လိုလျှင်သုံးရန် သားဖွားမန္တန်

Astrology
လိုလျှင်သုံးရန် သားဖွားမန္တန်

စာရေးသူ၏ မိခင်ကြီးသည် ယခုအချိန်၌ အသက် (၈၀) ရှိပြီးဖြစ်သော်လည်း ကျန်းမာသန်စွမ်းဆဲရှိပါသည်။ ဈေးကို ကိုယ်တိုင်သွား၍ ကိုယ်တိုင်ဝယ်၊ ကိုယ်တိုင်ချက်ပြီးစား၏။ အဝတ်အစားများကိုလည်း ကိုယ်တိုင်ပင် လျှော်ဖွပ်နေဆဲ။ ထိုမျှမက အိမ်မှုကိစ္စများကိုလည်း ယခုတိုင် လုပ်ကိုင်နေဆဲ။

မိခင်ကြီးသည် ရှေးမှီနောက်မှီလည်းဖြစ်၏။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တို့ကိုလည်း မှီ၍ ကျွန်မတို့အား အိပ်ယာဝင်ပုံပြင်များအဖြစ် ၎င်းအတွေ့ အကြုံများကို ပြောပြတတ်၏။ တနည်းအားဖြင့် ကမ္ဘာစစ်ကြီး တလျှံလျှံ တငြီးငြီးတောက်လောင်နေသော ခေတ်တွင် မိခင်ကြီးတို့ လူလားမြောက်ခဲ့ရပါသည်။

တစ်နေ့တွင် ကျွန်မ၏သူငယ်ချင်းတစ်ဦး ကလေးမဖွားနိုင်၍ နောက်ဆုံးတွင် ဗိုက်ခွဲမွေးလိုက်ရသည့် အကြောင်းကို အမေ့ကို ပြောပြမိသည်။ အမေက . . . “ဆေးပညာတွေ တိုးတတ်တော့လည်း လုပ်ချင်ရာလုပ်နိုင်ကြပြီပေါ့ကွယ်။ ဗိုက်ခွဲတယ်ဆိုတာ အမေတို့တော့ ကြားရရုံနဲ့ ကြက်သီးထသွားတာပဲ။ အခုခေတ်များ လွယ်လိုက်တာ။ အမေတို့ ငယ်ငယ်က စစ်ကြီးကလည်းဖြစ်နေတော့ ဆေးရုံတွေ၊ ဆရာဝန်တွေဆိုတာ ဘယ်ရှိမတုန်း။ ဒီလိုပဲ အရပ်လက်သည် အားကိုးနဲ့ပဲ မွေးကြဖွားကြရတာကလား။ ဒါပေမယ့် ညည်းတို့ အထင်မသေးနဲ့နော် လက်သည်းနဲ့ မွေးတဲ့ကလေး ဆယ်ယောက်မှာ ကိုးယောက်လောက်က ရှင်တယ်ဟဲ့” ဟု ပြောကြားပါသည်။

ထို့နောက် ဆက်လက်၍ အမေတို့ခေတ်က ဒေသရိုးရာ ယုံကြည်မှုအရသော်လည်းကောင်း၊ သက်ကြီးစကား၊ သက်ငယ်ကြား ဆေးမြီးတိုများ အဖြစ်လည်းကောင်း အလွယ်တကူ သားဖွားစေနိုင်သော ဂါထာမန္တန်လက်စွဲ များကိုလည်း ကြားသိခဲ့ရပါသည်။

“အင်္ဂုလိမာလသုတ်ကိုတော့ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် လူတိုင်းတော့ အလွယ်မရကြပါဘူး။ အခု အမေပြောတဲ့ ဂါထာမန္တန်တွေက အတိုလေးတွေမှတ်ရလွယ်တယ်။ အသုံးတည့်တယ်။ စွမ်းလည်းစွမ်းတယ်။ ကရိကထနည်းပြီး လုပ်ရလွယ်တယ်။ ဒီနည်းတွေကို သမီးတို့ခေတ်မှာ မသုံးစွဲကြပေမယ့် ရှေးပညာစုတွေ မပျောက်အောင် မှတ်သားထားကြ”

