ဘဏ်စာရေးရဲ့ ကူညီမှုကြောင့် ဒေါ်လာသန်းချီ အလိမ်ခံရမယ့်ဘေးမှ လွတ်မြောက်ခဲ့သူ

International News
ဘဏ်စာရေးရဲ့ ကူညီမှုကြောင့် ဒေါ်လာသန်းချီ အလိမ်ခံရမယ့်ဘေးမှ လွတ်မြောက်ခဲ့သူ

သြစတြေးလျ ဘဏ်စာရေးတစ်ဦးဟာ အမျိုးသမီးကြီးတစ်ဦးကို ဒေါ်လာသန်းချီ ဆုံးရှုံးနစ်နာရမယ့် အင်တာနက်ငွေလိမ်ဂိုဏ်းရန်ကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ငွေအသွင်းအထုတ်တွေမှာ ထူးခြားတယ်လို့ထင်ရင် Customer ကို မေးခွန်းထုတ်ကြဖို့ Westpac Bank က သူ့ရဲ့ဝန်ထမ်းတွေကို သင်ကြားပေးထားတာပါ။

ဒါကြောင့် အသက် ၇၀ ဝန်းကျင် အမျိုးသမီးကြီးတစ်ဦးက အိမ်ရောင်းတော့မှာဖြစ်လို့ အိမ်အာမခံ ပြန်ထုတ်တော့မယ်ဆိုပြီး ပြောချိန်မှာ ဘဏ်စာရေး ကာဘောစကီးက သူ့ကို အကျိုးအကြောင်း မေးမြန်းဖြစ်ခဲ့တာပါ။ အစောပိုင်းမှာ အမျိုးသမီးကြီးက သားဖြစ်သူကို အကူအညီပေးဖို့လို့ ဆိုခဲ့ပေမဲ့ ကာဘောစကီးက အခန်းထဲခေါ်ပြီး နှစ်ကိုယ်ကြားသီးသန့် စကားပြောကြည့်ချိန်မှာတော့ ပြည်ပမှာ ထောင်ကျနေတဲ့ သူ့ချစ်သူကို ထောင်ကလွတ်အောင် ကူညီပေးဖို့ အိမ်ရောင်းမယ့်အကြောင်း သိခဲ့ရပါတယ်။

” သူ့ဘဝရဲ့ အကြီးမားဆုံး ငွေကြေးဆုံးရှုံးမှုကြုံရတော့မလို့ သီသီလေးပါပဲ။ သူ့ချစ်သူနဲ့ အခုနောက်ဆုံးကော်ဖီထွက်သောက်တာ ဘယ်တုန်းကလဲလို့ မေးလိုက်တော့ တစ်ခါမှတောင် မဆုံဖူးဘူး။ အင်တာနက်မှာပဲ သိတာလို့ သူ ပြန်ပြောတယ်” လို့ ကာဘောစကီးက ဆိုပါတယ်။ ကာဘောစကီးရဲ့အဖေကလည်း အွန်လိုင်းငွေလိမ်ဂိုဏ်းကြောင့် ငွေကြေးအများအပြား ဆုံးရှုံးထားတာ သိပ်မကြာသေးပါဘူး။

ဒီတော့ ကာဘောစကီးက အမျိုးသမီးကြီးရဲ့အွန်လိုင်းချစ်သူ ဓာတ်ပုံကို တောင်းပြီး ဂူဂဲလ်ပေါ် ရှာဖွေကြည့်တဲ့အခါ အဲဒီလူရဲ့ဓာတ်ပုံတွေကို နာမည်အမျိုးမျိုးနဲ့ တွေ့လိုက်ရပါတယ်။ အမျိုးသမီးကြီးလည်း သူ အလိမ်ခံနေရပြီဆိုတာ သိလိုက်လို့ ကာဘောစကီးကို ဖက်ပြီး ငိုခဲ့ပါတယ်။ တကယ်လို့ ကာဘောစကီးသာ ဝင်ပြီး မကူညီဘူးဆိုရင် အမျိုးသမီးကြီးက အိမ်ရောင်းပြီး အဲဒီငွေတွေကို အွန်လိုင်းငွေလိမ်ဂိုဏ်းထံ လွှဲမိတော့မှာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။