လာဘ်မိုးစွေဂါထာ

Astrology
လာဘ်မိုးစွေဂါထာ

ကျွန်တော်သည် ဗုဒ္ဓဘာသာကို ယုံကြည်လေးစားသက်ဝင်သော လူတစ်ယောက်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ကံ,ကံ၏ အကျိုးကို ယုံကြည်နှစ်သက်ပါသည်။ ငယ်ရွယ်စဉ်အခါက ဗုဒ္ဓ၏တရားတော်များကို ထဲထဲဝင်ဝင်မလေ့လာမိ၍ ကံဆိုတာကို သတိမထားမိပါ။ ကံဆိုသော အကြောင်းတရားကို ကျွန်တော် ဘာသိဘာသာပင် နေခဲ့သည်။
ကျွန်တော် ကျောင်းသားဘဝက အတန်းထဲတွင် စာတော်၏။ စာတော်, စာညံ့ခွဲထားသော အခန်းများတွင် ကျွန်တော်က စာတော်သော အတန်းတွင် အမြဲနေရသည်။

လပတ်စာမေးပွဲများတွင် ကျွန်တော်က ဒုတိယရသည်။ ပထမရသော ကောင်က ကျွန်တော့်လို ဆရာက စာမေးတိုင်း စာအမြဲရသူမဟုတ်။ သွက်သွက်လက်လက်မရှိ၊ သူ့ကို ကျွန်တော့် စိတ်ထဲက မနာလိုမကျေနပ်ဖြစ်မိသည်။ ထို့ကြောင့် ကျွန်တော် စာပိုကြိုးစားသည်။ ကစားချိန်ကို လျှော့သည်။ ပထမရသူကို ကျော်ဖြတ်နိုင်အောင် ကျွန်တော် ဝီရိယအားထုတ်သည်။ နှစ်ကုန်၍ အောင်စာရင်းထွက်သောအခါ ကျွန်တော်က ဒုတိယပဲရသည်။ လပတ်စာမေးပွဲများတွင် ပထမရသောကောင်က တတိယ နေရာရောက်သွားသည်။ ၄, ၅ အဆင့်လောက်တွင် ရှိနေသော မိန်းကလေးတစ်ယောက်က ပထမရသွားသည်။

ကျွန်တော် ဝန်ထမ်းဘဝကို ဝင်ရန်ကြိုးစားစဉ်အခါက ဝင်ခွင့်စာမေးပွဲ၊ အင်တာဗျူးများဖြေရသည်။ ရေးဖြေနှင့် အင်တာဗျုးများ အောင်မြင်သောကြောင့် ဝန်ထမ်းရွှေးချယ်သောအဖွဲ့က ဌာနသုံးခုကို ရွတ်ပြသည်။ ကြိုက်ရာဌာနကို သွားချက်ချင်းပို့မည်။ စဉ်းစားချိန်လည်း ပေးသည်။ ကျွန်တော် ကြားဖူးနားဝရှိသော ဌာနနှင့် မိတ်ဆွေသူငယ်ချင်းတိုက်တွန်းသော ဌာနကို ကျွန်တော် ရွေးချယ်လိုက်သည်။ ကျွန်တော်နှင့်အတူ အောင်မြင်သောသူများက ကျွန်တော်ရွေးချယ်သော ဌာနကို မလိုက်, တခြားဌာနများတွင် အလုပ်ဝင်ကြသည်။

လုပ်သက် (၁၅) နှစ်အတွင်း ကျွန်တော့်တွင် ထူးထူးခြားခြားဖြစ်မလာ။ အတူတူအလုပ်ဝင်ကြသော အခြားဌာနများကို ရောက်နေသည့် သူငယ်ချင်းများက ရာထူးကြီးကြီးရကာ ရုံးကားစီနေရပြီ။ တချို့ ကိုယ်ပိုင်ကားစီးနေရပြီ။ တချို့တိုက်ဆောက်နေရပြီ။ ကျွန်တော်က ဝန်ထမ်းအိမ်ရာတွင် ကပ်နေရတုန်း။

