ယူကရိန်းစစ်ပွဲမှာ ဆယ်ကျော်သက်တွေ ပါဝင်ဖို့ ကျောင်းသုံးစာအုပ်သစ်နဲ့ ရုရှားလှုံ့ဆော်

International News
ယူကရိန်းစစ်ပွဲမှာ ဆယ်ကျော်သက်တွေ ပါဝင်ဖို့ ကျောင်းသုံးစာအုပ်သစ်နဲ့ ရုရှားလှုံ့ဆော်

ရုရှားဖတ်စာအုပ်မျက်နှာဖုံးမှာ ရုရှားတပ်မတော်ခေါင်းဆောင်တွေနဲ့ ရုရှားစစ်တပ်ရဲ့ ပုံတွေကိုသုံးထားပါတယ်။
အသက် ၁၈ နှစ်ကျော်ရင် စစ်တပ်မှာ စာရင်းသွင်းဖို့ ဆော်သြထားတဲ့ ရုရှားက အထက်တန်းကျောင်းသုံးစာအုပ်

ရုရှားဟာ သူ့ပိုင်နက်ထဲက ကျောင်းတွေအားလုံးနဲ့ သူတို့သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေထဲက ကျောင်းတွေအားလုံးမှာ စစ်ဘက်ဆိုင်ရာဘာသာရပ်အသစ်တစ်ခုကိုမိတ်ဆက်ပြီး ကျောင်းသုံးစာအုပ်အနေနဲ့ ပြဋ္ဌာန်းလိုက်ပါတယ်။

“အမိမြေအတွက် လုံခြုံရေးနဲ့ ကာကွယ်ရေးအခြေခံများ” လို့ နာမည်ပေးထားတဲ့ အဲဒီ ဘာသာရပ်က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်ကစပြီး အသက် ၁၅ နှစ်နဲ့ ၁၈ နှစ်ကြား အထက်တန်းကျောင်းသားတွေအတွက် မသင်မနေရ ဘာသာရပ်ဖြစ်လာမှာပါ။

ဘီဘီစီက အဲဒီ ကျောင်းသုံးစာအုပ်အသစ်ရဲ့ မိတ္တူကို ရရှိထားပြီး စာမျက်နှာ ၃၆၈ မျက်နှာပါတဲ့ အဲဒီ စာအုပ်ကို နှံ့နှံ့စပ်စပ်ဖတ်ရှုပြီး ခွဲခြမ်းစိတ်ဖြာထားပါတယ်။

အဲဒီစာအုပ်မှာ ယူကရိန်းစစ်တပ်နဲ့ ပတ်သက်ပြီး ရုရှားရဲ့ လုပ်ကြံရေးသားထားတဲ့အချက်အလက်မှားတွေကိုတွေ့ရပြီး ကျောင်းသားတွေ စစ်ထဲဝင်ပြီး ကိုယ့် နိုင်ငံအမိမြေကို ကာကွယ်ဖို့ တိုက်တွန်းဆော်သြထားပါတယ်။

“အမိမြေ ဘေးကင်းရေးနဲ့ ကာကွယ်ရေး အခြေခံများ” ကျောင်းသုံးစာအုပ်ကို ရုရှားနိုင်ငံက ကျောင်းတွေ အားလုံးနဲ့ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းကဒေသငါးခုမှာ “ဘေးကင်းလုံခြုံစွာနေထိုင်မှု အခြေခံများ” ဆိုတဲ့ နှစ်ရှည်လများ ရှိခဲ့တဲ့ သင်ခန်းစာနေရာမှာ အစားထိုးပြီး တစ်ပတ်ကို တစ်ကြိမ် သင်ကြားပေးမှာဖြစ်ပါတယ်။

စစ်မှုထမ်းဟောင်းတွေက ဒီစာအုပ်သစ်ကို သင်ကြားမယ့် ဆရာတွေအဖြစ်ပြန်သုံးမယ်လို့ ယူဆရပါတယ်။ ဒါအပြင် ယူကရိန်းစစ်ပွဲက ပြန်လာတဲ့ သင်ကြားရေးဆိုင်ရာဘွဲ့ ရရှိထားတဲ့ ရုရှားနိုင်ငံသားတွေကိုလည်း အခမဲ့ ဆရာဖြစ်လေ့ကျင့်ရေးသင်တန်းတွေပေးနေပြီ ဖြစ်ပါတယ်။

