ဆုံးပါးသွားတဲ့ မိဘနှစ်ပါးအကြောင်း ပရိသတ်ကြီးကို ရင်ဖွင့်ပြောပြခဲ့တဲ့ မင်းသားဇဏ်ခီ

Celebrity Local News
ဆုံးပါးသွားတဲ့ မိဘနှစ်ပါးအကြောင်း ပရိသတ်ကြီးကို ရင်ဖွင့်ပြောပြခဲ့တဲ့ မင်းသားဇဏ်ခီ

မင်းသားဇာဏ်ခီဟာဆိုရင် မြန်မာ့ရုပ်ရှင်လောကကို ပေါလောကလို့ ခေါ်ခံနေရတာကနေ အရည်အသွေးမြင့်တဲ့ အဆင့်ပြန်ရောက်ရှိအောင် ကြိုးစားရာမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တယောက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်၊ တေးရေးဆရာ၊ ဇာတ်ညွှန်းဆရာ၊ အဆိုတော် စသည်ဖြင့် အရည်အချင်းအမျိုးမျိုးရှိတဲ့အပြင် ယောကျာ်းပီသတဲ့ အသွင်အပြင်ကြောင့် ပရိသတ်အားပေးမှုကို အချိန်တိုအတွင်းရရှိလာခဲ့တာဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ သူ့ရဲ့ဆုံးပါးသွားတဲ့ မိဘနှစ်ပါးအကြောင်းကို အမေဖြစ်သူဆုံးပါးသွားတဲ့ တစ်လပြည့်မှာ ပရိသတ်ကြီးကို ဝေမျှပြောပြလာတာဖြစ်ပါတယ်။

မင်းသားဇဏ်ခီက-
“အဖေ နဲ့ အမေ သိပ်ချစ်ခဲ့ကြတယ်။ ဒါပေမယ့် Happy ending တော့မဟုတ်ဘူး။ Happy beginning လည်းမဟုတ်ပါဘူး။ တခါက နှစ်ခါ.. နှစ်ခါက သုံးခါ ခိုးပြေးကြလို့နောက်ဆုံးပေးစားလိုက်ကြတာ။ ဇာတ်လမ်းကို skip forward လုပ်ရရင်အချစ်ကြီးလို့အမျက်ကြီးတယ်ပဲခေါ်မလား နောက်ဆုံးမှာတော့ကွဲသွားခဲ့ကြတယ်။

အဖေက သူ့မိသားစုတွေရှိတဲ့ US ကိုထွက်တော့ ကျနော်ကအဖေ့သားဖြစ်တဲ့အလျောက် အဖေ့နောက်ပါသွားတယ်။ ကလေးတယောက်အနေနဲ့ဘာမှသိပ်မပြောတတ်ပေမယ့် ခံစားမှုတွေတိတ်တိတ်ကလေးရှိနေခဲ့တယ်။ နှစ်ယောက်စလုံးကိုမကျေနပ်တာတွေရှိနေခဲ့တယ်။ အမေ့ကိုပိုပြီးတော့စိတ်ဆိုးမိနေတယ်။ အဖေပြောထားတာတွေလည်းပါမှာပေါ့လေ။ US ရောက်ပြီး ၇နှစ်ကျော်လောက်အထိ အမေ့ကိုအဆက်အသွယ်မလုပ်ဘူး။ စာလည်းမရေး ဖုန်းလည်းမခေါ်။ အမေကစာတွေပို့ရင်လည်းအဖေက (ဖွင့်တော့ကြည့်တယ်) အမှိုက်ပုံးထဲလွှင့်ပစ်လိုက်တယ်။ (Social media မရှိသေးတဲ့အချိန်တွေ)

တနေ့ကျတော့ Brooklyn (New York) ကိုကြွလာတဲ့ဘုန်းကြီးတပါးက အကြားအမြင်ရှိတယ်ဘာညာဆိုတော့ သူများလိုပဲအပျော်တမ်းဝင်မေးတော့ “မင်းအမေကိုဆက်သွယ်လိုက်ဦး.. စိတ်ဆိုးမနေနဲ့တော့..” လို့ပြောမှ လန့်ဖြန့်အသိဝင်သွားပြီး ပြန်ဆက်သွယ်ခဲ့တယ်။ ဒါပေမယ့် စိတ်ထဲမှာမကျေနပ်နေဘူး။ ဘာကိုမကျေနပ်မှန်းလည်းတိတိကျကျမသိဘူး။ အဖေ့ကိုလည်းအဲလိုပဲ။ မကျေနပ်ဘူး။ ဒါပေမယ့် အသက် ၃၀ကျော်လာတဲ့အချိန်ကနေစပြီးတော့အသိတရားတခုစဝင်လာတယ်။