ကျွန်တော်နှင့် တစ်ဌာနချင်း လုပ်ဖော်ကိုင်ဖတ်များ အခြားဌာနခွဲများသို့ ပြောင်းသွားကြကာ နှစ်အနည်းငယ်အတွင်း အိုးပိုင်အိမ်ပိုင်ဖြစ်လာသည်။ ကျွန်တော်က အာကျကာ ပြောင်းရန်ကြိုးစားသောအခါ ပြောင်းရွှေ့ခွင့်က ပိတ်သွားပြီ။ မပိတ်လည်း ကျွန်တော့်အထက်လူကြီးက ပြောင်းခွင့်မပေး။ ဒီဌာနတွင် ကျွန်တော်မရှိလျှင် မဖြစ်တဲ့။
ဘာသိဘာသာနေခဲ့သော ကျွန်တော်သည် ကံဆိုသောအရာကို စိတ်ဝင်စားလာသည်။ ဉာဏ်နှင့် ဝီရိယကို ကျွန်တော်ထူးကြိုးစားအားထုတ်သည်။ ဝန်ထမ်းအချင်းချင်း ကျွန်တော့်ကို မယှဉ်နိုင်။ တစ်ခါက နိုင်ငံခြားကိုသွားရန် အခွင့်အလမ်းပေါ်လာသည်။
ကျွန်တော်နှင့် ရာထူးတူဝန်ထမ်းများ စာမေးပွဲဖြေကြရသည်။ လူတော်များများတွင် ကျွန်တော်က ဒုတိယရသည်။ နိုင်ငံခြားပို့ရန်လူခေါ်သောအခါ ပထမရသောသူတစ်ယောက်တည်းခေါ်သွားသည်။ ကျွန်တော် ကျန်နေခဲ့သည်။ ယခင်နှစ်များက နှစ်ယောက်သုံးယောက်ခေါ်နေကြဖြစ်သည်။ ကျွန်တော့်အလှည့်ကျမှ တစ်ယောက်တည်းခေါ်သွားသည်။

ထိုစဉ်ကစ၍ ကျွန်တော် ကံကိုယုံကြည်လာသည်။ လူတိုင်းတွင်ရှိနေကြသော ကံ၊ ဉာဏ်၊ ဝီရိယတွင် ဉာဏ်နှင့် ဝီရိဘကို ယှဉ်၍ရသည်။ ကံကို လုံးဝယှဉ်၍မရ။ လူတစ်ယောက်တွင် ဖြစ်ပေါ်လာသော ကံကောင်းခြင်း၊ ကံမကောင်းခြင်းသည် ပြီးခဲ့သော ဘဝအတိတ်က မိမိလုပ်ဆောင်ခဲ့သော ကောင်းကျိုးဆိုးကျိုးပေါ်တွင် မူတည်နေလေသည်။
ထို့ကြောင့် မိမိသည် ကံမကောင်းသူတစ်ယောက်ဖြစ်ကြောင်း ယုံကြည်လာသည်။

အဘယ်မျှ ကံမကောင်းကြောင်း ရယ်စရာအဖြစ်ပြောရလျှင် အလှူမင်္ဂလာဆောင်စသည်များတွင် ဒံပေါက်ကျွေးပါက မိမိစားရသောပန်းကန်တွင် လည်ချောင်းရိုးနှင့် အတောင်ပံသာကျသည်။ ချောင်နေသော ဘတ်(စ်)ကားတစ်ခုဆိုက်လာသောအခါ မိမိအပါအဝင် ခရီးသွားများပြေးတတ်ကြသည်။ လူအားလုံး ကိုယ်စီ နေရာရကြသည်။ မိမိတစ်ယောက်တည်း နေရာမရ။ အခမ်းအနားတစ်ခု (သို့) နေရာတစ်ခုတွင် အလှူရှင်တစ်ဦးဦးမှ ပစ္စည်းတစ်ခုခု (သို့) စာအုပ်၊ ဘောပင်များကို ဝေငှပါက မိမိနေရာအရောက်တွင် ကုန်သွားပြီဟု ခဏခဏ ကြုံရသည်။

