသား တော်ရင်း )
အောင်ပ = တနင်္ဂနွေ – ကြာသပတေး
ကုလား = တနင်္လာ – ဗုဒ္ဓဟူး
ဆွေသား = အဂါင်္ – သောကြာ
တော်ရင်း = စနေ – ရာဟု
ဓာတ်ဘက်ကတော့ ———– ( အန္တော ဂဗ္ဗေ စရေ ဝံသေ )
အန္တော = တနင်္ဂနွေ – စနေ
ဂဗ္ဗေ = တနင်္လာ – ကြာသပတေး
စရေ = အဂါင်္ – ရာဟု
ဝံသေ = ဗုဒ္ဓဟူး – သောကြာ
ကံနိမ့်ပါက မွေးနေ့တွင် လှူပါ။ စီးပွားတက်စေလိုပါက အညွန့်နေ့ တွင် လှူပါ။ ပညာ / လုပ်ငန်းချဲ့လိုပါက ပဉ္စပွတ်နေ့တွင် လှူပါ။
သစ်သီး ဆယ်မျိုးကို လှီးပြီး ပန်းကန်ပြား တစ်ချပ်ဆီမှာ ထည့်ရမယ်။ (၉)ချပ်ပြည့်အောင် ထည့်ရမယ်။ အလယ်က ပန်းကန်ပြားကြီးမှာတော့ သစ်သီးဆယ်မျိုး လှီးပြီး ထည့်ရမယ်။ နောက်ပြီး ပန်းကန်ပြားတိုင်းမှာ ဖယောင်းတိုင် တစ်တိုင်ဆီ ထွန်းရမယ်။ သောက်တော်ရေ တစ်ခွက်စီလဲ ပါရ မယ်။ အမွှေးတိုင် တစ်တိုင်စီလည်း ပါရပါမယ်ရှင့်။
လစဉ် လပြည့်နေတိုင်း ကန်တော့ဖွယ်ပစ္စည်းများနှင့် ကန်တော့ပါက ပိုကောင်းပါတယ်။ ခင်ပွန်းကြီးဆယ်ပါးအား လပြည့်နေ့တွင် ကန်တော့ပါက ရေ မြေ လေ မီး ဓာတ်ကြီးလေးပါးစုံအောင်ထည့်ပြီး ကန်တော့ရပါတယ်။
ရေဓာတ်အတွက် – သောက်တော်ရေ ၁၀ ခွက်
မြေဓာတ်အတွက် – ဆွမ်း သို့မဟုတ် အသီးအနှံ ၁၀ လုံး
လေဓာတ်အတွက် – အမွှေးတိုင် သို့မဟုတ် မွှေးပျံ့သောရနံ့ရှိသည့် ပန်း (၁၀) ပွင့် (၁၀) တိုင်
မီးဓာတ်အတွက် – ဖယောင်းတိုင် ၁၀ တိုင်
ခင်ပွန်းကြီးဆယ်ပါး ဆိုသည်မှာ
၁ ။ ဘုရား
၂ ။ ပစ္စေက ဗုဒ္ဓါ
၃ ။ ရဟန္တာ အရှင်မြတ်
၄ ။ မြတ်စွာဘုရားရှင်၏ သာ၀ကကြီးများ
၅ ။ မွေးမိခင်
၆ ။ မွေးဖခင်
၇ ။ ပညာသင်ပေးသောဆရာ
၈ ။ ဆုံးမပဲ့ပြင်ပေးသောဆရာ
၉ ။ မိမိကိုတစ်စုံတစ်ရာကျွေးမွေးထောက်ပံ့ပေးခဲ့ဖူးသူ
၁၀။ မိမိကိုတရားစကား သို့မဟုတ် ကောင်းမြတ်သော စေတနာဖြင့် ကောင်းသောစကားပြောကြားပေးခဲ့သူများ သို့မဟုတ် မိမိကို နှုတ်ဖြင့်စောင်မပေးခဲ့ဖူးသူ
ပြုလုပ်မည့်ရက်မတိုင်ခင် အရင်ဖိတ်ကြားထားရမည်။ အစမထင်တဲ့ သံသရာတစ်လျှောက် ဘ၀တစ်ကွေ့ကွေ့မှာ ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားမိခဲ့ရင် ထိုအပြစ်က ပြေစေကြောင်း လေးလေးနက်နက် တောင်းပန်ရမယ်။ အောက်က ဂါထာကိုလည်း ရွတ်ရမယ်။ မရွတ်ဖတ် မပူဇော်ခင် အရင်တောင်းပန်စကား ပဏာမ ပြောကြားပါ။
ပြောရမည့်စကားများကတော့…..
ကျွန်ုပ်သည် ဘ၀အဆက်ဆက်က တော်ဆက်ခဲ့ဖူးသော ခင်ပွန်းကြီးဆယ်ပါးနှင့် ယခုဘ၀တွင်တော်ဆက်သော ခင်ပွန်းကြီးဆယ်ပါးအား သိသိနှင့်သော်လည်းကောင်း မသိ၍သော်လည်းကောင်း ရည်ရွယ်၍သော်လည်းကောင်း မရည်ရွယ်၍သော်လည်းကောင်း ပြစ်မှားကျူးလွန်မိခဲ့ခြင်း ရှိခဲ့ပါလျှင် ကျေအေးပေးတော်မူပါ သနားသည်းခံခွင့်လွှတ်ပေးပါရန် တောင်းပန်ကန်တော့ပါ၏ဘုရားဟု ပထမ ပြောကြားရပါမယ်။ ပြီးပါက ဆုတောင်းလေးရွတ်ဆိုရပါ့မယ်။
ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
၁။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးတို့အပေါ်၌ လည်းကောင်း
၂။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့အပေါ်၌ လည်းကောင်း
၃။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာ၀က၊မဟာသာ၀က ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌ လည်းကောင်း
၄။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌ လည်းကောင်း
၅။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မိခင်တို့အပေါ်၌ လည်းကောင်း
၆။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို့အပေါ်၌ လည်းကောင်း
၇။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ဆုံးမတတ်သောဆရာသမားတို့
၏ အပေါ်၌ လည်းကောင်း
၈။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ပညာဂုဏ် တို့ကို ဆည်းပူးဖြည့်ကျင့်လျှက်ရှိကြကုန်
သော လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်တို့၏အပေါ်၌ လည်းကောင်း
၉။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမား
တို့၏အပေါ်၌ လည်းကောင်း
၁၀။ ထမင်းတစ်လုပ် ၊ ရေတစ်မှုတ် စသည်ဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏
အပေါ်၌ လည်းကောင်း
ကာယကံ ၊ ၀စီကံ ၊ မနောကံ သုံးပါးသော ကံတို့ဖြင့်ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား ဤသို့ ရှိခိုး ပူးဇော် ဖူးမြော် မာန်လျှော့ ကန်တော့ရသောကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါအန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မှုသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို့ ၀င်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား …
လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်းတောင်းတတိုင်း လွယ်ကူလျင်မြန်စွာပြည့်စုံ၍ နုလုံးစိတ်၀မ်းအေးချမ်းရပါစေသား အရှင်ဘုရား …
ထို့နောက် ခင်ပွန်းကြီးဆယ်ပါးကန်တော့ဂါထာကို သုံးခေါက်ရွတ်ပေးရပါမယ်ရှင့်။
ဗုဒ္ဓေါ ပစ္စေက ဗုဒ္ဓါစ
ရဟန္တာ အဂ္ဂသာဝက
မာတာ ပီတု ဂုရု သတ်တာ
ဒါယကာ ဓမ္မဒေသကာ
ဣမေဒဿ မဟာ ဂုဏေ
အဟံ ဝန်ဒာမိ သဗ်ဗဒါ။

