အမေရိကန် ရွေးကောက်ပွဲ – ဘိုင်ဒန် နဲ့ ထရမ့် ပြန်တွေ့ကြတော့မယ်

International News
အမေရိကန် ရွေးကောက်ပွဲ – ဘိုင်ဒန် နဲ့ ထရမ့် ပြန်တွေ့ကြတော့မယ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ဟာ နိုဝင်ဘာမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းဖြစ်ဖို့ လိုအပ်တဲ့ကိုယ်စားလှယ်အရေအတွက် သတ်မှတ်ချက်နဲ့ ပြည့်မီသွားကြပြီ ဖြစ်ပါတယ်။

သမ္မတလောင်းဖြစ်ဖို့ သူတို့ပါတီတွေရဲ့ ပရိုင်မာရီရွေးကောက်ပွဲအတော်များများမှာ နှစ်ဦးစလုံး အသီးသီး အနိုင်ရခဲ့ကြတာပါ။

၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း သူတို့နှစ်ဦးပဲ သမ္မတလောင်းဖြစ်ခဲ့တာမို့ အခုလို သမ္မတလောင်း နှစ်ဦး ဒီလို အတူတူပြန်တွေ့တာက နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

လူထုသဘောထားစစ်တမ်းတွေမှာတော့ သူတို့နှစ်ဦးဟာ အကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ရှိပြီး ပွတ်ကာသီကာပဲ အနိုင်ရနိုင်မယ့် ပြည်နယ်အနည်းငယ်အပေါ်မှာ မူတည်မယ်လို့ ခန့်မှန်းကြပါတယ်။

သမ္မတလောင်းတွေအဖြစ် တရားဝင်ကြေညာမှုကိုတော့ လာမယ့်နွေရာသီမှာ ပါတီညီလာခံတွေကနေ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်ညပိုင်းမှာ သမ္မတ ဘိုင်ဒန်ပြောတာကတော့ သူ့ကို မဲဆန္ဒရှင်တွေက ထပ်အရွေးခံဖို့ ထောက်ခံကြတာကို သူဂုဏ်ယူကြောင်းနဲ့ အခုချိန်ဟာ ထရမ့်ရဲ့ခြိမ်းခြောက်မှု အရင်ထက် ပိုကြီးမားနေချိန် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အသက် ၈၁ နှစ်အရွယ် သမ္မတ ဘိုင်ဒန်က အမေရိကန် စီးပွားရေးဟာ အတက်ဘက်ကို ပြလာနေကြောင်း၊ ဒါပေမဲ့ အမေရိကန်ဒီမိုကရေစီအပေါ် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရကြောင်း၊ ကိုယ်ဝန်ဖျက်ချမှု ကန့်သတ်တဲ့ ဥပဒေတွေ အတည်ပြုဖို့နဲ့ လူမှုကူညီရေးအစီအစဉ်တွေကို ဖြတ်တောက်ဖို့ ကြိုးပမ်းနေကြသူတွေ ရှိကြောင်း ပြောခဲ့ပါတယ်။

“အမေရိကန်ပြည်သူတွေက အနာဂတ်ကို တက်လှမ်းသွားမယ့်လမ်းကိုပဲ ရွေးချယ်ကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်’’ လို့ မစ္စတာ ဘိုင်ဒန်က မဲဆွယ်ပွဲထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြပါတယ်။

လက်ရှိသမ္မတနေရာမှာ ရှိနေသူအဖြစ် မစ္စတာ ဘိုင်ဒန်ကတော့ ဒီမိုကရက်တစ်ပါတီထဲက သမ္မတလောင်းနေရာပြိုင်ကြတဲ့ တခြားသူတွေထက် သဘာဝအားဖြင့် အားသာလေ့ရှိပြီး ကြီးမားတဲ့ပြိုင်ဘက်မျိုး မရှိပါဘူး။

မဲဆန္ဒရှင်တွေကတော့ သူ့ရဲ့ အသက်ကြီးရင့်မှုကြောင့် သမ္မတတာဝန်ကို ထမ်းဆောင်နိုင်ပါ့မလားဆိုပြီး စိုးရိမ်မှုတွေတော့ ဆက်တိုက်ရှိနေပါတယ်။ ပါတီဘက်ကတော့ သူ့ကိုပဲ ထောက်ခံထားပါတယ်။

ရီပတ်ဘလီကင်ပါတီဘက်မှာတော့ အသက် ၇၇ နှစ်အရွယ် မစ္စတာ ထရမ့်က ရီပတ်ဘလင်ကင် မဲဆန္ဒရှင်တွေကြားမှာ အလွန် လူကြိုက်များနေဆဲပါ။ ပရိုင်မာရီရွေးကောက်ပွဲတွေမှာ ရန်ပုံငွေတောင့်တင်းတဲ့ တခြားပြိုင်ဘက်တွေကိုတောင် အနိုင်ရထားပါတယ်။

မစ္စတာ ထရမ့်ဟာ အိမ်ဖြူတော်ထဲကို ဒုတိယအကြိမ် ရောက်ဖို့အတွက် တင်းကြပ်တဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေ ပြဋ္ဌာန်းမယ့်အကြောင်းနဲ့ မဲဆွယ်ပါတယ်။ တချို့နယ်စပ်တွေ ပိတ်ဖို့ နဲ့ စံချိန်တင် များပြားအောင် ပြည်နှင်ဒဏ်ပေးဖို့ ကတိတွေလည်း ပေးထားပါတယ်။