ထို့ကြောင့် ကံဆိုးခြင်းကို စိတ်မကောင်းဖြစ်နေလျှင် မိမိပဲခံစားရမည်။ ခံစားနေရ၍ မည်သို့မျှအကျိုးရှိရမလား။ ယင်းအတွက်ကြောင့် မိမိသည် ဘာပဲလုပ်လုပ် အဆိုးဆုံးကို အလျင်စဉ်းစားသည်။ သည်းခံစိတ်ကိုအမြဲမွေးသည်။ ဒေါသကို ကင်းနိုင်သမျှကင်းအောင်နေသည်။

ကံ၏အကြောင်းတရားကို ယုံကြည်လာပြီးနောက် ကျွန်တော်သည် မြတ်စွာဘုရားရှင်၏ နှုတ်ထွက်တော်လာ ပရိတ်တော်ဂါထာတော်များကို အားကိုယုံကြည်စွာ ရွတ်ဖတ်မိသည်။ “စိတ်ကောင်းရှိ၊ သီလမြဲ၊ ဝိပဿနာစွဲ” ဟူသော အဆုံးအမကို အတတ်နိုင်ဆုံးဖြစ်အောင် ကြိုးစားအားထုတ်သည်။ ကျွန်တော်သည် ပုထုဇဉ်လူသားထဲမှ ခပ်ညံ့ညံ့လူတစ်ယောက်ဟု ကိုယ့်ကိုယ်ကို ယုံကြည်သောကြောင့် ငါးပါးသီလကို နေ့စဉ်မလုံခြုံပါ။ အင်္ဂါနေ့နှင့် သောကြာနေ့တွင် တစ်ပါးပျက်တတ်ပါသည်။ ကျန်ရက်များတွင် အတတ်နိုင်ဆုံးမပျက်အောင် ကြိုးစားပါသည်။

ကျွန်တော်သည် ဗေဒင်၊ လက္ခဏ၊ အကြားအမြင်စသည်တို့ကို စိတ်မဝင်စား၊ မေးလေ့မေးထမရှိ၊ ထိုအလုပ်များကို စိတ်ဝင်စားသော၊ တချို့စီးပွားရေးလုပ်နေသော မိတ်ဆွေအပေါင်းအသင်းများက မွေးသက္ကရာဇ်မေးကာ အတင်းဗေဒင်ဟောသည်။ လင်ဆွဲကာ လက္ခဏကြည့်သည်။ တစ်ယောက်နှင့်တစ်ယောက် မထူးခြားပါ။ ထူးခြားတာက အိုဇာတာ ကောင်းမည်ဆိုသော အချက်က တူညီသော ဟောကိန်းများဖြစ်သည်။ ဒါတွေကို ခေါင်းထဲမှာမထည့်။ လုပ်ရင်းဖြစ်ရမည်။ မဖြစ်ရင် ကံ၊ ကံ၏အကျိုးပဲဟု ခေါင်းထဲမှာထားသည်။

