ဒီနွေ အမြန် ကုန်ပါစေ

Local News
ဒီနွေ အမြန် ကုန်ပါစေ

နွေအပူကို အံတုနေကြရသူတွေ

မိုးလင်းလို့ အပူချိန်မမြင့်သေးတဲ့ မနက် ၆ နာရီကနေ ၇ နာရီအတွင်းကို ဈေးသွားဖို့ နှီးခမောက်ဆောင်း၊ ဆွဲခြင်းယူပြီး လိုအပ်တဲ့ဟင်းချက်စရာနဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေကို ခပ်သုတ်သုတ်ဝယ်ပြီး ဒေါ်ကြည်ကြည်အေးတစ်ယောက် ပြန်လာခဲ့ပါတယ်။

“မနက် ၈ နာရီထိုးလောက်ကစပြီး နေကပူပြီ။ နေရောင်နဲ့ အသားနဲ့ ထိတဲ့နေရာဆို စပ်ဖျင်းဖျင်းဖြစ်လာတာ”လို့ သူက ပြောပါတယ်။

အိမ်ရောက်ရင်လည်း မချက်ပြုတ်ရသေးခင် သမီးဖြစ်သူကို နွေရာသီ ကွန်ပြူတာသင်တန်းကို ပို့တဲ့အချိန်က ၉ နာရီပါ။ သမီးဖြစ်သူကိုပါ အင်္ကျီလက်ရှည်၊ ဦးထုတ်၊ ထီး စတာတွေကို ဝတ်ဆင်ပေးပြီး သင်တန်းကို ပို့ခဲ့ရပါတယ်။ ပြန်လာချိန်မှာတော့ တကိုယ်လုံးကို ချွေးတွေရွှဲပြီး မောနေပါပြီ။

“အပူချိန်တွေ တက်မယ်လို့ အွန်လိုင်းကနေ သိထားတာပဲ။ တခြား အုပ်ချုပ်ရေးပိုင်းတွေကတော့ ကြေညာတာတွေ သတိပေးတာတွေ မရှိပါဘူး။ ကိုယ့်ဘာသာကိုယ် လေ့လာပြီး သတိထားနေကြရတာပဲ”လို့ ရန်ကုန်မြို့က အသက် ၅၀ ကျော်အရွယ် ‌ဒေါ်ကြည်ကြည်အေးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်နွေရာသီတုန်းကလည်း သူတို့နေတဲ့လမ်းရဲ့ အနောက်လမ်းမှာ အနှေးယာဉ်မောင်းတစ်ယောက် အလုပ်လုပ်နေရင်း သတိလစ်လဲကျသွားရာကနေ ဦးနှောက်သွေးကြောပြတ် သေဆုံးသွားခဲ့တာကိုလည်း မြင်ခဲ့ရတာကြောင့် ဒီနှစ် ပိုပြီးပူပြင်းလာမယ့်နွေမှာ သတိထားကျော်ဖြတ်ဖို့ ကြိုးစားနေပါတယ်။

“ဟိုရက်ကဆို ဈေးသွားချိန်လည်း နည်းနည်းနောက်ကျသွားတယ်။ ၈ နာရီလောက်ဖြစ်သွားတာပေါ့။ ဈေးထဲမှာ ချွေးတွေပြန်ပြီး ရိပ်ကနဲ ဖြစ်ဖြစ်သွားတာ။ ခြေလက်တွေလည်း လေးပင်လာတာ၊ ဒါနဲ့ အိမ်ရောက်ရောက်ချင်း ဓာတ်ဆားရေသောက်လိုက်ရတယ်”လို့ အပူဒဏ်အောက်မှာ သူကြုံတွေ့ခဲ့ရတဲ့ ကျန်းမာရေး အခြေအနေတွေကို ပြောပြပါတယ်။

အခုချိန်ဟာ ဧပြီလဆန်းပိုင်း နွေရာသီကာလဖြစ်ပြီး ဒေသတချို့မှာ အပူချိန်တွေ မြင့်တက်နိုင်တယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူတွေက သတိပေးထားပါတယ်။

အပူလှိုင်းနဲ့ မြို့နယ် ၁၉ ခု

မြင့်တက်နေတဲ့အပူချိန်အောက်မှာ ရေအတွက် ပူပန်ရသူတွေ

ဒေသတစ်ခုမှာ ၃ ရက်အထက် အပူချိန်မြင့်မားတာ ဆက်တိုက်ဖြစ်နေတယ်ဆိုရင် အပူလှိုင်းဖြတ်တယ်လို့ သတ်မှတ်ထားတယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောပါတယ်။