“ကနဦး‌အနေနဲ့ ပိုပြီးဆွဲဆောင်မှုရှိပြီး ခေတ်မီစေမယ့် စစ်ရေးလေ့ကျင့်မှုပုံစံကို ကျွန်တော်တို့ အဆင်မြှင့်သွားမှာပါ” လို့ ရုရှားအသိပညာဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ဆာဂေး ခရက်ဗ်ဆော့က ပြောပါတယ်။

“အမိမြေ ဘေးကင်းရေးနဲ့ ကာကွယ်ရေး အခြေခံများ” ကျောင်းသုံးစာအုပ်ကို ရုရှားက ကျောင်းတွေ အားလုံးနဲ့ ရုရှားသိမ်းထားတဲ့ ယူကရိန်းကဒေသငါးခုမှာ သင်ကြားဖို့ ရှိပါတယ်။

“ရုရှားစစ်တပ်ရဲ့ အဖမြေကိုကာကွယ်ခြင်း” ဘာသာရပ်သစ်အတွက် ပထမဆုံးဖတ်စာအုပ်ကို ရုရှားရဲ့ ပညာရေးဆိုင်ရာစာအုပ်တွေရဲ့ ထုတ်ဝေတဲ့ “Enlightenment” ကုမ္ပဏီက ထုတ်ဝေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက အဲဒီကုမ္ပဏီမှာ သင်ကြားမယ့်ဆရာတွေနဲ့ အွန်လိုင်းမိတ်ဆက်အစီအစဥ်ရုပ်သံဖိုင်ကို ဘီဘီစီကကြည့်ရှုခွင့်ရခဲ့ပါတယ်။

“လုပ်ဖော်ကိုင်ဖက်များခင်ဗျာ။ ရုရှားနိုင်ငံရဲ့ ရှုထောင့်အမြင်နဲ့ သဘောထားတွေကို ကျွန်တော်တို့ ကျောင်းသားတွေကောင်းကောင်းနားလည်သိမြင်ဖို့ရာမှာ သတင်းအချက်အလက်တင်ပြနိုင်ရေးက အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့အားလုံး နားလည်ပါတယ်” လို့ ထုတ်ဝေတဲ့ကုမ္ပဏီ ကိုယ်စားလှယ် အိုဂလာပလီချိုဗာ က ပြောပါတယ်။

”ကျွန်တော်တို့ ကလေးတွေအတွက် တခြားအမြင်တွေကို ပေးလို့မပါဘူး။ ဒါ့ကြောင့် ဒီစာအုပ်က က‌လေးတွေရဲ့ မေးခွန်းတွေကို ဖြေရှင်းပေးပြီး တချို့ဖြစ်စဉ်တွေအကြောင်း ဖော်ပြရာမှာ ပိုပြီးတိတိကျကျဖြစ်ဖို့အတွက် အထောက်အကူပေးပါလိမ့်မယ်”

ယူကရိန်းစစ်မြေပြင်မှာတွေ့ရတဲ့ ရုရှားတင့်ကားတစ်စီးရဲ့ ဓာတ်ပုံကို ကရင်မလင်ကျောင်းသုံးစာအုပ်အသစ်မှာဖော်ပြထားပါတယ်။

ကျောင်းသုံးစာအုပ်ရဲ့ သရုပ်ဖော်ပုံတွေထဲက တစ်ခုကတော့ ယူကရိန်းရောက် ရုရှားတင့်ကားတစ်စီးရဲ့ ဓာတ်ပုံဖြစ်ပြီး ” တစ်ခါတလေ ငြိမ်းချမ်းရေးဆိုတာ တင့်ကားတွေရဲ့ အကူအညီနဲ့ပဲ ပြန်လည်ရယူနိုင်တယ်” ဆိုတဲ့ စာသားနဲ့ ပုံဖော်ထားပါတယ်။