လွန်ခဲ့သော (၁၀) နှစ်ခန့်က (၃၃) လမ်း၊ လေထန်ကုန်းတွင် ကဗျာဆရာကြီး ရွှေဖြူးလွင်သစ္စာနှင့် တွေ့သည်။ ဆရာမ မြမြလှိုင်က မိတ်ဆက်ပေးသောကြောင့် သိရခြင်းဖြစ်သည်။ ယခင်ကမသိကျွမ်းပါ။ ထိုစဉ်က စိတ်ကိုစိတ်ဖြင့် ဟောမည်ဆိုသော ဆောင်းပုဒ်ဖြင့် ဆရာက ဟောခန်းဖွင့်ထားကြောင်းသိရသည်။ ဆရာမ မြမြလှိုင်းက “စာရေဂဆရာတွေဆိုရင် တစ်ပြားမှပေးစရာမလို၊ အလကားဟောပေးတယ်” ဟု ပြောသော်လည်း ကျွန်တော်က စိတ်မဝင်စား။ သို့သော်လည်း ဆရာရွှေဖြူးလွင်သစ္စာကိုယ်တိုင်က သူ့ထက်စာများများရေးနိုင်သော ကျွန့်တော့်ကို အားပေးအထင်ကြီးစကားဖြင့် ဟောကိန်းထုတ်ရန် စကားခေါ်နေသောကြောင့် ကျွန်တော်ခေါင်းညိတ်လိုက်ပါသည်။

ထိုအချိန်က ကျွန်တော့အသက် (၅၀) ခန့်ရှိ၍ ပြီးခဲ့သောကိစ္စများကို ဘာမှမပြော။ သူပြောတာက “အတိတ်ကသူလို ကိုယ်တိုင်ပြ မထူးခြားပါဘူး။ အိုဇာတာကောင်းတယ်” တဲ့။ ကောင်းမည်ဆိုသော အိုဇာတာကိုမျှော်ပြီး ကျွန်တော်စိတ်ကူးမယဉ်ပါ။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ပါသည်။

ကျွန်တော်၏ ရည်ရွယ်ချက်အတိုင်း “စိတ်ကောင်းရှိ၊ သီလမြဲ၊ ဝိပဿနာစွဲ” ကိုအတတ်နိုင်ဆုံးကြိုးစားပါသည်။ သွားလာနေထိုင်အချိန်ရတိုင်း အောက်ပါဂါထာများကို ထုံမွှမ်းနေအောင် ရွတ်ပါသည်။

တဏှင်္ကရော ရေတာစ – အစချီဂါထာ။
ဂါမေ ဝနေစသဗ္ဗတ္ထ – အစချီဂါထာ။
ဣဒ္ဓိမံန္တောစ ယေဒေဝါ – အစချီဂါထာ။
ပဌမံ သကလက္ခဏ – အစချီဂါထာ။
အဂ္ဂေါ ဗုဒ္ဓေါ၊ အဂ္ဂေါဓမ္မော – အစချီဂါထာ။
အဌာနမေတံ – အစချီဂါထာ။
ဇိနံဝန္ဒထ ဂေါတမံ – အစချီဂါထာ။
ဒိဝါတပတိအာဒိဇ္စော – အစချီဂါထာ။
ဣတိပိ ပိဋကတ္တရံ – အစချီဂါထာ။
တို့ဖြစ်သည်။

ကျွန်တော်သည် ထိုဂါထာများကို ရွတ်ဆိုတိုင်း ဘာဖြစ်ရပါလို၏။ ညာဖြစ်ရပါလို၏ဟု ဆုမတောင်းတတ်။ မကောင်းသောကံများ၊ လျှော့နည်းပပျောက်စေရန်သာ ရည်ရွယ်သည်။

မကြာမီကာလက ကျွန်တော့် အသက် (၆၀) ပြည့်၍ အငြိမ်းစားယူရန် လပိုင်းမျှလိုသောကာလတွင် လစာနှုန်းသစ်များ ထပ်တိုးခံရသည်။ မကြာမီ ရာထူးတစ်ဆင့်တိုးသည်။ ထို့ကြောင့် လုပ်သက်ဆုကြေးနှင့် ပင်စင်လစာများ တိုးသွားသည်။ ငါ ကံကောင်းလာပြီဟု စိတ်ထဲက စဉ်းစားမိသည်။ အသက် (၅၈) နှစ်အရွယ်က လုပ်သက် (၃၆) နှစ်နှင့် နှစ်ပြည့်ပင်စင်တင်ဖူးသည်။ ပင်စင်ကျလာပြီ။ ငါတော့ လွတ်လပ်ပြီး အေးအေးဆေးဆေးစာရေးတော့မည်ဟု ဝမ်းသာနေစဉ် ခင်မင်ရင်းနှီးအားပေးတိုက်တွန်းသည့် လုပ်ဖော်ကိုင်ဖက်များကြောင့် ပင်စင်ကို ပယ်ဖျက်ကာ အလုပ်ပြန်ဆင်းရသည်။