တနေ့မှာတော့ သူတို့ဟာနံရံပေါ်ကဓါတ်ပုံတွေအဖြစ်သာရှိနေတော့မယ်ဆိုတာကိုပါ။ တခြားသူတွေရဲ့မိဘတွေရဲ့အသုဘတွေကိုရောက်ဖြစ်လို့လဲပါနိုင်တယ်။ နောက်ပိုင်း ဖြည်းဖြည်းချင်း မိဘတွေနဲ့ peace လုပ်နိုင်ဖို့ကြိုးစားတယ်။ အဲဒီ့အချိန်တွေကျမှ ဘာတွေကိုမကျေနပ်နေတာလဲဆိုတာကိုပိုသိလာရတယ်။

အဖေက ၂၀၁၇ မှာဆုံးတယ်။ မိဘတပါးစပြီးဆုံးတော့ နှစ်ပါးစလုံးမရှိတော့ရင် ဘယ်လိုနေမလဲဆိုတာတွေးပြီး နည်းနည်းသွေးပျက်မိတယ်။ အမေက ၆နှစ်ခြားပြီး ၂၀၂၃ (လွန်ခဲ့တဲ့တလတိတိ) ကဆုံးတယ်။ မိဘ ၂ပါးစလုံးတကယ်ဆုံးသွားတော့လည်း ဘာမှမတတ်နိုင်ဘူးဆိုတာကို နဖူးတွေဒူးတွေ့တွေ့လိုက်ရတယ်။ သို့သော် နှစ်ယောက်စလုံးနဲ့ မဆုံးခင်မှာ peace လုပ်နိုင်ခဲ့တယ်။

ဒီတချက်ကတော့ အားလုံးအတွက်အရေးကြီးတယ်လို့ထင်တယ်။ မိဘနဲ့အကြိတ်အခဲတွေရှိနေရင် အချိန်မနှောင်းခင် peace လုပ်ဖို့လိုတယ်။ တချို့ relationship တွေကတော့ repair လုပ်လို့မရလောက်အောင်ဖြစ်နေတာတွေရှိတတ်တယ်ဆိုတာသိပါတယ်။ ဒါပေမယ့် အဲလိုမဟုတ်နေဘူးဆိုရင် တတ်နိုင်သမျှ peace လုပ်ဖြစ်အောင်လုပ်ပါလို့ပြောချင်ပါတယ်။

အမေဆုံးတာ တလပြည့်အမှတ်တရ..
I miss you, mom.

(စာကြွင်း – ကျနော့်ရဲ့မိဘနဲ့ပတ်သက်တဲ့ကံကထူးဆန်းတယ်။ မိဘနှစ်ပါးစလုံးဆုံးတဲ့အချိန်တိုင်းမှာ ကျနော်ဟာအဝေးကိုအမြဲရောက်နေခဲ့တယ်။ အဖေ့တုန်းကတော့ မြန်မာပြည်မှာရုပ်ရှင်တွေသဲကြီးမဲကြီးရိုက်ပြီး အနုပညာလောကပြောင်းလဲရေးအတွက်လုံးပန်းနေခဲ့တယ်။ အမေ့အလှည့်ကျတော့ နိုင်ငံတော်အတွက် အမှန်တရားအတွက် အဝေးရောက်နေခဲ့ပြန်တယ်။ နှစ်ယောက်စလုံးနားလည်နိုင်ပါစေလို့ မျှော်လင့်ယုံကလွဲလို့..)” ဆိုပြီး ဖေ့ဘုတ်စာမျက်နှာမှာ အမေဆုံးတာတလပြည့်မှာ လွမ်းဆွတ်သတိရကြောင်း ဇာဏ်ခီကဝေမျှပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Zenn Kyi

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။