ရိုင်ယန် ဂေါ့စလင်း၊ အဝတ်ဗလာနီးပါး ဂျွန် စီးနား၊ ဇာတ်ပို့ခွေးကလေးနဲ့ ၂၀၂၄ အော်စကာဆုပေးပွဲ

Celebrity International News
ရိုင်ယန် ဂေါ့စလင်း၊ အဝတ်ဗလာနီးပါး ဂျွန် စီးနား၊ ဇာတ်ပို့ခွေးကလေးနဲ့ ၂၀၂၄ အော်စကာဆုပေးပွဲ

၂၀၂၄ အော်စကာဆုရှင်တွေ

အခုနှစ် အော်စကာဆုပေးပွဲကတော့ ကိုယ်လုံးတီးနီးပါး အဝတ်ဗလာနဲ့ ဆုကြေညာလွှာဖတ်သူအပါအဝင် မျက်ရည်တွေ၊ ခမ်းနားမှုတွေနဲ့ ၃ နာရီကြာအောင် ကျင်းပခဲ့ပါတယ်။ ဟောလိဝုဒ် ငွေကြယ်ပွင့်တွေရဲ့ အော်စကာညက အကောင်းဆုံးအခိုက်အတန့်တွေထဲက အချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။ အောက်မှာ ဆက်လက်ဖတ်ရှုပါ။

သရုပ်လည်းဆောင်၊ ဇာတ်ဝင်တေးလည်းဆိုတဲ့ ရိုင်ယန်

ဘာဘီ ဇာတ်ဝင်တေး သီဆိုနေတဲ့ ဂေါ့စလင်း

သရုပ်ဆောင် ရိုင်ယန် ဂေါ့စလင်းတစ်ယောက် သူဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်ထားတဲ့ ဘာဘီရုပ်ရှင်ထဲက I’m Just Ken ဆိုတဲ့ အော်စကာ ဇာတ်ဝင်တေး ဆန်ကာတင်ဆုပါ သီချင်းကို ကိုယ်တိုင် ဆုပေးပွဲမှာ သီဆိုဖျော်ဖြေသွားပါတယ်။

ဘာဘီရုပ်ရှင်ထဲ ပူးတွဲသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး မာဂေါ့ ရော်ဘီအနောက်ကနေ ရုပ်ထွက်ပြီး သီချင်းဆိုမှု စတင်ပါတယ်။ မာဂေါ့ ရော်ဘီလည်း သူ့နားနားမှာ သီချင်းကပ်ဆိုတဲ့ ရိုင်ယန်ရဲ့ဖျော်ဖြေမှုကို ပါးစပ်မစိနိုင်အောင်ရယ်မောခဲ့ပါတယ်။

ပန်းရောင်အနောက်တိုင်းဝတ်စုံဝတ်ပြီး သီချင်းဆိုတဲ့ ရိုင်ယန်တစ်ယောက် စင်မြင်ထက်ကို တက်တဲ့သွားတဲ့ အခါမှာတော့ ကောင်းဘွိုင်းဦးထုပ်ဆောင်းထားကြတဲ့အကသမားတွေကလည်း ကကွက်တွေဖော်ပြီး သူနဲ့ အတူ တင်ဆက်ခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ Guns N’ Roses အဖွဲ့က ဂစ်တာသမား Slash ကလည်း ရိုင်ယန်နဲ့အတူ သူ့ရဲ့ဂီတာ လက်စွမ်းပြ တီးခတ်ခဲ့ပြန်ပါတယ်။ ကကွက်တွေကတော့ ဂန္ဓဝင်ရုပ်ရှင်မင်းသမီး မွန်ရိုးရဲ့ Diamonds Are A Girl’s Best Friend သီချင်းထဲက ကွက်ကို ဖော်ကျူးတယ်လို့တောင် ယူခံရပါတယ်။

ရိုင်ယန်ရဲ့ဖျော်ဖြေမှုကို ပရိသတ်ကလည်း သူနဲ့အတူ သီချင်းလိုက်ဆိုကြပြီး စီးမြောပါတယ်။ ဇာတ်ဆောင်မင်းသမီးဆုရသွားတဲ့ အမ်မာစတုန်းနဲ့ ဘာဘီဒါရိုက်တာတို့လည်း သူနဲ့အတူ သီချင်းလိုက်ဆိုကြတာ တွေ့ရပါတယ်။