ထိုအချိန်ကသာ တဇွတ်ထိုးစိတ်နှင် ပင်စင်ယူခဲ့လျှင် လစာနှုန်းသစ်လည်းမရ၊ ရာထူးလည်းမတိုးဘဲ လုပ်သက်ဆုကြေးနှင့် ပင်စင်လစာများ ယခုထက်လျော့နေမည်ဖြစ်သည်။ ကျွန်တော်၏ ဝန်ထမ်းဘဝတစ်လျှောက်လုံး ဝန်ထမ်းအိမ်ရာတွင်သာနေခဲ့ရသည်။ အိုးပိုင်အိမ်ပိုင်နေရရန် အခွင့်အရေးမသာခဲ့။ ဉာဏ်နှင့် ဝီရိယအားနည်း၍မရနိုင်သလို ကံဆိုသော အကြောင်းတရားကလည်း မျက်နှာသာမပေးခဲ့။

အသက် (၆၀) ပြည့်၍ ပင်စင်ယူခဲ့လျှင် – ဝန်ထမ်းအိမ်ရာက ဖယ်ရတော့မည်။ (၆၀) မပြည့်မှီ ၄-၅ နှစ်လောက်ကတည်းက ကျွန်တော် တွေးပူနေမိသည်။ လုပ်သက်ဆုကြေးက သိန်း (၂၀) ကျော်၊ ပင်စင်လစာ က (၅) သောင်း (၇) ထောင်။ ပင်စင်လစာက စားရေးဝတ်ရေးအတွက်ထားတော့၊ လုပ်သက်ဆုကြေးသိန်း (၂၀) နှင့် အိမ်ခြံမြေကိစ္စ၊ အနားမကပ်နိုင်။ ကံကောင်းသွားပြန်သည်။

ကျွန်တော်၏သမီးဖြစ်သူသည် ကျွန်တော်ဌာနတွင် ဝန်ထမ်းတစ်ယောက်ဖြစ်နေ၍ ကျေးဇူးကြီးလှသော လူကြီးမင်းများ စောင်မကြည့်မှုမူကြောင့် သမီးအမည်နှင့် အိမ်ခန်းတစ်ခန်းရခဲ့သည်။ အသက် (၆၀) ပြည့်သည်နှင့် ထိုအခန်းကို ပြောင်း၍ သမီး၊ သမက်၊မြေးတို့နှင့် ကပ်နေခဲ့ရသည်။

သိန်း (၂၀) ဆိုသောငွေသည် ကိုယ်ပိုင်ငွေအဖြစ် တစ်သက်လုံးမကိုင်ဖူးခဲ့။ ရက်ပိုင်းမျှသာ ကိုင်ခဲ့ရသည်။ သိန်း (၂၀) လည်း အစပျောက်သွားသည်။ မိမိဆေးရုံ (၂) ကြိမ်တက်စဉ်က ကုန်ကျခဲ့ရသော ငွေများအတွက် ဇနီးသည်၏ လက်ဝတ်ရတနာများ ပေါင်နှံထားရသောကြောင့် ရွေးလိုက်သောအခါ အတိုးအရင်း (၁၈) သိန်းကျော်သွားသည်။ ကံမကောင်းသေး။