အချို့ဖြစ်စဉ်တွေကို “တိကျစွာဖုံးကွယ်ဖို့ ” စာအုပ်ထုတ်ဝေရေးကုမ္ပဏီဟာ ကာကွယ်ရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာဖယ်တီမိုရှက်ဗ်၊ ကရင်မလင်က ‘ရုရှားသတင်းစာ’ ဒုတိယအယ်ဒီတာချုပ်လည်းဖြစ်တဲ့ အိုင်ဂေါ ချီရာညက်တို့ ‌ရဲ့ အကူညီတွေကိုလည်းယူပြီး ရေးသားထားကြတာပါ။

”နာဇီတွေရဲ့ ဒုံးကျည်တိုက်ခိုက်မှု ” ကြောင့် ယူကရိန်းကို ကျူးကျော်ခြင်း

ဘီဘီစီကရထားတဲ့ “ရုရှားစစ်တပ်ရဲ့ အဖမြေကိုကာကွယ်ခြင်း” သင်ရိုးသစ်စာအုပ်ရဲ့ စာမျက်နှာအများစုမှာ ၁၃ ရာစုကနေ ဒီကနေ့အထိ “ရုရှားစစ်သားတွေကို သူရဲကောင်း‌အဖြစ် ဖော်ညွှန်းပြီးသူတို့ရဲ့ အောင်မြင်မှုတွေ” ကိုဖော်ပြထားတဲ့ ပုံတွေနဲ့ ပြည့်နေပါတယ်။

စာအုပ်ထဲမှာ ဆိုဗီယက်အာဏာရှင် ဂျိုးဇက်စတာလင် ရဲ့ “မဟာမျိုးချစ်စစ်ပွဲ” (ဒုတိယကမ္ဘာစစ်အတွက် ရုရှားအသုံးအနှုန်းတစ်ခု) အတွင်း ဆိုဗီယက်ပြည်သူတွေရဲ့ အောင်ပွဲတွေ အဖြစ် ပုံဖော်ထားပါတယ်။

“ရုရှားနဲ့ ခရိုင်းမီးယား ပြန်လည်ပေါင်းစည်းရေး” (ယူကရိန်းကျွန်းဆွယ်ကို သိမ်းပိုက်ဖို့ အတွက် ကရင်မလင် ရဲ့ အသုံးအနှုန်း )မှာ ရုရှားစစ်တပ်ရဲ့ အခန်းကဏ္ဍကိုလည်း ချီးကျူးဂုဏ်ပြုထားပါတယ်။

ခရိုင်းမီးယားကို သိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့ ဆိုဗီယက်အာဏာရှင် စတာလင်နဲ့ ရုရှားစစ်တပ်တို့ကို စာအုပ်ထဲမှာ ဂုဏ်ပြုထားပါတယ်

ဆိုဗီယက်အာဏာရှင် စတာလင်နဲ့ ခရိုင်းမီးယားကို သိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့ ရုရှားစစ်တပ်တို့ကို စာအုပ်ထဲမှာ ဂုဏ်ပြုထားပါတယ်။

စာအုပ်ရဲ့ သီးခြားအခန်း ကဏ္ဍတစ်မှာတော့ ရုရှားရဲ့ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်မှုကို ”ယူကရိန်းထဲက အထူးစစ်ဆင်ရေး” လို့ နာမည်ပေးထားပါတယ်။

“၂၀၁၄ ခုနှစ် ကိယက်ဗ်မှာ အာဏာသိမ်းမှု ဖြစ်တုန်းက အစိုးရသစ်က ရုရှားနဲ့ ပတ်သက်တာတွေကို ဖြိုခွဲဖျက်ဆီးခဲ့တယ်။ ရုရှားစာအုပ်တွေ မီးရှို့ခံရ၊ အထိမ်းအမှတ် အဆောက်အအုံတွေ ဖျက်ဆီးခံရတယ်၊ ရုရှားသီချင်းတွေနဲ့ ရုရှားဘာသာစကားတွေ ပိတ်ပင်ခံခဲ့ရတယ်” ဆိုတဲ့ အချက်အလက်အမှားတွေကို အဲဒီစာအုပ်မှာရေးသားဖော်ပြထားပါတယ်။

“ရုရှားသွေး” ကော့တေးတွေနဲ့ စားသောက်ဆိုင်တွေမှာ ကျွေးမွေးဧည့်ခံခဲ့တယ်”