စတုန်းတစ်ယောက်တော့ စိတ်လှုပ်ရှားလွန်းလို့ထင်ပါရဲ့။ အမျိုးသမီးဇာတ်ဆောင်ဆုကို တက်ယူတဲ့အချိန်မှာ သူ့ဝတ်စုံနောက်ကျော ဇစ်ပြုတ်တာမျိုးတောင်ဖြစ်ခဲ့ပါတယ်။

စင်နောက်ကိုရောက်တဲ့အခါမှာတော့ သူက ‘‘ဇစ်ပြုတ်တဲ့ကျွန်မကို သူတို့ ပြန်ချုပ်ပေးလိုက်ပါပြီ။ I’m Just Ken သီချင်းလိုက်ဆိုနေတုန်း ပြုတ်သွားတာထင်ပါရဲ့ရှင်။ ရိုင်ယန်ရဲ့အဆိုမှာ မြောသွားခဲ့မိတာ။ စိတ်လွတ်လက်လွတ်ပျော်လိုက်တော့ ဒီလိုပဲဖြစ်တတ်တာပေါ့ရှင်’’ လို့ သူ့အပျော်ကို မျှဝေပါတယ်။

ပျက်လုံးအသစ်နဲ့ အော်စကာ တင်ဆက်သူ ဂျင်မီ ကင်းမဲလ်

အော်စကာဆုပေးပွဲမှာ တင်ဆက်သူအနေနဲ့ ပါဝင်တာ အခုတစ်ကြိမ်ဆိုရင် ၄ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်

ဟာသပညာရှင် ဂျင်မီ ကင်းမဲလ် တစ်ယောက် အော်စကာဆုပေးပွဲကျင်းပတဲ့ ဒေါ်လ်ဘီကဇာတ်ရုံကြီးထဲကို ဆုပေးပွဲ တင်ဆက်သူအနေနဲ့ လေးကြိမ်မြောက် ပြန်ရောက်လာပါတယ်။

ကင်းမဲလ် တစ်ယောက် သူ့ရဲ့ ဟာသ ပြောကွက်တွေအတွက် လေ့ကျင့်ခဲ့ပုံလည်းရပါတယ်။ ပရိသတ် ရယ်မောသံတွေက သက်သေပါပဲ။

သူ့တင်ဆက်မှုမှာ ဟောလိဝုဒ်မှာ ဇာတ်ညွှန်းရေးဆရာတွေနဲ့ သရုပ်ဆောင်တွေက ပြုလုပ်ခဲ့တဲ့ လနဲ့ချီကြာ ဆန္ဒပြပွဲရပ်သွားအောင် အားထုတ်ခဲ့ကြတဲ့ သရုပ်ဆောင်တွေနဲ့ ဇာတ်ညွှန်းရေးသူတွေရဲ့ ကြိုးပမ်းမှုကိုလည်း အသိအမှတ်ပြုပြောဆိုသွားပါတယ်။

‘’ရလဒ်ကတော့ သရုပ်ဆောင်တွေအနေနဲ့ သူတို့နေရာမှာ ဉာဏ်ရည်တုနည်းပညာ(AI)နဲ့အစားထိုး မခံရတော့တာပါပဲ’’ လို့ သူက အရွှန်းဖောက်ပါတယ်။

‘’သမိုင်းဝင် ဒီသဘောတူညီချက်ကြောင့် သရုပ်ဆောင်တွေဟာ အခုဆိုရင် သူတို့နေရာမှာ ငယ်ငယ် လှလှလေးတွေနဲ့ အစားထိုးခံရတော့မယ်ဆိုတာကို စိတ်ပူပူပန်ပန်နဲ့ အလုပ်ပြန်လုပ်နေကြရပါပြီ’’