Heat – Wave အပူလှိုင်းကို နိုင်ငံအလိုက်နဲ့ နိုင်ငံတကာ မိုးလေဝသ ဌာနတွေမှာ သတ်မှတ်ထားတဲ့ အပူချိန်က မတူညီကြဘဲ အာရှနိုင်ငံတွေမှာဆိုရင် ၃၇ ဒီဂရီဆဲလ်ဆီးယပ်နဲ့အထက် သုံးရက်ဆက်တိုက်ဖြစ်ရင် Level – 1 ၊ ၄၀ ဒီဂရီ စင်တီဂရိတ်အထက်ဆိုရင် Level – 2 လို့ သတ်မှတ်ကြတယ်လို့ ဦးဝင်းနိုင်က ရှင်းပြပါတယ်။

ပြည်နယ်နဲ့ တိုင်းတွေမှာ အခုပတ်အတွင်း ဖြစ်နိုင်တဲ့ အပူချိန်ခန့်မှန်းချက်တွေအရ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ကရင်၊ ရှမ်းအရှေ့ဘက်တွေမှာ ၃ ရက်-၄ ရက်ဆက်တိုက် အပူချိန်တွေ မြင့်တက်နေတာကြောင့် အပူလှိုင်းဖြတ်မယ်လို့ ပြောနိုင်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်မှာ ၃၆ ကနေ ၃၈ ဒီဂရီ ဆဲလ်ဆီးယပ်
နေပြည်တော်နဲ့ မန္တလေးမှာဆိုရင် ၃၉ ကနေ ၄၂ ဆဲလ်ဆီးယပ်
ပုသိမ်မြို့မှာ ၃၅ ဒီဂရီ ဆဲလ်ဆီးယပ်
ပဲခူးမှာ ၃၉ ကနေ ၄၀ ဒီဂရီ ဆဲလ်ဆီးယပ်
မြိတ်မှာ ၃၃ ဒီဂရီ ဆဲလ်ဆီးယပ်
ကော့သောင်းမှာ ၃၄ ကနေ ၃၆ ဒီဂရီ ဆဲလ်ဆီးယပ်
ဘားအံမှာ ၃၈ မှ ၃၉ ဒီဂရီ ဆဲလ်ဆီးယပ်
လွိုင်ကော်မှာ ၃၅ ကနေ ၃၇ ဒီဂရီ ဆဲလ်ဆီးယပ်
မကွေးမှာ ၃၉ ကနေ ၄၃ ဒီဂရီ ဆဲလ်ဆီးယပ်
မုံရွာမှာ ၃၉ ကနေ ၄၂ ဒီဂရီဆဲလ်ဆီးယပ်
စစ်တွေမှာ ၃၁ ကနေ ၃၂ ဒီဂရီ ဆဲလ်ဆီးယပ်
ဟားခါးမှာ ၂၃ ကနေ ၂၆ ဒီဂရီ ဆဲလ်ဆီးယပ်
တောင်ကြီး မှာ ၂၈ ကနေ ၃၃ ဒီဂရီ ဆဲလ်ဆီးယပ်
တာချီလိတ်မှာ ၃၈ ကနေ ၄၂ ဒီဂရီ ဆဲလ်ဆီးယပ်
လားရှိုးမှာ ၃၂ ကနေ ၃၆ ဒီဂရီ ဆဲလ်ဆီးယပ်
မြစ်ကြီးနားမှာ ၃၁ ကနေ ၄၃ ဒီဂရီ ဆဲလ်ဆီးယပ်
ပူတာအိုမှာ ၂၂ ကနေ ၂၄ ဒီဂရီ ဆဲလ်ဆီးယပ် တို့ဖြစ်တယ်လို့ မိုးလေဝသ အခြေအနေတွေကို ထုတ်ပြန်ပေးနေတဲ့ MMWeather Knowledge က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့လို အအေးပိုင်းဒေသက မြို့နယ်တွေပါ အပူချိန်မြင့်တက်လာတာကတော့ “အဓိကတရားခံက အယ်လ်နီညိုလို့ခေါ်တဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်ကြောင့်ပါ” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