တခြားအချက်အလက်မှားတချို့ကတော့ ”လူဟန့်စ်ခ် နဲ့ ဒွန်းညက်စ်ခ် ဒေသတွေက မြို့တွေမှာ အဲဒီမူဝါဒကိုဆန့်ကျင်သူတွေကို နာဇီ(ယူကရိန်းကို ရုရှားအစိုးရအခေါ်) တွေက အမြောက်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်သလို ဗုံးကြဲတာတွေလည်းလုပ်ခဲ့တယ်”လို့ ဖော်ပြထားပါတယ်။

“စစ်စတင်ဖို့ ကြံစည်သူမှာ ယူကရိန်းနဲ့ နေတိုးတို့ဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်က မြူးနစ်ညီလာခံမှာ ယူကရိန်းသမ္မတ ဇလန်းစကီးက ရုရှားနိုင်ငံကို ခြိမ်းခြောက်ခဲ့ပြီး ယူကရိန်းက နျူလက်နက်ပိုင်ဆိုင်ဖို့ စီစဉ်ထားတယ်တယ်လို့ ပြဋ္ဌာန်းစာအုပ်မှာဖော်ပြထားပါတယ်။

ကိယက်ဗ်ဟာ ဒွန်းဘတ်စ်ဒေသကို ပြန်ထိန်းချုပ်ဖို့နဲ့ ခရိုင်းမီးယားကို ပြန်သိမ်းဖို့ စီစဉ်ခဲ့ပြီး အဲဒီနောက် အဲဒီနေရာမှာ နေတိုးအဖွဲ့ အခြေစိုက်ဖို့ရှိတယ်လို့ ဖော်ပြပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင်တွေက သံချပ်ကာယာဉ်အမြောက်အမြား နယ်စပ်မျဉ်းမှာ စုစည်းထားတယ်” ဆိုပြီးလည်း ဆက်လက်ဖော်ပြပါတယ်။

ယူကရိန်းနိုင်ငံရေးလေ့လာသုံးသပ်သူ ဗလာဒီမီယာ ဖီဆန်ကိုက ဒီအကြောင်းအရာကို “သတင်းမှားတွေနဲ့ အလိမ်အညာတွေ” အဖြစ် အမျိုးအစားခွဲခြားထားပါတယ်။

သူက မြူးနစ်မှာပြောခဲ့တဲ့ ဇလန်းစကီးရဲ့ မိန့်ခွန်းမှာ ဘူဒါပက်စ်စာချွန်လွှာအကြောင်း ပြောခဲ့တာကို ပြန်ကိုးကားပြပါတယ်။

ဒီသဘောတူညီချက်ကို ၁၉၉၄ ခုနှစ်မှာ လက်မှတ်ထိုးခဲ့တာဖြစ်ပြီး ရုရှားနဲ့ အခြားနိုင်ငံတွေရဲ့ လုံခြုံရေးအာမခံချက်အတွက် ယူကရိန်းက နျူကလီးယားလက်နက်တွေကို စွန့်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ခရိုင်းမီးယားကို ရုရှားက ၂၀၁၄ က သိမ်းပိုက်ခဲ့တုန်းက အဲဒီအာမခံချက်တွေကို ချိုးဖောက်ခဲ့တာပါ။

မစ္စတာဖီဆန်ကိုရဲ့ အဆိုအရ ၂၀၂၁ ခုနှစ်နှောင်းပိုင်းကစပြီး ယူကရိန်းနယ်စပ်အနီးမှာ ရုရှားစစ်တပ်ရဲ့ တပ်ဖြန့်ချထားမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေတိုးလာချိန်မှာ သမ္မတဇလန်းစကီးက အဲဒီချိုးဖောက်မှုကိုအလေးပေးပြောခဲ့တာလို့ဆိုပါတယ်။ ကျောင်းသုံးစာအုပ်ထဲက အချက်တွေကတော့ သူပြောတာနဲ့ မကိုက်ညီပါဘူး။

သမ္မတဇလန်းစကီးရဲ့ အဲဒီ မြူးနစ်ညီလာခံမှာ ပြောကြားပြီး သိပ်မကြာခင်မှာ ယူကရိန်းကို ရုရှားကအလုံးစုံ ကျူးကျော်စစ်တိုက်ခဲ့တာပါ။

