ကမ္ဘာ့ ဘိန်းအထွက်ဆုံး နိုင်ငံ မြန်မာဖြစ်လာ

Local News
ကမ္ဘာ့ ဘိန်းအထွက်ဆုံး နိုင်ငံ မြန်မာဖြစ်လာ

ရှမ်းပြည်နယ်ဟာ အရင်ကတည်းက မြန်မာနိုင်ငံမှာ ဘိန်း အထုတ်ဆုံးဒေသ ဖြစ်

မြန်မာနိုင်ငံဟာ အခုအခါ အာဖဂန်နစ္စတန်ကို ကျော်ပြီး ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်လာပြီလို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ ၃၆ ရာခိုင်နှုန်းတိုးလာပြီး တန်ပေါင်း ၁၀၈၀ ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အာဖဂန်နစ္စတန်နိုင်ငံ ထုတ်လုပ်တဲ့ ဘိန်းပမာဏ တန် ၃၃၀ ထက် အများကြီး ပိုများတာ ဖြစ်ပါတယ်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့အပြီး နောက်ပိုင်း စီးပွားရေး၊ လုံခြုံရေး၊ တိုင်းပြည်အုပ်ချုပ်မှုတွေ ပျက်ပြားသွားခဲ့ရတဲ့အတွက် ဝေးလံခေါင်သီတဲ့ ဒေသတွေက လယ်ယာစိုက်ပျိုးသူတွေအနေနဲ့ သက်မွေးဝမ်းကျောင်းအတွက် ဘိန်းစိုက်ပျိုးလာကြရတယ်”လို့ ဒီအစီရင်ခံစာကို ရေးသားခဲ့သူ (UNODC) မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး ကုလသမဂ္ဂအဖွဲ့ရဲ့ ဌာနေကိုယ်စားလှယ် ဂျယ်ရမီ ဒေါက်ဂလပ်စ်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က တာလီဘန်အစိုးရက မူးယစ်ဆေးဝါး တားမြစ်ပိတ်ပင်မှုတစ်ခု လုပ်ခဲ့အပြီး အာဖဂန်နစ္စတန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက ၉၅ ရာခိုင်နှုန်း ထိုးကျသွားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ပြည်တွင်းစစ် ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာတော့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေ ပိုတိုးချဲ့ လုပ်လာကြပြီး ငွေအရကောင်းတဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဘိန်းဖြူ ထုတ်ရာမှာ အဓိကပါဝင်ပစ္စည်း ဖြစ်တဲ့ ဘိန်းစိမ်းကို မြန်မာနိုင်ငံမှာ စိုက်ပျိုး ထုတ်လုပ်လာတာ ဆယ်စုနှစ်ပေါင်း များစွာ ကြာနေပြီ ဖြစ်ပြီး အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ lat nat ကိုင်အဖွဲ့တွေက အဲဒီကနေ ငွေတွေ ရနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်တွေ ဖြစ်လာခဲ့ရာကနေ ပြီးခဲ့တဲ့ တစ်နှစ်တည်းမှာတင် ဘိန်းစိုက်ပျိုးမှုက ခန့်မှန်းခြေ ၁၈ ရာခိုင်နှုန်း တိုးလာပါတယ်။ ဒါ့အပြင် စနစ်တကျ ထူထူထပ်ထပ် ဖော်ထားတဲ့ မြေကွက်တွေ၊ ဆည်မြောင်းစနစ်တွေနဲ့ တစ်ခါတလေ ဓာတ်မြေသြဇာတွေ သုံးထားတာကြောင့် လည်း ဘိန်းစိုက်ပျိုးမှု ပိုခေတ်မီတိုးတက်လာပြီး အထွက်နှုန်း ပိုတိုးလာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဘိန်းစျေးတွေ တက်လာတာကလည်း ဘိန်းစိုက်မယ့်လူတွေ ပိုများလာစေပါတယ်။ ကိုဗစ် ကပ်ရောဂါဘေးကြီးနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်းနေမှုကြီးကြောင့် ဘိန်းစိုက်ပျိုးတာကသာ ပိုစိတ်ချရတဲ့ အလုပ်အဖြစ် လူတွေကို မြင်လာစေပါတယ်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ စိတ်မကောင်းစရာ အစီရင်ခံစာသစ်မှာဆိုရင် မြန်မာနိုင်ငံဟာ စီးပွားရေး တိုးတက်မယ့်ပုံ မတွေ့ရဘူးလို့ ဖော်ပြထားပါတယ်။