အယ်နီညိုဟာ တကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ အစွန်းရောက် ရာသီဥတုဖြစ်ပြီး ကမ္ဘာ့အပူချိန်ဟာ ၀ ဒသမ ၂ ဒီဂရီ ဆဲလ်ဆီးယပ်လောက် တက်လေ့ရှိပါတယ်။

“မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ မတတ်နိုင်တဲ့ ပြည်သူတွေမှာ ပိုပြီးခံစားရနိုင်ပါမယ်။ တောင်မင်း- မြောက်မင်းမကယ်နိုင်ဆိုသလို ဒေသတခုနဲ့တခု ကူညီကယ်ဆယ်နိုင်တဲ့ အခြေအနေတွေလျော့ပါးနေလို့ပါ” ဦးဝင်းနိုင်က ပြောပါတယ်။

အမြင့်ဆုံး အပူချိန် စံချိန်သစ်တွေ

၂၀၂၄ ခုနှစ်မှာ ချောက်မြို့နယ်ဟာ အပူချိန် ၄၅ ဒီဂရီ ဆဲလ်ဆီးယပ်ကို ရောက်ခဲ့ပါတယ်

မကွေးမြို့ကနေ ချောက်မြို့ကို ပုံမှန်သွားလာနေတာဆိုရင် ဆိုင်ကယ်နဲ့ နှစ်နာရီသာ သွားလာရပေမဲ့ ဧပြီ ၄ ရက်မှာတော့ ၄ နာရီလောက် ကြာခဲ့ပါတယ်။

မကွေး- ချောက် လမ်းတစ်လျှောက်မှာ သစ်ပင်အရိပ်မရှိတာ၊ အပူချိန်ပြင်းတာကြောင့် ခန္ဓာကိုယ်လည်း ပူပြင်းလာသလို ဆိုင်ကယ်အင်ဂျင်တွေလည်း ပူလာတာကြောင့် နာရီဝက်တစ်ခါ အနားယူရတယ်လို့ ချောက်မြို့နယ်က ကိုရေနံသာဒင်းဂါးက ပြောပါတယ်။

“တော်တော်ပူတယ်ဗျာ။ လမ်းတွေဆို အငွေ့တွေပျံပြီး တချို့နေရာမှာ ကတ္တရာတွေဆို အရည်တောင်ပျော်နေတယ်”လို့ သူလမ်းတစ်လျှောက်မှာ မြင်ခဲ့ရတာတွေကို ပြောပါတယ်။

ချောက်မြို့နယ်ဟာ မိုးခေါင်ရေရှား ရပ်ဝန်းဖြစ်တာကြောင့် ပုံမှန်အားဖြင့် ၄၂ ဒီဂရီစင်တီဂရိတ်လောက်အထိကို အသားကျနေတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ မတ် လ အတွင်းမှာဆိုရင် ချောက်မြို့နယ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၆ နှစ်တာ ကာလအတွင်း ၄၅ ဒီဂရီဆဲလ်ဆီးယပ်ကနေ ၄၅ ဒသမ ၂ ဒီဂရီဆဲလ်ဆီးယပ်အထိ စံချိန်တင် မြင့်တက်ခဲ့သလို ဧပြီ ၃ ရက်မှာလည်း ထူးခြားတဲ့ နေ့အပူချိန်အနေနဲ့ ၄၅ ဒီဂရီဆဲလ်ဆီးယပ်ရှိခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ညောင်ဦးမြို့နယ်မှာလည်း ၄၄ ဒီဂရီ ဆဲလ်ဆီးယပ်၊ မြင်းခြံ၊ မင်းဘူး၊ ဆင်ဖြူကျွန်းမြို့တွေမှာ ၄၃ ဒီဂရီ ဆဲလ်ဆီးယပ် နဲ့ ထူးခြားတဲ့ နေ့အပူချိန်တွေ ဖြစ်ခဲ့ပါတယ်။

မြင့်တက်နေတဲ့အပူချိန်ကို နည်းမျိုးစုံသုံးပြီး ကာကွယ်နေကြရ


အပြင်ထွက်ရင် ‌ထီး၊ ဦးထုတ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ဖို့ ညွှန်ကြားထားကြ

ကလေးဖခင်တစ်ယောက်ဖြစ်တဲ့ ချောက်မြို့နယ်က ကိုရေနံ့သာဒင်းဂါးဟာ အသက် ငါးလအရွယ် သားအတွက် အပူဒဏ်ခံနိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ကာကွယ်နေရပါတယ်။