ကင်းမဲလ်တစ်ယောက် သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို ခွန်းတုံ့ပြန်မှုကလည်း အင်တာနက်မှု ပျံ့သွားတဲ့ ဟာသတစ်ခုဖြစ်ခဲ့ပြန်ပါတယ်။ သမ္မတဟောင်းက သူ့ရဲ့ လူမှုကွန်ရက် Truth မှာ ‘’ဂျင်မီ ကင်းမဲလ်ထက်ဆိုးတဲ့ တင်ဆက်သူများရှိပါ့ဦးမလား’’ လို့ ထေ့ငေါ့ မေးခွန်းထုတ် ဝေဖန်မှုကို ဂျင်မီက ‘’ဒီဟာသတွေကပဲ သမ္မဟောင်းကြီးရဲ့ အကျဥ်းထောင်နေ့ရက်တွေကို ကုန်ဆုံးစေမှာမဟုတ်ဘူးလား’’ ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်တစ်ယောက် ကြုံနေရတဲ့ တရားရင်ဆိုင်ရမှုတွေကို ရည်ညွှန်းပြီး သူက ပြောဆိုတာဖြစ်ပါတယ်။

အစ္စရေး – ဂါဇာစစ်ပွဲအရေးလည်း အော်စကာမှာ မြင်ရ

အစ္စရေး – ဂါဇာစစ်ပွဲ အပစ်ရပ်ရေး လှုပ်ရှားတဲ့ ရင်ထိုးနီကို အဆိုတော် ဘေလီ အေ့လစ်ရှ်နဲ့ အကိုဖြစ်သူတို့လည်း အော်စကာဆုပေးပွဲမှာ ဝတ်ဆင်ထားကြ

ဂါဇာမှာ အစ္စရေးရဲ့စစ်ရေးလုပ်ဆောင်မှုကို ကန့်ကွက်သူတွေနဲ့ ဟောလိဝုဒ်က လမ်းတွေပေါ် ပြည့်နေခဲ့တာကြောင့် အော်စကာပွဲတက် သရုပ်ဆောင်တွေ လမ်းမှာ ကားတွေပိတ်ပြီး ပွဲခင်းထဲကို ရောက်ဖို့ နှေးခဲ့ပါတယ်။

Sunset Boulevard လမ်းပေါ်က ဆန္ဒပြသူတွေကတော့ ‘’ချက်ချင်း အပစ်ရပ်’’ဆိုပြီး ဟွန်းတွေ တီး ကြွေးကြော်ခဲ့ကြသလို လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့ကလည်း အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံပြည့်ဝတ်ဆင်ပြီး ဆန္ဒပြပွဲကို စောင့်ကြည့်ခဲ့ပါတယ်။

အော်စကာဆုပေးပွဲအတွင်းမှာလည်း အစ္စရေး-ဂါဇာ ပဋိပက္ခအရေးကို အသိပေး လှုပ်ရှားတာတွေရှိခဲ့ပါတယ်။ အဆိုတော် ဘေလီ အေ့လစ်ရှ်၊ သရုပ်ဆောင်မင်းသား မာ့ခ် ရက်ဖ်လိုနဲ့ ရာမီ ယူဆွစ်ဖ် တို့လို နာမည်ကြီးတွေက အနီနောင် ရင်ထိုးတွေ တပ်ဆင်ပြီး အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်ရပ်ရေးထောက်ခံကြောင်း ပြသခဲ့ပါတယ်။

အဲဒီရင်ထိုးတွေဟာ ဂါဇာမှာ အပစ်ရပ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို အိတ်ဖွင့်ပေးစာပေးပို့မှုမှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ဖျော်ဖြေရေးနယ်ပယ်ကလူတွေနဲ့ အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

မာဗယ်ဖျော်ဖြေရေးကို တည်ထောင်တဲ့ အစ္စရေး-အမေရိကန်နွယ်ဖွား အဗီ အာရက်ကတော့ အဝါရောင် ဖဲပြားကို ဝတ်ဆင်ပါတယ်။ အောက်တိုဘာလ ၇ ရက်မှာ ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်ခဲ့ချိန်တုန်းက ဟားမတ်စ်အဖွဲ့ ဖမ်းသွားတဲ့ ဓားစားခံတွေအရေး မမေ့ဘူးဆိုတာကို ပြသတဲ့အနေနဲ့ဖြစ်ပါတယ်။

