ရေဓာတ်မပြည့်ဝအောင် သတိမထားမိဘဲ လုပ်မိနေတဲ့အမှားများ

Health Knowledge
ရေဓာတ်မပြည့်ဝအောင် သတိမထားမိဘဲ လုပ်မိနေတဲ့အမှားများ

ကျွန်တော်တို့ခန္ဓာကိုယ်ကို ရေ (၆၀) ရာခိုင်နှုန်းကျော်နဲ့ ဖွဲ့စည်းထားတယ်ဆိုတာ လူတိုင်း သိထားပြီးသားပါ။ တစ်နေ့တာကို ရေလုံလုံလောက်လောက်သောက်ပေးတာက အသားရေကြည်လင်စေဖို့အတွက်ရော ခန္ဓာကိုယ်က အဆိပ်အတောက်တွေဖယ်ရှားပြီး ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက်ပါ မရှိမဖြစ်ပါပဲ။ ရေသောက်ပေးတာက ကျွန်တော်တို့လူသားတွေရဲ့စိတ်ကိုလည်း အကျိုးသက်ရောက်စေနိုင်ပါတယ်။ ရေဓာတ်မလုံလောက်ရင် စိတ်မကြည်လင်တာတွေဖြစ်လာနိုင်ပါတယ်။ တစ်နေ့ကို ရေ (၁)လီတာလောက် သောက်ပေးမယ်ဆိုရင် လုံလောက်ပါတယ်။ တစ်နေ့ကို ရေလုံလောက်စွာမသောက်လို့ ရေဓာတ်ကုန်ခန်းတာအပြင် အခြားအကြောင်းအရင်းတွေလည်း ရှိပါတယ်။ အဲဒီလိုဖြစ်အောင် ကျွန်တော်တို့တွေ အမှားလုပ်မိနေကြပါတယ်။ အဲဒါတွေကတော့

ကော်ဖီနဲ့ လက်ဖက်ရည်ကို ရေဓာတ်မဖြည့်ပေးဘူးလို့ထင်တာ

မနက်ခင်း ကော်ဖီတစ်ခွက် (သို့) လက်ဖက်ရည်တစ်ခွက်သောက်ပေးတာကလည်း သင့်ကို ရေဓာတ်နည်းနည်းဖြည့်ပေးနိုင်ပါတယ်။ ဒီအရည်တွေက ကဖင်းဓာတ်တွေဖြစ်ပေမဲ့လည်း တစ်နေ့တာမှာ ရေဓာတ်ပမာဏရနိုင်တဲ့ အရည်စာရင်းထဲ ပေါင်းထည့်ထားလို့ရပါတယ်။ တစ်နေ့ကို ကော်ဖီ (၃) ခွက်လောက်သောက်ပေးတာက ရေသောက်တာလိုပဲ ရေဓာတ်ဖြည့်ပေးတယ်လို့ လေ့လာချက်က ဆိုထားပါတယ်။

ဆိုဒီယမ်မစားဖြစ်တာ

ဆိုဒီယမ်များလွန်းတာကလည်း ခန္ဓာကိုယ်ကို ရေဓာတ်ကုန်ခန်းစေပေမဲ့ ဆိုဒီယမ်ကလည်း ခန္ဓာကိုယ်မှာ ရေဓာတ်ညီမျှဖို့ ထောက်ပံ့ပေးပါတယ်။ ကျွန်တော်တို့က ချွေးကနေတဆင့် ဆိုဒီယမ်ကို သဘာဝအလျောက်ဆုံးရုံးနေရပါတယ်။ ရေနဲ့ဆိုဒီယမ်နှစ်ခုစလုံး ကုန်ခန်းမသွားအောင် အစားထိုးပေးဖို့လိုအပ်ပါတယ်။

တစ်နေ့တာမှာ ရေကို ချင့်ချိန်သောက်တာ

တစ်နေ့ကို ရေ ဘယ်လောက်သောက်ရမယ်ဆိုတဲ့ စည်းမျဉ်းက စိတ်ထဲမှာ စွဲနေကြတာပါ။ လူတစ်ယောက်နဲ့တစ်ယောက်က ရေလိုအပ်တာချင်း မတူတဲ့အတွက် ရေကို ဘယ်လောက်သောက်ရမယ်လို့ တစ်သတ်မတ်တည်းသတ်မှတ်ထားလို့မရဘူးလို့ဆိုပါတယ်။ ရေဘယ်လောက်သောက်ရမယ်ဆိုတာက ကျွန်တော်တို့ရဲ့မတူညီတဲ့ဘဝနေထိုင်မှုပေါ်မှာမူတည်ပါတယ်။ သောက်ရမယ့်ရေပမာဏကို ချင့်ချိန်နေမယ့် အစား ခန္ဓာကိုယ်က လိုအပ်တဲ့ရေပမာဏလောက် ရေဓာတ်လုံလုံလောက်လောက်ရအောင် သောက်ပေးဖို့အရေးကြီးပါတယ်။

မနက်အိပ်ရာထတာနဲ့ ရေသောက်တာ

မနက်ခင်းအိပ်ရာထရင် ရေသောက်ပေးတာကောင်းတယ်ဆိုတဲ့ စကားကိုပဲ ကြားဖူးကြတာပါ။ ဒီဆောင်းပါးမှာတော့ အစာမရှိဘဲ အိပ်ရာထတာနဲ့ ရေတန်းသောက်တာက ရေဓာတ်ဖြည့်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းမဟုတ်ဘူးလို့ ဆိုထားပါတယ်။ အိပ်စက်နေချိန်အတွင်းမှာ ကျွန်တော်တို့ခန္ဓာကိုယ်က ရေဓာတ်ကုန်ဆုံးပြီး အိပ်ရာမဝင်ခင် ရေလုံလုံလောက်လောက်သောက်ထားရင်တောင် နောက်နေ့မနက် ရေဆာသလို ခံစားရမှာဖြစ်ပါတယ်။

ဒါပေမဲ့ အစာမရှိဘဲ မနက်အိပ်ရာထတာနဲ့ ရေချည်းသက်သက်သောက်မယ့်အစား အခြားအာဟာရပြည့်ဝတဲ့အစားအစာစားပြီး ရေသောက်ပေးတာက ခန္ဓာကိုယ်က ရေစုပ်ယူနိုင်ဖို့အတွက် ပိုပြီးလွယ်ကူပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်မကုန်ခန်းဘဲ ရေဓာတ်ညီညွှတ်မျှတဖို့အတွက်ဆိုရင် မနက်ခင်းပိုင်းမှာ မုန့်တစ်ခုခုနဲ့ ရေသောက်တာ (သို့) လိမ္မော်ရည်၊ နွားနို့တို့ကို သောက်သုံးပေးနိုင်ပါတယ်။

ရေဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားဖို့မေ့လျော့တာ

အသီးနဲ့ဟင်းသီးဟင်းရွက်တော်တော်များများကနေလည်း ခန္ဓာကိုယ်ကလိုအပ်တဲ့ရေဓာတ်ကို ရရှိနိုင်ပါတယ်။ ခရမ်းချဉ်သီး၊ ဖရဲသီး၊ သခွားသီးလို အသီးနဲ့ဟင်းသီးဟင်းရွက်တွေက ခန္ဓာကိုယ်ကို အချိန်အကြာကြီး ရေဓာတ်ပြည့်ဝနေစေဖို့ ကူညီပေးတဲ့ ပိုတတ်စီယမ်ဓာတ်တွေကြွယ်ဝပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။