မစ္စတာထရမ့်က သူ သမ္မတထပ်ဖြစ်ရင် ရာဇ၀တ်မှုတွေ တိုက်ဖျက်ဖို့၊ ပြည်တွင်း စွမ်းအင်ထုတ်လုပ်မှု တိုးထုတ်ဖို့၊ ပြည်ပသွင်းကုန်တွေကို အခွန်ကောက်ဖို့၊ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ နဲ့ နိုင်ငံတကာရေးရာတွေမှာ “အမေရိကန်ပထမ” မူဝါဒ ကိုင်စွဲလုပ်ကိုင်ဖို့ စတာတွေကိုလည်း ကတိပေးထားပါတယ်။

republican

မတ်လ ၁၂ ရက်နေ့က ရလဒ်တွေမှာ သမ္မတလောင်း ၂ ဦးစလုံး အနိုင်ရတာက အံ့သြစရာတော့ မဟုတ်ပါဘူး။ ပြီးထားပြီးသား ပြည်နယ်အများစုမှာလည်း သူတို့နှစ်ဦးက အသာစီးရနေခဲ့ကြတာပါ။

သူတို့နှစ်ယောက်စလုံးကတော့ ရေကုန်ရေခမ်းပြိုင်ဆိုင်ကြဖို့ ဆုံးဖြတ်ထားပေမဲ့ သဘောထားစစ်တမ်းတွေမှာတော့ အမေရိကန်ပြည်သူတွေက သူတို့နှစ်ဦးပဲ ထပ်တွေ့နေတာကို သိပ်တော့ သဘောကျကျေနပ်ကြပုံ မရကြောင်း ဖော်ပြကြပါတယ်။

ကောကပ်စ်စနစ် မဲရွေးပွဲဆိုတာ ဘာလဲ။

အမေရိကန်သမ္မတလောင်းတွေအတွက် ပရိုင်မာရီတွေနဲ့ ကော့ကပ်စ်ရွေးကောက်ပွဲတွေကို ပြည်နယ်အလိုက် ပြိုင်ကြပြီး ပါတီကိုယ်စားလှယ်အများစုရတဲ့သူက နိုင်တာပါ။

ဒီမိုကရက်တစ်နဲ့ ရီပတ်ပလီကင်ပါတီတွေမှာ ရွေးကောက်ပုံစည်းမျဉ်းတွေ နည်းနည်းကွာပေမဲ့ လုပ်ငန်းစဉ်ကတော့ အများအားဖြင့် အတူတူပါပဲ။

ပြည်နယ်တစ်ခုချင်းစီက ပါတီကိုယ်စားလှယ်အရေအတွက်တစ်ခု သတ်မှတ်ပြီး ရလဒ်ထွက်တဲ့အခါ အနိုင်ရသမ္မတလောင်းကို ကိုယ်စားလှယ်အရေအတွက် အားလုံးဖြစ်စေ အချိုးကျဖြစ်စေ ပေးတဲ့ စနစ် ဖြစ်ပါတယ်။

သမ္မတလောင်းဖြစ်ဖို့ဆိုရင် ရီပတ်ဘလီကင်သမ္မတလောင်းက ကိုယ်စားလှယ် အနည်းဆုံး ၁၂၁၅ ရှိဖို့ လိုအပ်ပြီး ဒီမိုကရက်ကတော့ ၁၉၆၈ ရဖို့ လိုအပ်ပါတယ်။

မတ်လ ၁၂ ရက်နေ့အထိ ရီပတ်ဘလီကင်ပါတီက မစ္စစ္စပီ၊ ဂျော်ဂျီယာ၊ ဝါရှင်တန်ပြည်နယ် တို့က ပရိုင်မာရီတွေနဲ့ ဟာဝိုင်ရီက ကော့ကပ်စ်တွေမှာ ရွေးချယ်ခဲ့ကြပြီးပါပြီ။

democratic

ဒီမိုကရက်တွေကတော့ ဂျော်ဂျီယာ၊ ဝါရှင်တန်၊ မစ္စစ္စပီ၊ မြောက်ပိုင်း မရီနာကျွန်းတွေနဲ့ ပြည်ပရောက် ဒီမိုကရက်တွေအတွက် ပရိုင်မာရီတွေကို ကျင်းပပြီးပါပြီ။

မစ္စတာ ဘိုင်ဒန်နဲ့ မစ္စတာ ထရမ့်တို့ရဲ့ အဓိက ပြိုင်ဘက်တွေက မတ်လ ၁၂ ရက် ပြိုင်ပွဲမတိုင်ခင်မှာပဲ နုတ်ထွက်ခဲ့ကြတဲ့အတွက် လက်ရှိရလဒ်တွေက သူတို့နှစ်ဦး သမ္မတလောင်းဖြစ်လာဖို့ သေချာနေပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟေလီက မစ္စတာ ထရမ့်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်ခဲ့ပြီး စူပါအင်္ဂါနေ့ (မတ်လ ၅ ရက်) က ထရမ့်ကို ပြည်နယ် ၁၄ ခုမှာ ရှုံးခဲ့ပြီးနောက် ပြိုင်ပွဲက နုတ်ထွက်ခဲ့ပါတယ်။

ကျန်နေသေးတဲ့ ပြည်နယ်တွေမှာ နောက်ထပ် ပရိုင်မာရီ ရွေးကောက်ပွဲတွေ ပြိုင်ဖို့ ရှိသေးပေမဲ့ မစ္စတာ ထရမ့်ရော မစ္စတာ ဘိုင်ဒန်ပါ သမ္မတလောင်းဖြစ်ဖို့ လိုအပ်တဲ့ကိုယ်စားလှယ်အရေအတွက် ရရှိပြီး ဖြစ်တဲ့အတွက် ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ပြိုင်ဖို့က အခုချိန်ကစပြီး တာလွှတ်လို့ ရပြီလို့တောင် ဆိုနိုင်ပါတယ်။

ရွေးကောက်ပွဲကတော့ နိုဝင်ဘာလ ၅ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။