ဒီစစ်ပွဲကို အော်စကာ စင်မြင့်ထက်မှာလည်း အသိအမှတ်ပြုပြောဆိုခဲ့ကြပါတယ်။ နာဇီအရာရှိတစ်ဦးနဲ့ သူ့မိသားစုရဲ့ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ အကျိုးစီးပွားဇုန်(The Zone of Interest)နာမည်ရတဲ့ နိုင်ငံတကာရုပ်ရှင်နဲ့ ဗြိတိသျှ ဒါရိုက်တာ ဂျွန်နသန် ဂလေဇာတစ်ယောက် နိုင်ငံတကာရုပ်ရှင်ဆုရတဲ့အခါမှာ ဒီစစ်ပွဲအရေးကို အလေးထားပြောသွားပါတယ်။

ဂျူးတစ်ယောက်ဖြစ်တဲ့ ဂလေဇာက ‘’အပြစ်မဲ့တဲ့လူတွေအများကြီးသေဆုံးမှုကို ဦးတည်စေခဲ့တဲ့ နယ်မြေသိမ်းပိုက်မှုကြောင့် ဂျူးဖြစ်တည်မှုနဲ့ ဟော်လိုကတ်စ်ဖြစ်ရပ်ဆိုးဟာ နောက်ကိုရောက်သွားခဲ့ရပြီ’’ လို့ ပြောပါတယ်။

‘’အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုရဲ့ သားကောင်တွေပဲဖြစ်စေ၊ ဂါဇာမှာ ဆက်ဖြစ်နေတဲ့ပဋိပက္ခရဲ့သား ကောင်းတွေပဲဖြစ်ပါစေ ခံရသူအားလုံးဟာ လူ့ဂုဏ်သိက္ခာမဲ့စွာ ပြုမူခံရတာပါပဲ။ ကျွန်တော်တို့ ဒါကို လက်ခံရပါမယ်’’

ဒဗိုင်း ဂျွိုင်း ရန်ဒေါ့ဖ် ရဲ့ ဝမ်းသာလို့ကျတဲ့မျက်ရည်

အော်စကာ ဆုပေးပွဲညမှာ ပထမဆုံး ဆုလက်ခံယူခဲ့တဲ့ ဒဗိုင်း ဂျွိုင်း ရန်ဒေါ့ဖ်ကတော့ ‘‘ကျွန်မ အနုပညာကို အခုလို မြင်တွေ့လာကြလို့ ကျေးဇူးတင်ပါတယ်’’ လို့ ပြောပါတယ်

ဒီနှစ်အော်စကာဆုပေးပွဲမှာတော့ ဆုပေးပွဲကို နှစ်စဥ်မပြတ်စောင့်ကြည့်ခဲ့ကြတဲ့ပရိသတ်တွေအကြိုက် တွေ့ခဲ့တဲ့နှစ်လည်းဖြစ်ပြန်ပါတယ်။ သရုပ်ဆောင်ဆု လေးမျိုးအတွက် ဆန်ကာတင်ဆန်ရင်းမှာပါဝင်သူတွေကို အလားတူဆုတွေရခဲ့ဖူးကြတဲ့အမျိုးသမီး သရုပ်ဆောင်တွေက ဆုချီးမြှင့်တဲ့ပုံစံကို ပြန်လည်ကျင့်သုံးတာကြောင့်ဖြစ်ပါတယ်။

ငွေကြယ်ပွင့်တွေက သူတို့ရဲ့ဘဝတစ်လျှောက် အော်စကာဆုရခဲ့တဲ့အခြေအနေကို ပြန်ပြောင်းပြောပြခဲ့ကြတာကလည်း တကယ့်ကို စိတ်ခံစားချက်မြင်ရတဲ့အခြေအနေပါ။

လူမည်းသရုပ်ဆောင် အမျိုးသမီး လူပီတာ ညိုက ဒဗိုင်း ဂျွိုင်း ရန်ဒေါ့ဖ်ကို ဆုပေးဖို့ မိတ်ဆက်ချိန်မှာ ပြောကြားတဲ့စကားလုံးတွေကြောင့် ဒဗိုင်း ဂျွိုင်း ရန်ဒေါ့ဖ်တစ်ယောက် မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ပါတယ်။