“နေအရမ်းပူတော့ ကလေးက အီတယ်။ အဝတ်ပါးပါးလေးဝတ်ပြီး ချွေးထွက်လာတာနဲ့ သုတ်ပေး၊ အဝတ်လဲပေး ခဏခဏ လုပ်ပေးရတယ်။ ပြီးတော့ အိမ်အောက်က သစ်ပင်အရိပ်မှာပဲ နေကြတယ်။ ကျွန်တော်တို့ ချောက်က လေတိုက်တယ်၊ ခြံတွေကျယ်တယ်၊ သစ်ပင်အရိပ်ရှိတယ်ဆိုရင် အပူရှောင်လို့ အဆင်ပြေနေပါပြီ၊ ကျွန်တော်တို့လည်း အသားကျနေပြီ ပြောရမလားပဲ”လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ခြံနေရာမရှိသလောက်နဲ့ လေဝင်လေထွက်၊ အလင်းကောင်းကောင်းမရတဲ့ ရန်ကုန်မြို့က တိုက်ခန်းတွေကတော့ အပူဒဏ်အပြင် မီးပြတ်တဲ့ ဒဏ်တွေကိုပါ ထပ်ဆင့်ခံစားကြရပါတယ်။

လေးနာရီတစ်ကြိမ် မီးပေးပြီး လေးနာရီ မီးပြတ်မယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနတွေက ကြေညာထားပေမဲ့ လက်တွေ့မှာတော့ မီးပြတ်ချိန်သာမှန်ပြီး မီးလာချိန်တွေ လျော့နေတယ်လို့ ရန်ကုန်၊ မန္တလေး မြို့ပြတွေမှာ နေထိုင်သူတွေက ပြောပါတယ်။

“မီးက ကိုးနာရီလာမယ်၊ တစ်နာရီပြန်ပြတ်မယ့်မီးက ၁၀ နာရီမှလာပြီး ၁၂ နာရီမှာပြန်ပြတ်သွားတယ်။ ညဘက်တွေမီးတွေပြတ်တော့ လေအေးပေးစက်တွေလည်း ဖွင့်မရဘူး။ အဲ့တော့ အောက်ခံအဝတ်လောက်ပဲဝတ်ပြီး အိပ်ရတယ်။ ကျောနဲ့‌ဖျာနဲ့ ကပ်တာနဲ့ကို ပူတာ။ နေ့ဘက်ဆိုလည်း အခန်းတွေထဲမှာ လှောင်အိုက်နေလို့ လမ်းတွေကို ရေဖြန်းပြီး သစ်ပင်အောက်တွေမှာ နေကြရတယ်။” လို့ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။

တချို့ဆိုရင် အဝတ်ကို ရေစွတ်ပြီး ပြတင်းပေါက်တွေမှာ လှမ်းကြပါတယ်။ တချို့ကတော့ ကွင်းပြင်ကျယ်လို နေရာတွေက သစ်ပင်အောက်တွေမှာ အပူရှောင်ကြရပါတယ်။ သူတို့တွေအနားမှာတော့ ရေဘူးနဲ့ ရေခွက်တွေလည်း ရှိနေကြပါတယ်။

“နည်းနည်းလေး လှုပ်လိုက်တာနဲ့ ချွေးထွက်တော့ ရေများများသောက်ရတယ်၊ ရေနွေးရှိရင် ရေနွေးပေါ့၊ ရေနွေးတည်နေတုန်း မီးပျက်သွားတော့လည်း ရိုးရိုးရေပဲပေါ့။ ရေခဲရေတော့ မသောက်ရဲဘူး”လို့ သူကပြောပါတယ်။

မန္တလေးမြို့မှာဆိုရင်လည်း အပူချိန်မြင့်တက်လာတာကြောင့် လမ်းသွားလမ်းလာတွေ နည်းသွားကြတယ်လို့လည်း ပြောပါတယ်။

“အခုက အပူမီးတွေ များနေကြတယ်။ ဆိုင်ကယ်နဲ့ ဈေးရောင်းတဲ့သူကလည်း နေပူတာရော၊ ဆီဖိုးမတတ်နိုင်တာကြောင့်ရော ဈေးလိုက်ရောင်းတာ မတွေ့တော့ဘူး။ တချို့ကျတော့လည်း ဝမ်းစာရေး အတွက် နေပူဒဏ်ကို ကျောပေးပြီး သွားလာနေကြသူတွေလည်း ရှိတာပေါ့ ”လို့ မန္တလေးမြို့က ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းခင် နှစ်တွေက မန္တလေးမြို့နယ်အတွင်းမှာ ရေရှားပါးတဲ့ ကျေးရွာတွေကို ရေလိုက်လှူပေးတာတွေ လုပ်ပေးနိုင်ခဲ့ပေမဲ့ အခုချိန်မှာတော့ မလုပ်နိုင်တော့ဘူးလို့လည်း ပရဟိတလုပ်ကိုင်ခဲ့ဖူးသူ အဲ့ဒီအမျိုးသားက ပြောပါတယ်။

