””ဆေးဘက်ဝင်ပြီး တန်ဖိုးကြီးရှားပါးသည့် ငါးကြီးအန်ဖတ်””

Health Knowledge
””ဆေးဘက်ဝင်ပြီး တန်ဖိုးကြီးရှားပါးသည့် ငါးကြီးအန်ဖတ်””

ငါးကြီးအန်ဖတ်(Ambergris)ဆိုသည်မှာ အမည်နှင့်လိုက်အောင်ပင် ငါးမန်း၊ဝေလငါးနှင့် လင်းပိုင်ကဲ့သို့ကြီးမားသောငါးကြီးများမှ အန်ထုတ်လိုက်သည့် ရှားပါးသဘာဝပစ္စည်းအမယ်တစ်မျိုး ဖြစ်ပါသည်။

ငါးကြီးအန်ဖတ်ကို ကြီးမားသောငါးကြီးမျိုးများမှ ရရှိသည်ဆိုသော်လည်း အမှန်အားဖြင့် Sperm Whale အမည်ရှိသော ဝေလငါးမျိုးတစ်မျိုးတည်းမှသာ ရရှိနိုင်သည့် တန်ဖိုးကြီးရှားပါးသဘာဝပစ္စည်းဖြစ်ပါသည်။Sperm ဝေလငါးများ၏ အစာခြေလမ်းကြောင်းမှနေထုတ်လုပ်သော အညိုပုပ်ပုပ်အရောင်ရှိသည့် ကျိချွဲချွဲအရာတစ်မျိုးကို ငါးကြီးအန်ဖတ်ဟု ခေါ်ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် ဝေလငါးမျိုးစိတ်(၃၆)မျိုးခန့်ရှိသည့်အနက် အဆိုပါငါးကြီးအန်ဖတ်ရရှိသည့် Sperm Whale ၏ သိပ္ပံအမည်မှာ Physeter macrocephalus ဖြစ်၍ မျိုးစဥ် (Class)မှာ Mammalia ဖြစ်ပါသည်။ Sperm Whale သည် မွေးဖွားသည့်အခါ နို့တိုက်ကျွေးသောဓလေ့ရှိသည့် နို့တိုက်သတ္တဝါ အမျိုးအစားဖြစ်သည်။အရွယ်ရောက် Sperm Whale တစ်ကောင်သည် ခန္ဓာကိုယ်အလျှား ပေ ၅၀ မှ ပေ ၆၀ ကျော်အထိရှည်လျားပြီး ကိုယ်အလေးချိန်အားဖြင့် တန် ၅၀ ကျော်ထိ ကြီးထွားနိုင်ကြသည်။၄င်းဝေလငါးမျိုး၏ သက်တမ်းမှာ နှစ် ၆၀ ကျော် ဖြစ်ပါသည်။

ငါးကြီးအန်ဖတ်ရရှိပုံ

Sperm whale မျိုးစိတ် ဝေလငါးများ၏ အစာစားသောက်သောအလေ့အထ(Feeding Habited) မှာ ရေဘဝဲ၊ပင်လယ်ငါးအစရှိသည့် ရေသတ္တဝါမျိုးများဖြစ်သော်လည်း အဓိကထားစားသုံးသောအစာမှာGiant Squid ဟုခေါ်သည့် ဧရာမကင်းမွန်ငါးမျိုးကြီးများ ဖြစ်ပါသည်။Sperm Whale သည် အစားကျူးသောသတ္တဝါအမျိုးအစား(Prodigious Feeder)ဖြစ်ပြီး အစာစားနှုန်းမှာ တစ်ရက်လျှင် ခန္ဓာကိုယ်အလေးချိန်၏ ၃%ခန့် စားသုံးကြောင်းသိရပါသည်။အစာရှာဖွေရာ၌ ပင်လယ်သမုဒ္ဒရာအောက် ရေအနက် မီတာ ၃၀၀ မှ မီတာ ၈၀၀ (ပေ ၃၃၀၀ မှ ၆၆၀၀ အနက်အတွင်း) အစာရှာဖွေလေ့ရှိကြောင်းသိရှိရပါသည်။