ပထမဆုံးဆန်ကာတင်ဆုမှာပါပြီး ပထမဆုံးအမျိုးသမီးဇာတ်ပို့ဆိုရတဲ့ ရန်ဒေါ့ဖ်က ‘’ ဒီအလုပ်ကို အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုအနေနဲ့ဖြစ်လာခဲ့လိမ်မယ်လို့ ကျွန်မ မထင်ခဲ့မိဘူး’’ လို့ သူ့ ဆုယူမိန့်ခွန်းမှဦပြောပါတယ်။ ‘’ကိုယ့်ကိုယ်ကို တခြားသူဖြစ်စေချင်ခဲ့မိတဲ့အချိန်တွေအတော်လေး ကြာအောင်ရှိခဲ့ဖူးပါတယ်။ အခုတော့ ကျွန်မဟာ ကျွန်မပဲဖြစ်ဖို့လိုအပ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်လိုက်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ကျွန်မရဲ့အားထုတ်မှုတွေကို မြင်အောင် ကြည့်ပေးကြတဲ့အတွက်ပါ’’

စင်နောက်ရောက်သွားတဲ့အခါမှာတော့ သူက ရုပ်ရှင်နယ်ပယ်မှာ ကိုယ်စားပြုသူနည်းပါးတဲ့ လူနည်းစုအနွယ်တွေအနေနဲ့ ဆက်ပြီး ကြိုးစားကြဖို့ အားပေးစကားပြောပါတယ်။ ‘’လူမည်းတစ်ဦးအနေနဲ့ပြောရရင် ကျွန်မတို့ဟာ စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးနိုင်စွမ်းမှာ သိပ်တော်ကြတယ်။ အများကြီးထဲမှာမှ တော်တဲ့သူနည်းနည်းထွက်တယ်။ ဒါကပဲ ကျွန်မတို့စွမ်းပကားပါပဲ’’

ဂျွန် စီးနား – ဟောလိဒ်မှာ အဝတ်ဗလာ‌ပြေးသူလား

ဂျွန် စီးနားတစ်ယောက် အဝတ်လုံးလုံး မပါလုနီးပါးဖြစ်ခဲ့

အခုနှစ်အတွက် ဝတ်စုံဒီဇိုင်းအော်စကာထူးချွန်ဆုဟာ သရုပ်ဆောင် ဂျွန် စီးနားကြောင့် မျက်လုံးထဲက လွယ်လွယ်မပျောက်မယ့် မြင်ကွင်းဖြစ်ခဲ့ပါတယ်။

တင်ဆက်သူ ကင်းမဲလ် ဖိတ်ခေါ်လို့ နပန်းသမားလည်းဖြစ်၊ သရုပ်ဆောင်မင်းသားလည်းဖြစ်တဲ့ စီးနား တစ်ယောက် ဆုပေးစင်မြင့်ထက်ကို တက်လာတဲ့အခါ အဝတ်ဗလာနီးပါးဖြစ်ခဲ့ပါတယ်။ သူ့ကို ကယ်ခဲ့တာကတော့ အခုနှစ်အတွက် ဝတ်စုံဒီဇိုင်းဆုရှင်နာမည်ထည့်ထားတဲ့ စာအိတ်ပဲ ဖြစ်ပါတယ်။

စီးနားတစ်ယောက် စင်ပေါ်မှာ ဘေးတိုက်လျှောက်ပြီး ဆုစာအိတ်ကို သယ်လာတဲ့အခါ ပရိသတ်တွေ အားလုံး ပွဲကျကုန်ပါတယ်။

‘‘ဝတ်စုံဆိုတာ … သိပ်ကို အရေးကြီးတယ်ဗျ’’ ‘‘ယောက်ျားတစ်ယောက်ရဲ့ကိုယ်ခန္ဓာကို ရယ်စရာလို့ မမြင်သင့်ပါဘူးဗျာ’’ သူက ပြောပါတယ်။