“ရေလှူတယ်ဆိုတာကလည်း အလှူရှင်တွေက လှူတာတွေကို တဆင့်ပြန်လှူရတာကိုး၊ အခုက ဆီဖိုးကလည်း ဈေးကြီး၊ ခေတ်ကာလ အခြေအနေအရက သွားရလာရတာလည်း အန္တရာယ်မကင်းကြတော့ အခါတိုင်း ရေလိုလို့ အကူညီတောင်းခဲ့ကြသူတွေဆီတောင် မဆက်သွယ်ရဲဘူး။ တောင်မင်း မြောက်မင်းမကယ်နိုင်တွေဖြစ်နေတာလေ ” လို့ သူက ပြောပါတယ်။

ပူပြင်းတဲ့ကာလမှာ ဘာတွေသတိထားဖို့ လိုမလဲ

ချောက်မြို့နယ်က ရေကုသိုလ်

အပူချိန်မြင့်တက်နေတဲ့ အချိန် အပြင်နေပူထဲကနေ ပြန်လာလာချင်း ရေချိုးတာ၊ အအေးခန်းထဲကို တန်းဝင်လိုက်တာတွေဟာ သွေးကြောတွေကို ကျုံ့စေပြီး အဲ့ဒီကနေတဆင့် သွေးဖိအား ရုတ်တရက်တက်သွားနိုင်တာကြောင့် သွေးတိုးအခံရှိတဲ့သူတွေဖြစ်ဖြစ်၊ မရှိတဲ့သူပဲဖြစ်ဖြစ် ဦးနှောက်သွေးကြောပေါက်တတ်တာ၊ လေဖြတ်တာတွေ ဖြစ်သွားနိုင်တယ် လို့ အထွေထွေရောဂါကု ဆရာဝန်ကြီးတွေက ပြောကြပါတယ်။

အပူချိန်တွေ ဆက်တိုက်မြင့်လာနိုင်တာကြောင့် အပူကြောင့် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အပူရှပ်တာ၊ အပူကြောင့် လေဖြတ်တာ၊ အပူကြောင့် သွေးလန့်တာနဲ့ အပူကြောင့် ကြွက်တက်တာတွေဖြစ်နိုင်တယ်လို့လည်း သတိပေးထားကြပါတယ်။

အထူးသဖြင့် မွေးကင်းစကလေးငယ်နဲ့ အသက် ၆၀ နှစ်အထက် ၊ နာတာရှည်ရောဂါရှိသူတွေအတွက်လည်း အရမ်းဂရုစိုက်ရမယ့်ကာလဖြစ်တယ်လို့လည်း ပြောကြပါတယ်။

ဒ့ါကြောင့် ကိုယ်နေထိုင်တဲ့ နေရာကို အပူချိန် မျှတအောင်ထားတာ၊ ပြတင်းပေါက်တွေမှာ နေကာ၊ ခန်းဆီးတွေ တပ်ဆင်ထားတာ၊ အခန်းထဲမှာ လေအေးအောင် အဝတ်ရေစွတ်ပြီး ကာထားတာနဲ့ အရည်များများ သောက်သုံးသင့်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အပူချိန်မြင့်တက်မှုဟာ ဒီနှစ် ဩဂုတ် လအထိ ဆက်ဖြစ်နေဦးမှာဖြစ်တယ်လို့ မိုးဇလ လေ့လာသူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။

အခုလို ပူပြင်းလှတဲ့ အပူချိန်တွေကြားမှာ မဖြစ်မနေ လှုပ်ရှားသွားနေရင်း ဒီနွေကို ကျန်းကျန်းမာမာနဲ့ ကောင်းကောင်း ကျော်ဖြတ်နိုင်ပါ့မလား တွေးပူကာ နွေအစမှာတင် နွေကို မြန်မြန်ကုန်ဖို့သာ ဒေါ်ကြည်ကြည်အေး မျှော်လင့်နေပါတော့တယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။