Sperm Whale ငါးကြီးများသည် အစာကိုလွန်ကဲစွာ စားသုံးတတ်သည်နှင့်အညီ ကိုယ်လက်မအီမသာ ဖြစ်လာသည့်အခါ အစာအိမ်အခန်းများမှ စားသုံးချေဖျက်ဆဲဖြစ်သည့် အစာကို ပြန်လည်အန်ထုတ်လို က်ခြင်းဖြင့် ငါးကြီးအန်ဖတ်အဖြစ် ရရှိခြင်းဖြစ်ပါသည်။
ငါးကြီးအန်ဖတ်ကို ပင်လယ်သမုဒ္ဒရာများအတွင်း ပေါလောမျောလျက်နေခြင်းဖြင့် လည်းကောင်း ၊ ပင်လယ်ကမ်းခြေကမ်းစပ်များတွင် သောင်တင်လျက်ရှိသောအနေအထားမျိုးဖြင့်လည်းကောင်းတွေ့ရှိရတတ်ပါသည်။

ငါးကြီးအန်ဖတ် ဖြစ်ပေါ်လာပုံ

လတ်ဆတ်သည့်ငါးကြီးအန်ဖတ်တွင် ရေညှိနံ့လိုလို၊ မစင်နံ့လိုလို အနံ့တစ်မျိုးရှိပါသည်။ ငါးကြီးအန်ဖတ်ကို ရေမွှေးနံ့သာများ ထုတ်လုပ်သည့်နေရာတွင် အသုံးဝင်သည့်အတွက် ဈေးကွက်ထဲတွင် တန်ဖိုးကြီးကြီးဖြင့်ရောင်းချနိုင်ပါသည်။

ငါးကြီးအန်ဖတ်ကို စပန်းဝေလငါးများ၏ အစာခြေလမ်းကြောင်းမှ ထုတ်လုပ်ပါသည်။ဝေလငါးများသည် giant squid ဟုခေါ်သည့် ဧရာမကင်းမွန်ကြီးများကို စားသည့်အခါ ထိုကင်းမွန်ကြီးများ၏ နှုတ်သီးချွန်များက ၎င်းတို့၏ အူနံရံကို အနာတရမဖြစ်စေရအောင် ကျိချွဲနေသည့် အရည်တစ်မျိုးကို ထုတ်ပေးသည်ဟု ယူဆထားကြပါသည်။
ငါးကြီးအန်ဖတ်ဟုခေါ်ဆိုကြသော အဆိုပါ အကျိအချွဲများသည် အန်ရင်းဖြင့်လည်း ထွက်လာနိုင်သ ကဲ့သို့ မစင်နှင့်အတူ စအိုပေါက်မှ စွန့်ထုတ်လိုက်ခြင်းဖြင့်လည်းလည်း ထွက်လာနိုင်သည်ဟုဆိုကြသည်။ဝေလငါးကိုယ်ထဲမှထွက်လာပြီးသည့်နောက် သမုဒ္ဒရာရေမျက်နှာပြင်တွင် နှစ်ပေါင်းများစွာ မျောနေပါသေးသည်။

ထိုသို့ မျောနေစဉ်အတွင်း နေရောင်ခြည်နှင့်ကြာမြင့်စွာထိတွေ့သည့်အခါအောက်ဆီဂျင်နှင့်ပေါင်းပြီး အရောင်မဲလာကာ မာကျောလာပါသည်။ ထိုအခါတွင် ငါးကြီးအန်ဖတ်မှာ အရက်ပြန်လက်သန့်ဆေးထဲ၌ပါသည့် Isopropyl ​Alcohol ကဲ့သို့အနံ့မျိုး ရှိလာပါသည်။သို့သော်လည်း အရက်ပြန်ကဲ့သို့လည်း အနံ့စူးရှခြင်းမျိုး မရှိပေ။

ငါးကြီးအန်ဖတ် စစ်ဆေးခြင်း

ငါးကြီးအန်ဖတ်အစစ်မှာ ဖယောင်းသားကဲ့သို့ ချောပြောင်နေပြီး အလင်းပေါက်ကာ မီးစွဲလွယ်သည်ဟု ဆိုပါသည်။စစ်မစစ် စမ်းသပ်ကြည့်ရန်မှာ မီးရှို့လိုက်ပါက အရက်ပြန်သုတ်ထားသကဲ့သို့ မီးလိုက်သည်ဟု ဆိုပါသည်။အရောင်မှာ အဖြူနှင့် အမဲရောင်ရှိပြီး အမဲရောင်အမျိုးအစားက စျေးနှုန်းပိုရကြောင်း သိရှိရပါသည်။