အမေက ဤသို့ လိုလိုလားလားပေးနေ၍ ကျွန်မတို့လည်း ဗဟုသုတတိုးပွားစေသောငှာ လိုက်လံရေးမှတ်ကြရပါတော့သည်။ အမေပြောပြသော “သားဖွားလွယ်ကူ စေသော မန္တန်အစီရင်များ” မှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) (ဥုံ ငှက်ကြီး စားတိုင်း အစာနင်၊ နင့်အစာ နင်ထုတ်ဟဲ့)
ရေတစ်ခွက်ကို ၎င်းမန္တန်ဖြင့် အသက်အောင့်၍ ခုနှစ်အုပ်မန်း၍ တိုက်ပါ။ ပြီးလျှင် ခွက်ကိုမှောက်ထားပါ။ ကလေးဖွားမြင်သော် ခွက်ကို လှန်လိုက်ပါ။ ခွက်လှန်ရန် မမေ့ပါနှင့်။ မလှန်လျှင် thayတတ်သည်။

(၂) (ကျီးမနားထန်းရွက်ကိုယူ၍ သံလျှက်ပုံဖြစ်အောင် လှီးညှပ်လိုက်ပါ။ ပြီးလျှင် (ဇ) အက္ခရာကို ရေးရင် (ဥုံ ဇကွဲ ကွဲချင်သလို ကွဲလေရာလဟယ်) . . . ဟု အံကြိတ်၍ဆိုပါ။ ဇကွဲအမြီး ဖျားလေးကို သံလျှက် အစွန်းသို့တိုင် တစ်ချက် တည်းဆွဲသွားပါ။ ဆို၍ပြီးသည်နှင့် ရေး၍လည်းပြီးနေစေရ၊ မကြာခင် လွယ်ချောမွေ့စွာ ဖွားမြင်ပါလိမ့်မယ်။

(၃) (မဖွားနိုင်သော မိခင်၏ ဆံပင်ဖျားကို သရော်ကင်ပွန်း နှင့်ဆေး၍ ရသော ရေတစ်ခွက်ကိုယူကာ မြေကြီးပေါ်တွင် ခြေစုံရပ်၍) (ဥုံ ပထဝီတစ်ထောင် ငါတစ်ဝက်၊ ဝသုန္ဒရေတစ်စက်၊ ငါးတစ်စက်၊ ရေစက်ချကာ မြေကြီးသွက်သွက်ခါ ငါလည်းသွက်သွက်ခါ၊ ခါဆရာခါ၊ ချာဆရာ ချာ . . . ) ဟု ခုနှစ်အုပ်မန်း၍ ရေကို မြေပေါ်သို့ တစ်ဝက်သွန်ချလိုက်ပါ။ ကျန်သောရေကို မိခင်အား တိုက်ပါ။ ရေတိုက်ပြီးနောက် မူလရေသွန်ထားသော နေရာသို့သွား၍ (ငါလဲခါပြီ၊ နင်လဲချာတော့) ဟုဆိုပြီး ရေသွန်ထားသော နေရာမှမြေကိုယူ၍ တော်ရာသို့ ပစ်လိုက်အိပ်ပေါ်ပြန်မတတ်ရ။ မကြာမီ ဖွားမြင်မည်။ ဖွားပြီးမှ တတ်ပါ။

ဤကား မိခင်ကြီးပေးသော ဒေသအစဉ် အလာအရ ယုံကြည်စွာပြုလုပ်ခဲ့ကြသော မန္တန်အစီအရင်းများဖြစ်ပါသည်။ ဆေးပညာမတိုးတက်သော ကာလတွင်ပင် အောင်မြင်စွာ လုပ်ကိုင်နေကြသော အစီရင်များဖြစ်၍ ပညာဗဟုသုတတိုးပွားစေသောငှာ ရည်သန်၍ စာဖတ်သူများအား တင်ဆက်ရေးသား ဖော်ပြလိုက်ရပါတော့သည်။

ရေးသားသူ –ဥုံ – Ohm

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။