တိုင်းရင်းသား မဟာမိတ် ညီနောင် သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်ဟာ အရင်ကတည်းကိုက မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှု အများဆုံး နေရာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေမှုက လောင်းကစားဝိုင်းတွေ၊ ငွေကြေးလိမ်လည်မှုတွေ၊ မူးယစ်ဆေးတွေနဲ့ ချမ်းသာလာကြတဲ့ သြဇာအရှိန်အဟုန်ကြီးတဲ့ မာဖီးယား ဂိုဏ်းခေါင်းဆောင် မိသားစုတွေကိုတောင် ဖြုတ်ချ ဖယ်ရှားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း lat nat ကိုင်အဖွဲ့တွေအနေနဲ့က သူတို့ရဲ့ စစ်ဆင်လှုပ်ရှားမှုတွေကို ငွေကြေးထောက်ကူနိုင်ဖို့ ဘိန်းရောင်းချမှုအပေါ်ကို မှီခိုအားထားနေရဆဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်နဲ့ တခြား နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနေတာ ကြောင့် ဘိန်းထုတ်လုပ်မှုတွေ ပိုတိုးလာဖို့ပဲ ရှိတယ်လို့ မစ္စတာ ဒေါက်ကလပ်စ် က ပြောပါတယ်။

ဘိန်းစိုက်ပျိုးတဲ့ နေရာဒေသတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အများဆုံး ပိုကျယ်ပြန့်လာခဲ့ပြီး lat nat ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ချင်းနဲ့ ကချင်ပြည်နယ်တွေမှာလည်း ဘိန်းစိုက်ပျိုးမှု တိုးလာနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

လူသူအရောက်နည်းပြီး မဖွံ့ဖြိုးတဲ့ မြေဆီလွှာ မကောင်းတဲ့ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုကို စီးပွားရေး တွန်းအားတစ်ခုအဖြစ် လုပ်ကိုင်လာနေတာ အတော်ကြာနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက တခြားဒေသတွေမှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြသူ ရှမ်းပြည်နယ်က ဒေသခံ အတော်များများဟာလည်း ရှမ်းပြည်နယ်ထဲကို ပြန်လာကြပြီး ဘိန်းစိုက်ပျိုးတဲ့ အလုပ်ကို လုပ်နေကြပါတယ်။

ဘိန်းဖြူထုတ်လုပ်မှုနဲ့ မှောင်ခိုကုန်ကူးမှုဟာ ဘိန်းစီးပွားရေးလုပ်ငန်းမှာ အမြတ်အစွန်း အရဆုံး ဖြစ်ပါတယ်။ အခုနှစ်အတွင်း မြန်မာနိုင်ငံကနေ ဒေါ်လာ ၂ ဒဿမ ၂ ဘီလျံ တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၁၅၄ တန် ထုတ်လုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။

မြန်မာ၊ ထိုင်းနဲ့ လာအိုတို့ ထိစပ်နေတဲ့ ရွှေတြိဂံနယ်မြေဟာ အစဉ်အဆက် ကတည်းက ဘိန်းနဲ့ ဘိန်းဖြူ အဓိကထုတ်လုပ်ရာ အရင်းအမြစ်နေရာ ဖြစ်ခဲ့ပါတယ်။ မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ ကမ္ဘာတဝန်း ရောင်းဝယ်နေကြတဲ့ ဘိန်းဖြူ အများစု ထုတ်လုပ်ရာ အရင်းမြစ် နိုင်ငံတွေ ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။