တွေ့ရှိနိုင်သည့်ဒေသများ

ငါးကြီးအန်ဖတ်မှာ ပင်လယ်ထဲမျောနေပြီးနောက် ကမ်းရိုးတန်းဒေသတစ်ခုခုတွင် သောင်တင်လေ့ရှိပါသည်။ အတ္တလန္တိတ်ကမ်းရိုးတန်းတလျှောက်၊ဘရာဇီး၊အရှေ့အိန္ဒိယ၊တောင်အာဖရိက၊ မာဒါဂါစကာ၊အရှေ့တောင်အာရှ၊ မော်ဒိုက်၊ တရုတ်၊ ဂျပန်၊ ဩစတေးလျနှင့် နယူးဇီလန်တို့မှာ အများဆုံးတွေ့ရပါသည်။

အရွယ်အစား

ငါးကြီးအန်ဖတ်မှာ အရွယ်အစား အမျိုးမျိုးရှိနိုင်ပါသည်။ အလေးချိန် ၁၅ ကီလိုမှ ကီလို ၅၀ ခန့်ထိ တွေ့ရတတ်ပါသည်။ငါးကြီးအန်ဖတ်ထဲတွင် အဓိကပါဝင်သည့် ဒြပ်ပေါင်းများမှာ Ambrein၊Ambroxan နှင့် Ambrinol တို့ပဲဖြစ်ပါသည်။

အသုံးပြုပုံ

ငါးကြီးအန်ဖတ်ကို အဓိကအားဖြင့် ရေမွှေးနံ့သာများထုတ်သည့်နေရာတွင် fixator (အနံ့ပေါင်းဆေး) အနေဖြင့် အသုံးပြုပါသည်။အမွှေးနံ့သာနှင့် ပတ်သက်သည့် အလှကုန်ပစ္စည်းများ၊ မုန့်မျိုးစုံနှင့် ဝိုင်ကဲ့သို့ သော ယမကာများ၌လည်း သုံးစွဲကြောင်းသိရပါသည်။၄င်းအပြင် ပရဆေးအဖြစ်လည်း သုံးစွဲကြပြီး ကာမနှင့် ပတ်သက်သောအားဆေးသဖွယ်လည်း ယုံယုံကြည်ကြည် သုံးစွဲကြပါသေးသည်။ငါးကြီးအန် ဖတ်ကို တန်ဖိုးကြီးရေမွှေးများဖော်စပ်ရာ၌ ချုပ်ဆေးအဖြစ် အဓိကထားသုံးစွဲကြသည်ဟု ဆိုပါသည်။

သို့သော်လည်း ယခုအခါ ဝေလငါးများရှားပါးလာမှု့နှင့်အတူ ငါးကြီးအန်ဖတ်၏ဈေးကလည်း အဆမတန်ကြီးမြင့်လာသောကြောင့် ရေမွှေးထုတ်လုပ်သူများက အစားထိုးဒြပ်ပေါင်းများကို အသုံးပြုလာနေကြပါပြီ။

ငါးကြီးအန်ဖတ်သည် ကျောက်သွေး၊ငှက်သိုက်၊ကြံ့ချို၊ကတိုးကောင်တို့ကဲ့သို့ ရှားပါးစျေးကြီးတန်ဖိုး မြင့်မားလှသည့် သဘာဝပစ္စည်းအမယ်တစ်မျိုးဖြစ်လေရာ မိမိတို့၏ ကံဇာတာအလျောက် ကြုံကြိုက်တွေ့ရှိပါက တမဟုတ်ချင်း ကြီးပွားချမ်းသာမည့် အခွင့်အရေးမျိုး ရရှိနိုင်ပါသည်။မြန်မာနိုင်ငံ၌လည်း ရခိုင်၊တနသာ်ရီနှင့် မွန်ပြည်နယ်ဖက်များ၌ သောင်တင်လာသော ဝေလငါးကြီးမျိုးများ တွေ့ရှိရကြောင်းမှတ်တမ်းများအရသိရပါသည်။

သို့ဖြစ်ရကား ပင်လယ်ပိုင်းဒေသများ၊ကမ်းခြေကမ်းစပ်များသို့ အကြောင်းအမျိုးမျိုးအားဖြင့် သင်ရောက်ရှိခဲ့ပါသော် သင်ဖတ်ရှုလေ့လာထားသည့် ဗဟုသုတများကို အသုံးချ၍ ရှာဖွေစမ်းသပ်ကြည့်နိုင်ပါကြောင်း လေ့လာရေးသားဖော်ပြအပ်ပါသည်။

crd- နှင်းအိ(ရာမညမြေ)
ကိုးကား-(၁)မြန်မာ့စွယ်စုံကျမ်း
(၂)ဝီကီပီးဒီးယား

ရေးသားသူ –crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။