ယူကရိန်းရဲ့ မာရီယူပိုးလ်‌အပါအဝင် နာဇီတွေနဲ့ ပြည်ပကြေးစားစစ်သားတွေဟာ တိုက်ပွဲအတွင်းthayဆုံးခဲ့ကြတယ်ဆိုပြီး ပြောဆိုချက်တွေဟာ မှားယွင်းတယ်လို့ဖော်ပြ

ရုရှား ဗုံးကြဲခဲ့တဲ့ ယူကရိန်းရဲ့ မာရီယူပိုးလ်‌မြို့ အကြောင်းမှာတော့ “နာဇီတွေနဲ့ ပြည်ပကြေးစားစစ်သားတွေ” နဲ့ တိုက်ပွဲတွေအတွင်း ပျက်စီးခဲ့ရတယ်လို့ စာအုပ်မှာ ဖော်ပြ

အဲဒီကျောင်းသုံးစာအုပ်မှာ ရုရှား ဗုံးကြဲခဲ့တဲ့ ယူကရိန်းရဲ့ မာရီယူပိုးလ်‌မြို့ အကြောင်းမှာတော့ “နာဇီတွေနဲ့ ပြည်ပကြေးစားစစ်သားတွေ” နဲ့ တိုက်ပွဲတွေအတွင်း ပျက်စီးခဲ့ရတယ်လို့ စာအုပ်မှာ မှားယွင်းဖော်ပြထားပါတယ်။

ဘီဘီစီက တွေ့ဆုံမေးမြန်းခဲ့တဲ့ ကျွမ်းကျင်သူတွေက အဲဒီစာအုပ်ဟာ ရုရှားသိမ်းပိုက်နယ်မြေတွေထဲက ယူကရိန်းအရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပျက်စီးမှု လျော့နည်းစေအောင် ရုရှားက ဦးစားပေးလုပ်ခဲ့တယ်ဆိုပြီး ဖော်ပြထားတယ်လို့ မှတ်ချက်ပြုကြပါတယ်။

“ရုရှားက သိက္ခာရှိစွာ တိုက်ခိုက်နေ” စဉ်မှာ “ယူကရိန်းကတော့ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်တယ်”ဆိုပြီး ဒီစာအုပ်က ဖော်ပြပါတယ်။

” ဒါဇင်နဲ့ချီတဲ့ ယူကရိန်း အရပ်သားတွေကို ရုရှားတွေက thetဖြတ်ပြီး အမျိုးသမီးတွေကို အဓမ္မပြုကျကျင့်ခံရတယ်လို့ သတင်းတွေထွက်ခဲ့တဲ့ ကိယက်ဗ်ဒေသ၊ ဘူခါက အဖြစ်ဆိုးကို ကျွန်တော်တို့ အားလုံး မှတ်မိကြမှာပါ” လို့ မစ္စတာဖရန်ဆိုကပြောပါတယ်။

“ဒီလိုဖြစ်ရပ်မျိုး ဒါဇင်နဲ့ချီပြီး ရှိတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ ဟာကိဗ် အမျိုးသားတက္ကသိုလ် အဆောက်အအုံဟာ ရုရှားက မြို့ကို တိုက်ခိုက်တဲ့ ပထမဆုံးနေ့မှာ ဖျက်ဆီးခံခဲ့ရပါတယ်။ ကျွန်တော့် သမီးတွေ ပညာသင်ခဲ့တဲ့ ကျောင်းကိုလည်း ဗုံးကြဲတယ်။ ဒါတွေက ရုရှားက ရက်ရက်စက်စက် ဖျက်ဆီးခဲ့တဲ့ အရပ်သား အဆောက်အအုံတွေပဲ”လို့ သူက ဆက်ပြောပါတယ်။

ကျောင်းစာသင်ခုံကနေ စစ်မြေပြင်ဆီသို့

“ရုရှားစစ်တပ်ရဲ့ အဖမြေကိုကာကွယ်ခြင်း” စာအုပ်ရဲ့ နောက်ထပ်အခန်းတစ်ခုမှာ ရုရှားစစ်တပ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို အတွင်းကျကျခြုံငုံသုံးသပ်ထားတာနဲ့ စတင်ပါတယ်။ ဒီအကြောင်းအရာတွေ ထဲမှာတော့ အသက် ၁၈ နှစ်အထက် ရှိသူတွေ စစ်မှုထမ်းလာကြဖို့ လှုံ့ဆော်မှုတွေ ပိုတိုးဖော်ပြလာပါတယ်။