သို့သော် ကံကောင်းသွားပြန်သည်။ မိမိသည် ၂၀၁၀ ခုနှစ်၊ ၉ လပိုင်းတွင် အငြိမ်းစားယူခဲ့သည်။ အငြိမ်းစားယူပြီး (၃) လအကျော်၊ ၂၀၁၀ ဒီဇင်ဘာလထဲတွင် ကံစမ်းမဲတစ်ခုပေါက်သည်။ မိမိတစ်ဦးတည်းမဟုတ်၊ စာရေးဆရာ နန္ဒာမိုးကြယ်ဆိုသော ညီငယ်တစ်ယောက်နှင့် ပေါက်ခြင်းဖြစ်သည်။

မိမိ၏မွေးနေ့ရက်က စက်တင်ဘာ (၂) ရက်၊ နန္ဒာမိုးကြယ် မွေးရက်က ဒီဇင်ဘာ (၂၉) ရက်။ (၂၉) ရက်သည် (၂+၉=၁၁)၊ ၁၁ သည် (၁+၁=၂) ဖြစ်သည်။ ဆုမပေါက်သည်က ကားဖြစ်သည်။ ကား =၂ ဖြစ်သည်။ ကားနံပါတ်က (၄၇၇၂) ဖြစ်သည်။ ၄+၇+၇+၂=၂၀၊ ၂+၀=၂ ဖြစ်သည်။ တိုက်ဆိုင်လေစွ၊ ကံကောင်းလေစွ။ တစ်သက်မှာ တစ်ခါ ဒီလိုမျိုးဖြစ်မည်ဟု မိမိ တစ်ခါမျှ မစဉ်းစားခဲ့။

မိမိလိုချင်သော အိမ် (သို့) ခြံ (သို့) မြေ ဝယ်နိုင်မည်မှာ သေချာသွားပြီ။ မိမိသည် ကံမကောင်းသောကြောင့် အထက်တွင် ဖော်ပြခဲ့သော ဂါထာတော်များကို ထုံမွှမ်းနေအောင် ရွတ်ဆိုခဲ့သည်။ ခြိုးခြံစွာ ကျင့်သုံးနေထိုင်ခဲ့သည်။ သည်းခံစိတ်ကို မွေးခဲ့သည်။
မိမိရွတ်ဆိုသော ဂါထာတော်များသည် ဘာသာရေးစာပေများကို လေ့လာဖတ်ရှုရင်း ကောင်းနိုးရာရာများကို ရွေးချယ်ကာ ရွတ်ဆိုခဲ့ခြင်းဖြစ်သည်။

ထိုဂါထာများအနက် –

ဂါမေ ဝနေစ သဗ္ဗတ္ထ၊
ဒေဝေဟိ မနုသောဟိစ။
အာဘတော နန္တလာဘောမေ၊
သဒါဟောတု ဘဝါ ဘဝေ။

ဂါထာတော်အား မိမိသည် မည်သည့်နေရာ မည်သည့်စာအုပ်မှ ကူးယူ၍ရွတ်ဆိုခဲ့သည်ကို စဉ်းစားမရ။ တစ်နေ့လာဘ်မိုးစွေတိုက်ကိုရောက်မှ နန္ဒာမိုးကြယ်၏စားပွဲပေါ်တွင်ရှိသော ရောင်ပြန်စာအုပ်ကို အေးအေးဆေးဆေး လှမ်းကြည့်လိုက်မှ ပထမစာမျက်နှာထိပ်တွင် ထိုဂါထာကို တွေ့ရှိလိုက်ရခြင်းဖြစ်သည်။

မိမိသည် ရောင်ပြန်မဂ္ဂဇင်းတွင် စာမူမပါသည်မှာ ၄, ၅ နှစ်ခန့်ရှိပြီဖြစ်သောကြောင့် ထိုဂါထာကို မေ့နေခြင်းဖြစ်သည်။ ဂါထာအမည်က ‘လာဘ်မိုးစွေဂါထာတော်’ ဖြစ်သည်။ ထို့ကြောင့် မိမိကံကောင်းခြင်းသည် လာဘ်မိုးစွေဂါထာတော်ကြောင့်လည်းဖြစ်သည်ဆိုခြင်းသည် လွန်အံ့မထင်ပါ။
Ohm

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။