ဗုဒ္ဓါစ၊ ဘုရားရှင်အား၎င်း။ ပစ္စေကဗုဒ္ဓါ၊ ပစ္စေကဗုဒ္ဓါအား၎င်း။ ရဟန္တာစ၊ ရဟန္တာအရှင်မြတ်တို့အား၎င်း။ အဂ္ဂသာ၀ကာစ၊ အရှင်သာရိ ပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ အပေါ်၌၎င်း။ မာတာစ ၊ မွေးကျေးဇူးရှင် မိခင်အပေါ်၌၎င်း။ ပိတုစ၊ ကျွေးကျေးဇူးရှင် ဖခင်အပေါ်၌၎င်း။ ဒါယကာစ၊ ပေးကမ်းထောက်ပံ့ ဖူးသော သူတို့အပေါ်၌၎င်း။ ဓမ္မဒေသကာစ၊ တရားတော်မြတ် ဟောညွန်အပ်သည့် ပုဂ္ဂိုလ်မြတ်တို့ အပေါ်၌၎င်း။ ဣမေ ဒသ မဟာဂုဏေ ၊ ဤကျေးဇူးတော်မြတ် (၁၀)ပါးသော ပုဂ္ဂိုလ်တို့အား။ အဟံ၊ အကျွန်ုပ်သည်။ သဗ္ဗဒါ၊ အခါမလတ်။ ၀န္ဒာမိ၊ ရှိခိုးအပ်ပါသည် အရှင်ဘုရား။

အဲဒီနည်းနဲ့ တစ်ပါတ်ကို တစ်ကြိမ်ကျ (၁၀)ခါပြည့်အောင် လေးလေးနက်နက် လုပ်ရမယ်။ မိမိရဲ့ စိတ်ထဲမှာ အဲဒီ အပြစ်တွေ မရှိတော့ဘူးလို့ ယုံကြည်သွားတဲ့အထိ လုပ်ရပါမည်။ပြုလုပ် ကပ်လှူပြီးစီးပါက လှူဒါန်းထားသည့် ပစ္စည်းများကို ပြန်စွန့်လို့ရပါပြီ။ ထိုပစ္စည်းများကို အိမ်အပြင်သို့ထုတ်ကာ အခင်းခပ်သန့်သန့်ခင်းပြီး ရေမြေလေမီး တွင် ကျက်စားနေကြကုန်သော ဝေမာနိကသတ္တဝါများကို စွန့်ကျဲလှူဒါန်းလိုက်ပါ။ သူတို့ကလည်း စားသုံးရသည့်အတွက် မိမိအား ပြန်လည်မေတ္တာပေးပို့ပါလိမ့်မယ်ရှင်။

ရေးသားသူ –ဆရာ လင်းညို့တာရာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။