ကျောင်းသုံးစာအုပ်မှာ စစ်မှုထမ်းစာရင်းသွင်းဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဓာတ်ပုံအရွယ်အစား၊ လျှောက်လွှာပုံစံနဲ့ ဆက်သွယ်စာရင်းသွင်းဖို့ လင့်ခ်တွေ၊ ကိုယ်နဲ့နီးစပ်ရာလိပ်စာတွေအပါအဝင် လုပ်ငန်းစဉ်တွေကို ဖော်ပြထားပါတယ်။ အခမဲ့ဆေးကုသရေးနဲ့ အာမခံ၊ ဆွဲဆောင်မှုရှိတဲ့ လစာနဲ့တစ်နေ့သုံးနပ်ကျွေးမယ့် ရိက္ခာတွေလည်း ထောက်ပံ့ထားပါတယ်။

ဒါအပြင် စစ်မှုထမ်းဖို့ ပျက်ကွက်ရင် ခရက်ဒစ်ကတ် သုံးစွဲခွင့်မပြုတာ၊ ကားမောင်းလိုင်စင်ပိတ်တာနဲ့ ပိုင်ဆိုင်မှုစာရင်းသွင်းဖို့ တားမြစ်တာ အပါအဝင် ဖြစ်လာမယ့် ကန့်သတ်ချက်မျိုးမျိုးကိုလည်း ဖော်ပြထားပါတယ်။

စစ်မှုထမ်းမှတ်ပုံတင်ဖို့ လျှောက်လွှာပုံစံနဲ့ လင့်ခ်တွေကို ပိုပြီးအလေးပေးဖော်ပြထားပါတယ်။

ခရိုင်းမီးယားနဲ့ ဒွန်းဘတ်စ်တို့လို သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေက လူငယ်တွေဟာ ဒီလိုစီးပွားရေးဆိုင်ရာဆုလာဒ်တွေနဲ့ ဆွဲဆောင်ခံရနိုင်တယ်လို့ ခရိုင်းမီးယားလူ့အခွင့်အရေးအဖွဲ့ အကြီးအကဲ Olha Skrypnyk က သတိပေးပါတယ်။

“ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ယူကရိန်း သိမ်းပိုက်ထားတဲ့ နယ်မြေတွေက ကလေးတွေကို ဦးတည်တဲ့ ပြင်းထန်တဲ့ ဝါဒဖြန့်မှုတွေအပြင်၊ အဲဒီမှာ ငွေရှာဖို့ အခွင့်အလမ်းတွေ မရှိဘူး။ ဒီလို လစာမျိုး တခြား ဘယ်မှာ ရနိုင်ပါ့မလဲ” လို့ မစ္စ Skrypnyk က ပြောပါတယ်။

စာသင်ကျောင်းဝင်းအတွင်းက ရုရှားစစ်သား

ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ အရန်အင်အားတွေအတွက် စည်းရုံးရာမှာ ကျောင်းသုံးစာအုပ်အသစ်က အထောက်အကူဖြစ်စေမယ်လို့ သူက ပြောပါတယ်။ ”ဒါကြောင့် အဲဒီက က​လေး​တွေဟာ စစ်ထဲဝင်ပြီး ​thayသွားလိမ့်မယ်”

နှစ်နှစ်ကြာစစ်ပွဲအတွင်း ရုရှားနိုင်ငံဟာ အသက် ၂၀ နှစ်နဲ့အောက် စစ်သား အနည်းဆုံး အယောက် ၁၂၄၀ ဆုံးရှုံးခဲ့ပါတယ်။ ဒီကိန်းဂဏန်းက ထုတ်ပြန်ဖော်ပြတဲ့ အချက်အလက်တွေအပေါ်မှာပဲ အခြေခံပြီး ဘီဘီစီရုရှားဌာနက အတည်ပြုထားတာဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။