‘‘ကျုပ် ကိုယ်လုံးကတော့ ရယ်စရာကောင်းနေမှာ’’ လို့ ကင်မဲလ်က တုံ့ပြန်ပြောဆိုပါတယ်။

သရုပ်ဆောင်မင်းသားကြီးရဲ့ အစအနောက်လွန်မှု

အော်စကာဆုပေးပွဲ ပြီးခါနီးနောက်ဆုံးဆုကို ကြေညာခဲ့တဲ့ သရုပ်ဆောင်မင်းသားကြီး Al Pacino နဲ့ အစ အနောက်သန်မှုက ၂၀၁၇ ခုနှစ်တုန်းက အဖြစ်ကို ပြန်ရောက်သွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေကို ပရိသတ်တွေကို ဖြစ်စေခဲ့ဖူးပါတယ်။

အဲဒီတုန်းက ဆုကြေညာသူက မွန်းလိုက် ရုပ်ရှင်ကြား အကောင်းဆုံးရုပ်ရှင်ဆုရတာကို လာလာလန်း ရုပ်ရှင်ဆုရတယ်ဆိုပြီး မှားယွင်းကြေညာခဲ့တာကြောင့်ဖြစ်ပါတယ်။

အခုတစ်ကြိမ်မှာလည်း အိုပန်ဟိုင်မာ ရုပ်ရှင် အကောင်းဆုံးဆုရကြောင်း ကြေညာဖို့ မင်းသားကြီးက အော်စကာညအတွက် နောက်ဆုံးဆုကို ကြေညာချိန် ‘‘ကျွန်တော် စာအိတ်ကို ဖွင့်လိုက်ပါပြီ’’ ‘‘စာအိတ်မှာတော့ အိုပန်ဟိုင်မာလို့ရေးထားတယ်ဗျ’’ ‘‘အိုပန်ဟိုင်မာ ရသွားတာပါ ခင်ဗျာ’’ လို့ နားနားပြီးမှ ကြေညာခဲ့ပါတယ်။

အကောင်းဆုံးဇာတ်ပို့ ခွေးကလေးမက်ဆီ

ခွေးကလေး မက်ဆီ

ဒီနှစ်အော်စကာအတွက် အကောင်းဆုံးရုပ်ရှင်ဆန်ကာတင်ဆုစာရင်းမှာ Anatomy of a Fall ဆိုတဲ့ ဇာတ်ကားလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီပြင်သစ်ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ ခွေးကလေး မက်ဆီဟာ ကြည့်ရှုသူတွေရဲ့ချီးကျူးမှုကိုခံခဲ့ရသူပါ။

အော်စကာဆုပေးပွဲကို ဒီခွေးလေးလည်း တက်ရောက်မလားဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်ခဲ့အပြီးမှာတော့ မက်ဆီတစ်‌ယောက် ဆုပေးပွဲကို ရောက်လာပါတယ်။ လည်ပင်းမှာ အနက်ရောင် ဘိုးတိုင်ကြိုးတပ်ပြီး ခုံနီနီပေါ်မှာ အခန့်သားထိုင်လို့ပါ။

ဆုပေးပွဲမှာ မက်ဆီတစ်ယောက် အသားပေးရိုက်ကူးခံခဲ့ရတဲ့အချိန်တောင် ရှိခဲ့ပါတယ်။ မင်းသား ရောဘတ် ဒေါင်းနေး ဂျူနီယာတစ်ယောက် ဇာတ်ပို့မင်းသားဆု ယူတဲ့အခါမှာ လက်ခုပ်လက်ဝါးတီး အားပေးတယ်ဆိုတာပြသအောင် ကင်မရာက သူ့ရဲ့လက်သည်းတွေကို ရိုက်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လ အော်စကာအကြိုတွေ့ဆုံပွဲမှာ ခွေးလေးမက်ဆီနဲ့ တွေ့ဆုံထားဖူးတဲ့ ရိုင်ယန် ‌ဂေါ့စလင်းတစ်ယောက်လည်း အခုအော်စကာပွဲမှာ မက်ဆီကို ပြန်တွေ့ရလို့ပျော်နေပုံ ရပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။